News

POST TYPE

AUTOMOBILE

YBS နှင့် ယာဉ်စီးနင်းခ ပြေစာ
18-Jun-2018 tagged as

“ငွေပြေစာထုတ်စက်က တရုတ်နိုင်ငံထုတ် အမျိုးအစားပါ”
ကိုတရုတ်လေး (Power Eleven ကုမ္ပဏီ ဒါရိုက်တာ)

ရန်ကုန်မြို့အတွင်း ခရီးသွားပြည်သူများကို ဝန်ဆောင်မှုပေးတဲ့အနေနဲ့ ခရီးစဉ်အပိုင်းလိုက် ယာဉ်စီးခ ကျသင့်ငွေပြေစာ ထုတ်ပေးတဲ့စက်ကို ကျွန်တော်တို့ယာဉ် လိုင်း YBS ၂၁ ယာဉ်လိုင်းမှာ စမ်းသပ်တပ်ဆင်ထားပါတယ်။ ယာဉ်မောင်းက ခရီးသည် တက်လာရင် စက်ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့ ပြေစာထွက်လာမှာပါ။ အဲဒီပြေစာကို ခရီးသည်က ကိုင်ထားရမယ်။ ပြေစာရဲ့သဘောက ကားခထည့်ပြီးကြောင်း ပြတဲ့သဘောတရား ဖြစ်ပါတယ်။ ခရီးသည်တွေအနေနဲ့ ယာဉ်ပေါ်တက်တက်ချင်း မှတ်တိုင်ကိုသိရှိရန် GPS နဲ့ ချိတ်ဆက်ထားတာဖြစ်တယ်။ နောက်ပြီး စတက်တဲ့မှတ်တိုင် အမည်နဲ့ ပြေးစာထွက်လာမှာပါ။ ဒီ အခုတပ်ဆင်ထားတဲ့ ငွေပြေစာထုတ်စက်က တရုတ်နိုင်ငံထုတ် အမျိုးအစားပါ။ ကျွန်တော်တို့ ကုမ္ပဏီလက်အောက်မှာ ပြေးဆွဲတဲ့ယာဉ်တွေမှာ တပ်ဆင်ဖို့ ဆောင်ရွက်နေဆဲဖြစ်ပြီး လက်ရှိမှာ စမ်းသပ်ကာလ ဖြစ်ပါတယ်။ ယာဉ်လိုင်း ကုမ္ပဏီအနေနဲ့လည်း ခရီးသည်တွေ အတက်များလို့ လက်မှတ်ယူချိန် တစ်စောင်နဲ့တစ်စောင် အခက်အခဲမရှိ အလျဉ်မီအောင် စီစဉ်ထားတာဖြစ်ပြီး လက်မှတ်ပြေစာ ယူချိန်မှာ ခရီးသည်တွေ ရှေ့ပေါက်မှာ ပိတ်မနေဘူးလို့လည်း သိရပါတယ်။

“ကုမ္ပဏီဘက်က ကြည့်ရင်တော့ အလေအလွင့် မရှိတော့ဘူးပေါ့”
ကိုကျော်သူစိုး (ခရီးသည်)

အခုစမ်းသပ်ထားတဲ့ စက္ကူဖြတ်ပိုင်းနဲ့ ငွေကောက်ခံတဲ့စနစ်ရဲ့ အားနည်းချက်ကတော့ စလစ်ကို စောင့်နေရတဲ့အတွက် အတက်အဆင်းမှာ ကြာမယ်၊ အချိန်ယူရမယ်။ အကြွေမပါရင်လည်း ဒုက္ခရောက်တယ်။ ခရီးသည်ဘက်က ကြည့်ရင် အလုပ်ရှုပ်တယ်။ ကုမ္ပဏီဘက်က ကြည့်ရင်တော့ အလေအလွင့် မရှိတော့ဘူးပေါ့။ စလစ်ဖြတ်မှာနဲ့ ပေးမှာနဲ့ ပြီးတော့ အဲဒီစလစ်တွေကို ကားစီးတဲ့သူက သိမ်းထားမှာ မဟုတ်ဘူး။ ဒါပေမဲ့ အရင်ကလို စပယ်ယာ တစ်ယောက်ထားပြီး စလစ်လိုက်ဖြတ်ခိုင်းရင်တော့ အချိန်ကုန်သက်သာတာပေါ့ဆိုပေမယ့် ဘာထူးမှာလဲ။ လက်ရှိကနေ ကတ်စနစ်ကို ပြောင်းနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်။ ကတ်စနစ်ကိုတော့ ကျွန်တော်တို့ ခရီးသည်တွေအနေနဲ့ မြန်မြန် အကောင်အထည်ဖော် ဆောင်ရွက်စေချင်ပါတယ်။

“ခရီးသည်တွေက စက္ကူလိုချင်မယ်လည်း မထင်ဘူး”
မမေဇင်ဝင်းနိုင် (ခရီးသည်)

စက္ကူက ပတ်ဝန်းကျင်ကိုလည်း အနှောင့်အယှက် ပေးမယ်၊ အမှိုက်ပွမယ် ထင်တာပဲ။ နောက်အမှိုက်ပုံးကိစ္စတို့ စီစဉ်ရဦးမယ်။ ပိုက်ဆံက နဂိုအတိုင်းပဲ ပုံးထဲထည့်နေရတာဆိုတော့ ခရီးသည်တွေက စက္ကူလိုချင်မယ်လည်း မထင်ဘူး။ ခရီးသည်တွေ ဘယ်လောက် ထည့်တယ်ဆိုတာ သိချင်တယ်၊ ငွေအတိအကျ မထည့်တာကြောင့် ဒီလိုလုပ်တာဆိုရင် စက်ဖိုးတွေ၊ စက္ကူလိပ်ဖိုးတွေ အကုန်ခံမယ့်အစား ကုမ္ပဏီတစ်ခုချင်းက ကိုယ့်အတွေးအတိုင်းမလုပ်ဘဲ စင်ကာပူက Land Transport Authority က လုပ်သလို YRTA က ကမကထပြုပြီး ကတ်စနစ်စလိုက်။ စက်တွေ စတပ်လိုက်။ ကားတိုင်းမှာ GPS လည်းပါနေတဲ့ အတူတူ တက်တဲ့မှတ်တိုင်ကနေ ကတ်စဖြတ်၊ ဆင်းခါနီးမှတ်တိုင်မှာ ကတ်တစ်ခါထပ် ဖြတ်၊ အဝင်ပေါက်ရော အထွက်ပေါက်ရောမှာ စက်တစ်လုံးစီ ထားပေးလိုက်။ နောင်ဖြစ်လာနိုင်ဖွယ်ရှိတဲ့ မိုးပျံရထားတို့၊ မြေအောက်ရထားတို့အတွက်ပါ အားလုံးသုံးလို့ရအောင် Public Transport တိုင်းမှာ သုံးလို့ရမယ့် All In One Card System နဲ့သွား။ ပလာဇာလို၊ ဆူးလေလို၊ စံပြဈေးလို မှတ်တိုင်အကြီးတွေမှာ ငွေဖြည့်ရတာ အဆင်ပြေလွယ်ကူအောင် လုပ်ပေးထားလိုက်။ စက္ကူလိပ်တွေလည်း မကုန်တော့ဘူး။ ခရီးသည်တွေက ကိုယ့်ကတ်လေးကိုယ်ကိုင်၊ ကိုယ့်ဘာသာကတ်ဖြတ်၊ တက် တစ်ခါ ဆင်းတစ်ခါ ဘယ်လောက် အဆင်ပြေ လွယ်ကူလိုက်လဲ။

ခိုင်ချယ်ရီထွန်း

  • TAGS