News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ညီထွဋ်ခေါင်နှင့် တွေ့ဆုံခြင်း
25-Jun-2018

“CRV Series ကို သဘောကျတာလည်းပါတယ်”

ဒီတစ်ပတ်ရဲ့ Celeberities’ Choice ကဏ္ဍမှာတော့ သရုပ်ဆောင် ညီထွဋ်ခေါင်နဲ့ တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

Voice : လက်ရှိစီးနေတဲ့ ကားအကြောင်းလေး ပြောပြပေးပါ။
NHK : ကျွန်တော် လက်ရှိစီးနေတဲ့ ကားအမျိုးအစားက Honda CRV 2007 ပါ။

Voice : ဝယ်ထားတာရော ကြာပြီလား။
NHK : ဝယ်ထားတာတော့ ၂ နှစ်ကျော်သွားပြီ။

Voice : ဒီကားရဲ့ အားသာချက်တွေကရော ဘာတွေရှိလဲ။
NHK : ဒီကားရဲ့အားသာချက်က ကျွန်တော်က စစီးကတည်းက CRV ပဲ စစီးဖူးတာဆိုတော့ CRV ကို ကြိုက်တယ်။ နောက် အားသာချက်ကတော့ ခရီးဝေးတွေသွားတဲ့အခါမှာ ဒါနဲ့အဆင်ပြေတယ်။ ပစ္စည်းလည်း များများထည့်လို့ရတယ်။ ပြီးတော့ မြို့တွင်းစီးရတာလည်း အဆင်ပြေတယ်။ ဘယ်လိုပြောရမလဲ၊ ကျွန်တော့်တစ်ယောက်တည်းအတွက်ဆိုရင်တော့ အဆင်ပြေပါတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်း CRV Series ကို သဘောကျတာလည်းပါတယ်။

Voice : တခြားကားအမျိုးအစားတွေ အများကြီးရှိတဲ့အထဲကမှ CRV Series ကိုပဲ ဘာလို့သဘောကျပြီး ရွေးချယ်ဖြစ်သွားတာလဲ။
NHK : ဒါကလေ ကျွန်တော် စပြီးစီးကတည်းက CRV ပဲ စီးလာတဲ့အခါကျတော့ CRV ကို ကြိုက်သွားတာလည်းပါတယ်။ နောက်စီးတော့လည်း CRV ပဲ စီးမယ်ပေါ့။ နောက်ပြီးတော့ CRV ထဲက ပုံပြောင်းလေးတွေက ကြိုပြီးသိရတဲ့ပုံလေးတွေက ကျွန်တော်ကြိုက်တဲ့ ဒီဇိုင်းလေးတွေပဲ ဖြစ်နေတာ။ ပြီးတော့ သိပ်လည်းဒုက္ခမပေးဘူး။ ဒါကြောင့် ကျွန်တော်ကြိုက်တာ။ တခြားအမျိုးအစားတွေ မရွေးချယ်ဖြစ်ဘူးဆိုတာကလည်း ကျွန်တော့်ဘတ်ဂျက်နဲ့နိုင်တဲ့ကားကလည်း ဒါပဲရှိတာ။ နောက် သူက ကားပုံစံလေးကလည်း လှတယ်။ နည်းနည်းအဟန့်လည်းကောင်းတယ်လေ။ ရှိတဲ့ငွေနဲ့လည်း အတော်ပဲ။

Voice : စစီးကတည်းက CRV ပဲ စီးလာတာဆိုတော့ CRV အမျိုးအစား ဘယ်နှမျိုးလောက် စီးဖူးသွားပြီလဲ။
NHK : ကျွန်တော် ၂ စီးပဲ စီးရပါသေးတယ်။ အရင်က ၂၀၀၆ ရယ် အခု၂၀၀၇ ရယ်။ ကျွန်တော်က ကားကို ခဏခဏ လဲလေ့လဲထမရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က သံယောဇဉ်ဖြစ်လွယ်တာ။ ကားကို သံယောဇဉ်ဖြစ်တာ ကိုယ့်ကိုလည်း ဒုက္ခမပေးဘူး။ သွားရလာရလည်း အဆင်ပြေတယ်။ ကျွန်တော်စီးတဲ့ကားတိုင်းကို ကျွန်တော်ကချစ်တယ်။ သံယောဇဉ်ဖြစ်တယ်။ ပြီးတော့ ခရီးဝေးတွေဘာတွေ သွားလို့ရှိရင် သူက ကိုယ့်အတွက် အများကြီးအလုပ်လုပ်ပေးတာလေ။ ကိုယ်ကလည်း သူ့ကိုအားကိုးပြီး သွားနေရတာဆိုတော့ ကားအရမ်းပင်ပန်းနေပြီဆိုရင် သူ့ကိုစကားလေးဘာလေး ပြောပေးရတယ်။ ဒုက္ခမပေးနဲ့နော်။ ရန်ကုန်ရောက်ရင် အလှတွေပြင်ပေးမယ်ဘာညာပေါ့။ ကျွန်တော်က ကားကိုစကားလေးဘာလေးပြော ပေးရသေးတယ်။ ကျွန်တော်က လူမပြောနဲ့၊ ကားတောင် သံယောဇဉ်ဖြစ်တယ်။

Voice : ကားကျတော့ရော ကိုယ်တိုင်ပဲ မောင်းတာလား။
NHK : ကျွန်တော်ကိုယ်တိုင်ပဲ မောင်းတာပါ။ တခြားသူမောင်းရင် ကျွန်တော်မစီးတတ်ဘူး။ 

Voice : သရုပ်ဆောင်တစ်ယောက်အနေနဲ့ရော ဒီကားက ဘယ်လောက်အထိ အရေးပါလဲ။
NHK : ဟာ ဒီကားမရှိရင် မရဘူး။ ကျွန်တော့်ခြေထောက်ပြတ်သွားမှာဆိုတော့။ ဒီကားက ပြင်နေလို့ တခြားကားတစ်စီးကို ခဏပြောင်းစီးရင်တောင် ကိုယ်စီးနေကျကားမဟုတ်တဲ့အတွက် စိတ်ထဲမှာ အဆင်မပြေဘူး။ အခန်းကျဉ်းနေတာတို့၊ ပစ္စည်းမဆံ့တာမျိုးတွေက ရှိတယ်လေ။ ကိုယ်စီးနေကျ ကားလေးကပဲ ကိုယ့်အတွက် အဆင်အပြေဆုံးလို့ မြင်ပါတယ်။
 
ခိုင်ချယ်ရီထွန်း