News

POST TYPE

AUTOMOBILE

တေးသံရှင် ဘီလီလမင်းအေးနှင့် တွေ့ဆုံခြင်း
18-Jun-2018



“ရန်ကုန်လို အနေအထားမျိုးနဲ့ကျ ကားအသေးလေးရွေးဖြစ်သွားတာ”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ Myanmar Idol Season (2) 2017 ရဲ့ First Runner-up  တစ်ဦးဖြစ်ပြီး လက်ရှိမှာ အရှုံးမပေးတဲ့ဝိညာဉ်တေးအယ်လ်ဘမ်ထုတ်ထားတဲ့ ဘီလီလမင်းအေးနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်းလေး မေးမြန်းဖြစ်ခဲ့ပါတယ်။

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
BLMA : ဖူးက အခုလက်ရှိ Vitz လေး စီးနေပါတယ်။ 

Voice : ဒီကားလေးကို ဘာကြောင့်ရွေးဝယ်ဖြစ်သွားတာလဲ။
BLMA : သူက ရန်ကုန်မှာကျတော့ ကားသေးသေးလေးက အဆင်ပြေတယ်။ ပြီးတော့ သွားတာလာတာကအစ ကျစ်ကျစ်လျစ်လျစ်နဲ့ အဆင်ပြေတယ်။ နောက်မိသားစုကလည်း လေးယောက်ပဲ ရှိတာဆိုတော့ ကားသေးသေးလေးပဲ ရွေးဖြစ်သွားတာ။

Voice : ဒီကားရဲ့ ကောင်းတဲ့အချက်လေးတွေလည်း ပြောပြပေးပါဦး။ 
BLMA : အားသာချက်ကျ အခု ဖူးတို့က ရန်ကုန်ကိုပြောင်းလာတဲ့အတွက် နယ်လည်းမဟုတ်ဘူး။ Traffic လည်းကျပ်တယ်။ ပြီးတော့ ပါကင်လည်း ခက်တယ်ပေါ့နော်။ ကားသေးတဲ့အခါကျတော့ ပါကင်လည်းလွယ်တယ်။ ပြီးတော့ တစ်နေရာနဲ့ တစ်နေရာသွားရတဲ့အခါတွေမှာလည်း ဓာတ်ဆီစားတာလည်း သက်သာတယ်။ ဒီကားလေးက သေးလည်းသေးတယ်။ ကျစ်ကျစ်လျစ်လျစ်လေးနဲ့ ဆီစားလည်း သက်သာတယ်ဆိုတော့ မိသားစုလေးယောက်လည်း ကောင်းကောင်းဆံ့တယ်။ 

Voice : ဒီလိုဆို ဖူးဖူးက ကားသေးသေးလေးတွေ သဘောကျတာလား။ ကားအကြီး အမျိုးအစားတွေ သဘောကျတာလား။ 
BLMA : ဖူးဖူးက ကားကြီးတာကို သဘောကျတယ်။ ပြီးတော့ LUXURY ကားမျိုးကိုပိုပြီးသဘောကျတယ်။ Alphard တို့ ဘာတို့ဆိုလည်း ခရီးသွားရတာ အဆင်ပြေတယ်။ ဒါပေမဲ့ အခြေအနေ အချိန်အခါကိုကြည့်ပြီးတော့ ရန်ကုန်လိုအနေအထားမျိုးနဲ့ကျ ကားအသေးလေး ရွေးဖြစ်သွားတာ။ 

Voice : အခု ကားမောင်းတော့ရော ဖူးကိုယ်တိုင်ပဲ မောင်းတာလား။
BLMA : အင်း၊ အဖေလိုက်မောင်းပေးတယ်။ ဖူးသွားချင်တဲ့နေရာတွေ သူလိုက်ပို့တယ်။ ပြီးတော့ အခုလိုပွဲတွေလာလို့ရှိရင်လည်း အဖေကိုယ်တိုင်ပဲ လိုက်မောင်းပေးတယ်။ ဖူးဖူးကတော့ ကားမမောင်းတတ်သေးဘူး အခုထိ။

Voice : ကိုယ်တိုင်ရော မောင်းဖို့အစီအစဉ်ရှိလား။
BLMA : အင်း၊ အရေးပေါ်အခြေအနေတွေမှာ မောင်းတတ်အောင်တော့ သင်ရမှာပေါ့နော်။ အခုလောလောဆယ်တော့ ကားမောင်းသင်ဖို့ အချိန်ကလည်း မရှိသေးတာကြောင့် မသင်ဖြစ်သေးတာ။

Voice : ကားမှာ အလှဆင်တာလေးတွေရော သဘောကျလား။
BLMA : ကားအလှဆင်ရတာထက်ဖူးဖူးက ရှင်းရှင်းလေးပိုကြိုက်တယ်။ ပြီးတော့ ကားရဲ့သွင်ပြင်လေးက ရှင်းနေတာလေး ပိုကြိုက်တယ်။ ရှုပ်ရှုပ်ပွပွ ကြီးဆင်ထားရတာထက်စာရင် ရှင်းနေတာလေး ပိုကြိုက်တယ်။ ဒါပေမဲ့ မိုးတွင်းဆိုရင်တော့ အောက်မှာ အခင်းခင်းတာလောက်တော့ လုပ်ဖြစ်တယ်။

ခိုင်ချယ်ရီထွန်း