News

POST TYPE

AUTOMOBILE

လေဆိပ် - ဆူးလေ YBS
11-Jun-2018

“ယာဉ်စီးရေ ၅၀ နဲ့ စပြေးမယ်”

ဦးထွန်းတောက်ဝင်း (Omni Focus ကုမ္ပဏီ၊ မန်နေဂျင်းဒါရိုက်တာ)

ဆူးလေ-လေဆိပ်ယာဉ်လိုင်း ခရီးစဉ်ကိုပြေးဆွဲဖို့ လုပ်ငန်းညှိနှိုင်းဆောင်ရွက်တဲ့အခါ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက Bus Stop နှစ်ခု တည်ဆောက်ပေးမှာဖြစ်တယ်။ လေဆိပ်ကပြေးလို့ရပြီဆိုရင် ပြေးဆွဲပေးသွားမှာပါ။ ယာဉ်အားလုံးက အဆင်သင့်ဖြစ်နေပါပြီ။ ကုမ္ပဏီအနေနဲ့ကလည်း အားလုံးအဆင်သင့်ဖြစ်မှ ပြေးချင်တယ်။ ဇွန်လထဲမှာ ပြေးဆွဲဖြစ်မှာပါ။ ဒီယာဉ်လိုင်းအတွက် ယာဉ်စီးရေ ၅၀ နဲ့ စပြေးမယ်။ ယာဉ်စီးခကတော့ ကျပ် ၅၀၀၊ တိုင်းအစိုးရအဖွဲ့ကို တင်ပြထားတယ်။ အခုထိတော့ ခွင့်ပြုချက်မကျသေးဘူး။ တိုင်းအစိုးရက ခွင့်ပြုမယ့် ယာဉ်စီးခနှုန်းထားကို စောင့်နေတာလည်းပါတယ်။ ခရီးသည်အနေနဲ့က ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ဖို့ စီမံထားပါတယ်။ လေဆိပ်သွားမှာဆိုတော့ အိတ်အနေနဲ့ တစ်ပိုင်တစ်နိုင် သယ်ခွင့်ရှိပါတယ်။ သီးသန့်ပစ္စည်းထားမယ့်နေရာတော့ မစီစဉ်ထားသေးပါဘူး။ လေဆိပ်ကို ကမ္ဘာအေးဘုရားလမ်းအတိုင်း သွားမှာဖြစ်ပါတယ်။ မှတ်တိုင်တွေကတော့ ရန်ကုန်လေဆိပ်-ကိုးမိုင်အိုရှင်း-ရှစ်မိုင်-နဝဒေး-ကမ္ဘာအေးဘုရားလမ်း-အင်းလျားလိပ်ဟိုတယ်-မြန်မာပလာဇာ-ရွှေဂုံတိုင်-တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) -ဆူးလေ-ရန်ကုန်ဘူတာကြီး ဖြစ်ပါတယ်။



“စီစဉ်သူတွေလည်း သေချာတွေးစေချင်တယ်”

ကိုချမ်းမြေ့အောင် (ကုမ္ပဏီဝန်ထမ်း) 

လေဆိပ်ဝင်းမှာ မှတ်တိုင်ထားဖို့အတွက် ကျွန်တော်ကတော့ အားပေးပါတယ်။ တက္ကစီစီးတာထက်စာရင် သက်သာတယ်။ ဆူးလေကနေ လေယာဉ်ကွင်းအထိ ဘတ်စ်ကားရှိလာခဲ့ရင် အတော်ကိုအဆင်ပြေမှာ။ အဓိကက နိုင်ငံခြားသားတွေအတွက်ပေါ့။ အခုလိုမျိုး တစ်ခါတည်းနဲ့ တန်းရောက်မယ့် ဘတ်စ်ကားလိုရှိရင် သူတို့အတွက်လည်း ပိုအဆင်ပြေလာနိုင်တယ်။ ကျွန်တော်တို့လို Local သမားတွေအတွက်လည်း အဆင်ပြေတယ်။ အခုဆို လေယာဉ်ကွင်းနားထိတောင် ဘတ်စ်ကားကမရှိဘူးလေ။ ရှိသင့်တယ်လို့ မြင်မိပါတယ်။ ကျွန်တော်က ခရီးသွားအေဂျင်စီမှာ အလုပ်လုပ်နေ တာဆိုတော့ ခရီးသွားရာသီဆိုရင် တစ်လကို လေဆိပ်ကို သုံးခေါက်လောက် သွားရတယ်။ တက္ကစီစီးရင် အနည်းဆုံး အသွားအပြန် ကိုးထောင်လောက်ကုန်တယ်။ လေဆိပ်ကနေ မြို့ထဲသွားတဲ့အခါ ဆင်းမယ့်မှတ်တိုင်ပဲ ရပ်စေချင်တယ်။ ပြီးတော့ ဆူးလေကနေ လေဆိပ်သွားတဲ့အခါကျတော့လည်း တားမှသာ ရပ်စေချင်တယ်။ အဆင်းက ဂိတ်ဆုံးလေ။ စီစဉ်သူတွေလည်း သေချာတွေးစေချင်တယ်။ ထောင့်စေ့နေအောင်ပေါ့။



“ကားဂိတ်ရှိတော့ အမြင်ရှုပ်တယ်”

မယဉ်ဖြူပြာအောင် (ခရီးသည်)

လေဆိပ်ကနေ ဂိတ်စမှာမျိုးလည်း မဟုတ်ဘူးဆို ကားကကျပ်လာမယ်ဆို ဘယ်လိုမှ သက်သောင့်သက်သာ မဖြစ်လောက်ဘူး။ ပြီးတော့ အထုပ်အပိုးတွေနဲ့လေ။ တစ်ယောက်တည်းသမားလည်း အထုပ်တစ်ထုပ်တော့ အနည်းဆုံးပါမှာပဲ။ သွားကြိုတဲ့သူတွေတော့ မဆိုးဘူးပေါ့လေ။ အများအားဖြင့် လေဆိပ်သွားတဲ့သူတွေက တက္ကစီငှားလောက်တဲ့အထိ အဆင်မပြေလောက်တာမျိုးတော့ ရှားတယ်။ ဒါပေမဲ့ တက္ကစီအလွတ်တွေက ဈေးတင်တောင်းတာတော့ ရှိတာပေါ့လေ။ ဒါပေမဲ့ Grab ရှိတာပဲ။ ပြီးတော့ ကားဂိတ်ရှိတော့ အမြင်ရှုပ်တယ်။ နိုင်ငံတကာကအဝင်လေ။ ခရီးကအပြန်ဆို ပိုဆိုး။ လေယာဉ်စီးပင်ပန်းလာပြီး YBS ဘယ်စီးနိုင်မလဲနော် ညီမဆိုရင်ပေါ့။