News

POST TYPE

AUTOMOBILE

မိုးတွင်းမှာ သတိထားရမယ့် အန္တရာယ်တွေ
18-Jun-2018 tagged as



ပြီးခဲ့တဲ့တစ်ပတ်ကျော်ကတော့ မိုးတွင်းမှာကားပိုင်ရှင်တွေနဲ့ ကားမောင်းသူတွေကြိုတင် ပြင်ဆင်ရမယ့်အရာတွေအကြောင်းကို တင်ဆက်ပေးခဲ့ပါတယ်။ အခုအပတ်မှာတော့ မိုးတွင်းမှာ သတိထားရမယ့် အန္တရာယ်တွေအကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ မိုးတွင်းမှာ တွေ့တတ်တဲ့ အန္တရာယ်တွေကတော့ ရေဝပ်နေတဲ့လမ်းတွေ၊ မိုးအရမ်းကြီးလို့ ရပ်ထားတဲ့ကားတွေ ရေမြုပ်တာတွေကို ကြုံတွေ့ရနိုင်တဲ့အပြင် မြန်မာနိုင်ငံက လမ်းတွေက မိုးတွင်းဆို လမ်းဆိုးတတ်တာဖြစ်တဲ့အတွက် ဘယ်လိုရှောင်မောင်းရမလဲဆိုတာတွေကိုပါ တင်ဆက်ပေးလိုက်ပါတယ်။

လမ်းဆိုးရန်က ဘယ်လိုရှောင်မောင်းမလဲ

မိုးရွာရင် လမ်းတွေပျက်ပြီး အပေါက်တွေဖြစ်တတ်ပါတယ်။ မိုးအရမ်းရွာတော့ ရေဝပ်ပြီးလမ်းမှာ အပေါက်ရှိမှန်းမသိဘဲ မောင်းမိရင်ကားကိုထိခိုက်နိုင်တာပေါ့။ 

ဒီတော့ မိုးရွာပြီး ရေဝပ်နေရင် -

၁။ ဖြည်းဖြည်းမောင်းပါ။ ကားဖြည်းဖြည်းမောင်းလို့ဖြစ်တဲ့ ယာဉ်မတော်တဆမှုဆိုတာ အရမ်းရှားပါတယ်။ ဖြည်းဖြည်းမောင်းတော့ ချိုင့်ထဲဝင်သွားလည်း ကားသိပ်မနာတော့ဘူးပေါ့။ ချိုင့်တွေပေါတဲ့လမ်းမှာ ရှေ့ကကားတွေက ဖြည်းဖြည်းလေးမောင်းနေလို့လည်း စိတ်မရှည်ဘဲ မြန်မြန်မမောင်းမိပါစေနဲ့။ စိတ်ကိုရှည်ရှည်ထားပြီး ကိုယ်လည်းဖြည်းဖြည်းလိုက်မောင်းပါ။ မဟုတ်ရင်တော့ ကိုယ့်ကားပျက်စီးတာပဲ အဖတ်တင်ပါလိမ့်မယ်။ အချိန်ကတော့ သူများထက်စောပြီး ရောက်လည်း မိနစ်ပိုင်းပါပဲ။

၂။ နောက်တစ်ခုက တာယာကို သတ်မှတ်ထားတဲ့ လေပေါင်အပြည့်ထိုးပါ။ ကားပေါ်မူတည်ပြီး တာယာလေပေါင်ကွာခြားတယ်။ ဒီတော့ ကားတံခါးဘောင် ဘေးကအကွက်ကလေးမှာ မိမိကားအတွက် ထိုးရမယ့် တာယာလေပေါင်ကို ရှာထိုးပါ။ ကားဝပ်ရှော့ဆရာတွေကတော့ မိမိကားအတွက် သင့်တော်မယ့် တာယာလေပေါင်ကို အကြံပေးနိုင်မှာပါ။

၃။ အလိုင်းမင်းချိန်ပါ။ ချိုင့်တွေထဲ မောင်းမိသွားပြီဆိုရင် အလိုင်းမင်းပြန်ချိန်ပေးပါ။ 

နောက်ထပ် သတိထားရမယ့်အချက်ကတော့ အခုဆို မကွေးနဲ့ မော်လမြိုင်မြို့တွေအပြင် တခြားနယ်မြို့တော်တော်များများမှာ မိုးတွေဆက်တိုက်ရွာလို့ ကားတွေရေနစ်မြုပ်နေရတာတွေကို တွေ့လာရပြီဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကားရေမြုပ်ပြီဆိုရင် ဘာတွေလုပ်ဆောင်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ကားရေမြုပ်သွားရင် လုပ်ဆောင်ရမယ့်အချက် ခြောက်ချက်

မိမိကားကို ပါကင်ထိုးထားပြီး တစ်နေရာရာကိုသွားနေချိန် မိုးရွာပြီး လမ်းရေကြီးလို့ ကားရေမြုပ်သွားရင် ဘာဆက်လုပ်မလဲ။ မိုးရေထဲ ကားမောင်းနေရင်းနဲ့ မထင်မှတ်ဘဲ ကားစက်ရပ်သွားရင် ဘယ်လိုဆက်လုပ်မလဲ။ လမ်းကျပ်နေလို့ ကားကို စက်နှိုးပြီးရပ်ထားတုန်း လမ်းပေါ်ရေတွေတက်ပြီး ရုတ်တရက်ရေကြီးလာရင် ဘယ်လိုလုပ်မလဲ။

၁။ မိမိကား ဘယ်လောက်ထိရေမြုပ်နေသလဲ ဆိုတာကို စစ်ဆေးပါ။ တကယ်လို့များ ကားတံခါး အောက်ခြေထက်မပိုဘဲ ရေမြုပ်နေတယ်ဆိုရင်တော့ နံပါတ် ၄ ကိုသွားပါ။ တကယ်လို့ ကားရှေ့ဘောနက်ဖုံးထိ ရေမြုပ်နေရင်တော့ ရေကျသွားတဲ့အထိ ခဏစောင့်ပါ။ ပြီးရင် လေစစ်ကို စစ်ဆေးပါ။ လေစစ်မှာ ရေစိုနေရင်တော့ နီးစပ်ရာ ကားဝပ်ရှော့ဆီ ကားကိုဆွဲသွားပါ။

၂။ ကားစက်နှိုးဖို့ မကြိုးစားပါနဲ့။ မတော်တဆ ကားအင်ဂျင်ထဲ ရေဝင်နေရင် မိမိက ကားစက်နှိုးလိုက်တဲ့အခါ ပြုပြင်လို့မရလောက်အောင် ကားအင်ဂျင်ပျက်စီးသွားပါလိမ့်မယ်။ အောက်ပါအချက်တွေကို စစ်ဆေးပြီး အဆင်ပြေတယ်ဆိုမှ စက်နှိုးဖို့စဉ်းစားပါ။ အကောင်းဆုံးကတော့ ကျွမ်းကျင်စက်ပြင်တစ်ယောက်ယောက်ကိုခေါ်ပြီး စစ်ဆေးခိုင်းပါ။

၃။ အင်ဂျင်ဝိုင်ကို စစ်ဆေးပါ။ အင်ဂျင်ဝိုင်တိုင်းတဲ့တုတ်တံမှာ ရေစက်တွေတွေ့နေရင် (သို့မဟုတ်) အင်ဂျင်ဝိုင်ပမာဏများလာရင် ဒါဟာ အင်ဂျင်ဝိုင်ခွက်ထဲ ရေဝင်တဲ့လက္ခဏာပါ။ လုံးဝ လုံးဝ စက်မနှိုးပါနဲ့။ နီးစပ်ရာ ကားဝပ်ရှော့ဆီ ကားကိုဆွဲသွားပြီး အင်ဂျင်ဝိုင်တွေ အကုန်ဖောက်ထုတ်ပါ။ ပြီးရင် အင်ဂျင်ဝိုင် ခွက်၊ ပလတ်စတာတွေကို သန့်ရှင်းပြီး အင်ဂျင်ထဲမှာ ရေမကျန်အောင် လုပ်ရပါမယ်။

၎။ ဂီယာဝိုင်ကို စစ်ဆေးပါ။ အင်ဂျင်ဝိုင်ကို စစ်ဆေးသလိုပဲ ဂီယာဝိုင်တိုင်းတဲ့တုတ်တံကို ရေရှိမရှိ စစ်ဆေးပါ။ တချို့ဂီယာဘောက်စ်တွေမှာ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံမထည့်ထားဘူး။ တကယ်လို့များ မိမိကားက အဲလို ဂီယာဘောက်စ်ပါရင် လုံးဝလုံးဝ ဂီယာထိုးခြင်း၊ စက်နှိုးခြင်း မလုပ်ဘဲ နီးစပ်ရာကားဝပ်ရှော့ကို ကားဆွဲသွားလိုက်ပါ။

၅။ စတီယာရင်ကို စစ်ဆေးပါ။ EPS (Electronic Power Steering) ပါတဲ့ ကားတွေပြဿနာအဖြစ်များပါတယ်။ လျှပ်စစ်မော်တာသုံးပြီး ပါဝါစတီယာရင် ဖြစ်အောင်လုပ်ထားတဲ့အတွက် စတီယာရင်အုံ (အရပ်ခေါ် စတီယာရင်ဂန်း) ရေဝပ်ရင်ပျက်ပါတယ်။ ရိုးရိုး ဟိုက်ဒရောလစ်ဆီသုံးတဲ့ ပါဝါစတီယာရင်ဆိုရင်လည်း စတီယာရင်ဂန်းထဲ ရေစိမ့်သွားရင် အထဲကဗား (Valve) တွေ ပျက်စီးတတ်ပါတယ်။ ဒါကြောင့် မိမိကားစတီယာရင်လေးလာရင် မပေါ့ပါနဲ့။

၆။ လျှပ်စစ်စနစ်ကို စစ်ဆေးပါ။ ကားမောင်းသူတစ်ယောက်အနေနဲ့ လျှပ်စစ်ပစ္စည်းတွေအကြောင်း အသေးစိတ် မသိနိုင်ဘူး။ ဒါပေမဲ့ ကြိုးပြတ်တာတွေ၊ ကြိုးလွတ်နေတာတွေ ရှိမရှိကိုတော့ စစ်ဆေးရမယ်။ ရှေ့မီးကြီး၊ ကားအဲ့ယားကွန်း၊ တံခါးချက်၊ အတွင်းခန်း မီးစတာတွေကို စစ်ဆေးပါ။ တစ်ခုခု မသင်္ကာရင် ပြနေကျ ကားဝပ်ရှော့ကို သွားပြီးစစ်ဆေးခိုင်းပါ။

ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အောက်ပါအချက်တွေကို ပြုလုပ်ပါ။

- မိမိပြနေကျ ကားဝပ်ရှော့ရဲ့ ဖုန်းနံပါတ်ကို မိမိ လက်ကိုင်ဖုန်းနဲ့ ကားထဲမှာ မှတ်ထားပါ။

- အခုဖော်ပြထားတဲ့ Infographic (အချက် ၆ ချက်) အသေးစားကို ကားထဲမှာဖြစ်စေ၊ လက်ကိုင်ဖုန်းထဲမှာဖြစ်စေ မှတ်သားထားပါ။

- ကားဆွဲတဲ့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖုန်းနံပါတ်တွေကို မှတ်သားထားပါ။

- ဖြစ်နိုင်မယ်ဆိုရင် မိမိသွားမယ့်နေရာရဲ့ အခြေအနေကို ကြိုတင်စုံစမ်းပါ။ အခုဆို ရေဒီယိုကနေ တစ်ခါတလေ ယာဉ်ကြောအခြေအနေတွေ ဖော်ပြပေးတတ်ပါတယ်။

ကားရေမြုပ်သွားရင် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေက မနည်းဘူး။ ကားဘေးတံခါးအောက်ခြေလောက်အထိ မြုပ်သွားရင်တောင် အန္တရာယ်များတယ်။ ပြန်လည် ပြုပြင်ရတဲ့ စရိတ်၊ ဝပ်ရှော့ထိုးထားရတဲ့ အချိန်စတဲ့ ဆုံးရှုံးမှုတွေက တော်တော်လေးကြီးမားတယ်။ ဒါကြောင့် ကားအသုံးပြုသူတွေအနေနဲ့ မလိုအပ်ဘဲ ကားကိုရေထဲဖြတ်မမောင်းပါနဲ့။ ရေကြီးလေ့ကြီးထရှိတဲ့ လမ်းပေါ်မှာ မိုးရွာနေစဉ် ကားရပ်မထားခဲ့ပါနဲ့။

မိုးတွင်းမှာ ဘာတွေကို ဂရုစိုက်ရမလဲ

ဝိုက်ပါ (Wiper)

ဝိုက်ပါတွေဟာ မိုးတွင်းမှာ အလွန်ကို အသုံးတည့်တဲ့ပစ္စည်းပါ။ သို့ပေမယ့် တွေ့ကရာ ဈေးပေါပေါ ပစ္စည်းသုံးမိရင်တော့ မိမိကားရဲ့ ရှေ့လေကာမှန်ကို ထိခိုက်စေနိုင်တယ်နော်။

ဝိုက်ပါအရည်အသွေးမကောင်းရင်

၁။ ကားမှန်တွေရဲ့ ရေမပြောင်ဘူး။ ဘယ်လောက်ပဲ အသစ်ဖြစ်နေပါစေ အရည်အသွေးမကောင်းတဲ့ ဝိုက်ပါတွေက ရေပြောင်အောင် မသုတ်နိုင်ကြဘူး။ ဝိုက်ပါဆိုတာ ကားရဲ့ ရှေ့လေကာမှန်ပေါ်ကို ညီမျှစွာ ဖိထားဖို့ လိုအပ်တယ်။ ဒီလိုဖိထားနိုင်ဖို့ ဝိုက်ပါမှာ စပရင်ပါဖို့လိုတယ်။ အဖျား ၂ ဖက်ပဲ မျက်နှာပြင်ထိရင် (သို့မဟုတ်) အလယ်ပိုင်းပဲ မျက်နှာပြင်ထိရင် မှန်က ရေပြောင်မှာ မဟုတ်ဘူးနော်။

၂။ နားညည်းမယ်။ မှန်သားပေါ် ဝိုက်ပါရွေ့လျားတဲ့အခါ နားမညည်းအောင် ဝိုက်ပါရဲ့ ထိပ်သားတွေမှာ Graphite ပါဖို့လိုတယ်။ အရည်အသွေးညံ့ရင်တော့ နားညည်းပြီသာမှတ်တော့။ 

၃။ အစင်းထင်မယ်။ အဆိုးဝါးဆုံး ပြဿနာကတော့ အစင်းထင်ခြင်းပါ။ ဒါကြောင့် အရည်အသွေးကောင်းမွန်တဲ့ ဝိုက်ပါတွေကိုသာ လဲလှယ်အသုံးပြုပါလို့ အကြံပေးပါရစေ။

ဟိန်းမြတ်စိုး

  • TAGS