News

POST TYPE

AUTOMOBILE

Electronic Fuel Injection System
11-Jun-2018


 
ခေတ်တွေ ပြောင်းလဲတိုးတက်လာတဲ့အလျောက် မော်တော်ယာဉ်တွေရဲ့ပုံစံတွေ၊ ပါဝင်ပစ္စည်းတွေ၊ ထုတ်လုပ်ပုံတွေနဲ့ နည်းစနစ်တွေကလည်း လိုက်ပါပြောင်းလဲတိုးတက်လာပါတယ်။ အဲဒီလိုနဲ့ပဲ ကားတစ်စီးမှာ အရေးကြီးတဲ့ စနစ်တွေ များစွာပေါ်ထွက်လာပြီး ဒီစနစ်တွေရဲ့ အားနည်းချက်တွေကို လိုက်လံဖြည့်ဆည်းရင်း၊ ဖြည့်ဆည်းရင်း စနစ်တွေများစွာ ပေါ်ပေါက်လာပါတယ်။ ခေတ်ဟောင်းကားတွေမှာဆိုရင် မော်တော်ယာဉ်တစ်စီးကို ထိန်းချုပ်တဲ့နေရာမှာ ကာပရိုက်တာ (Carburetors) တွေ၊ Distributor တွေကိုပဲသုံးပြီး အလုပ်လုပ်စေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်လို တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကားတစ်စီးလုံးကို Electronic စနစ်တွေနဲ့ပဲ ထိန်းချုပ်လာတာဖြစ်ပါတယ်။ ဒီစနစ်က အားသာချက်များစွာရှိသလို၊ နားမလည်တဲ့သူတွေအတွက်တော့ အလွန်ခက်ခဲတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ အရင်ခေတ်ဟောင်းက ကားတွေဆိုရင်တော့ ဘယ်နားမှာ၊ ဘာရှိတယ်ဆိုတာ သိရုံနဲ့ ဟိုနှိုက်၊ ဒီနှိုက် လုပ်လိုက်ရင်ပဲ ချို့ယွင်းချက်အသေးအမွှားလေးတွေကို ရုတ်တရက်ဖြေရှင်းလို့ ရနိုင်ပါတယ်။ ဒီနေ့ခေတ်ကားတွေမှာတော့ ဒီလိုဟိုနှိုက်၊ ဒီနှိုက် နှိုက်တတ်ရုံလောက်နဲ့မဖြစ်တော့ပါဘူး။ Electronic စနစ်တွေနဲ့ ချိတ်ဆက် ထားတာဖြစ်တဲ့အတွက် ကားတစ်စီးလုံးရဲ့ ချို့ယွင်းချက်တွေကို ရှာတဲ့နေရာမှာ သူ့ရဲ့သတ်မှတ်ထားတဲ့ Scan Tool တွေကို အသေးစိတ်သိနားလည်ထားဖို့လိုပါတယ်။ ဒီလိုဆိုတော့ ဒီတစ်ပတ်အတွက် ကျွန်တော်တို့ စာဖတ်ပရိသတ်ကြီးအတွက် Electronic စနစ်တွေထဲမှာ အသုံးပြုမှုကျယ်ပြန့်တဲ့ Electronic Fuel Injection System လေးအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ 

EFI (Electronic Fuel Injection System) သမိုင်း

ဒီလိုစနစ်သစ်တွေ များပြားလာတဲ့အလျောက်ကားတစ်စီးမှာ အဓိကအရေးကြီးတဲ့ လောင်စာဆီစနစ် (Fuel System) နဲ့ မီးပေးစနစ် (Ignition System) တွေဆိုပြီး ရှိပါတယ်။ ဒီနေရာမှာ ဒီခေတ်လောင်စာဆီ ပို့စနစ်တွေကို EFI(Electronic Fuel Injection System) စနစ်နဲ့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ခေတ်ဟောင်းက ကာဘရိုက်တာ (Carburetors) စနစ်ရဲ့ အားနည်းချက်တွေကို ကျော်လွှားနိုင်ဖို့ ၁၉၈၀ ခုနှစ်လောက်မှာ EFI စနစ်ပေါ်ထွက်လာခဲ့ပါတယ်။ Fuel Injection က လောင်စာဆီတွေကို မြင့်မားတဲ့ အပူချိန်အောက်ကနေ သေးငယ်တဲ့ နော်ဇယ်ကတစ်ဆင့် သယ်ဆောင်တာပါ။ ကာဘရိုက်တာစနစ်ကတော့ လေဝင်လေထွက်အပေါက်ကနေ စုပ်ယူပြီး Venturi Tube ကတစ်ဆင့် လေလမ်းကြောင်း (Airstream) ထဲကို လောင်စာဆီကို ပို့ဆောင်ပေးတာဖြစ်ပါတယ်။ အဲဒါတွေက ကာဘရိုက်တာစနစ်နဲ့ Fuel Injection တို့ကြားက အဓိကကွာခြားမှုပဲဖြစ်ပါတယ်။

Injector ရဲ့ အရေးပါမှု

EFI စနစ်မှာ Injector က အရေးကြီးဆုံးဖြစ်ပါတယ်။ Injector ဆိုတာက ဆီဖြန့်ပေးတဲ့ကိရိယာလေးတစ်ခု ဖြစ်ပါပေမယ့် သူဘယ်လောက်အရေးကြီးလည်းဆိုရင် သူမရှိရင် ဆီဖြန့်ဖြူးတာတွေကို မလုပ်နိုင်ပါဘူး။ EFI စနစ်မှာ Electronic နည်းနဲ့ ဆီဖြန့်ဝေတဲ့အလုပ်ကို Injector တွေကပဲ လုပ်ဆောင်တာဖြစ်ပါတယ်။ ဓာတ်ဆီအင်ဂျင်တွေအတွက် GDI စနစ်လို့ခေါ်တဲ့ (Gasoline Direct Injection System) ကို Mitsubishi က ၁၉၉၆ ခုနှစ်မှာ စတင်တီထွင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။

EFI ဆီပို့စနစ်မှာ Injector က အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် အင်ဂျင်ဆလင်ဒါထဲကို လေဝင်တဲ့ Inlet Manifold (အင်ဂျင်အစိတ်အပိုင်းတစ်ခု) မှာ Injector က လောင်စာဓာတ်ဆီ (အောက်တိန်းဆီ) ကို အချိန်ကိုက် တိုင်မင်ကိုက် ဖြန့်ဝေပေးပါတယ်။

EFI နဲ့ ဓာတ်ဆီအင်ဂျင်ရဲ့ ဆက်စပ်မှု

Fuel Injection စနစ်က ကားအင်ဂျင်အတွင်းပိုင်းကို လောင်စာဆီကတစ်ဆင့် မီးလောင်ကျွမ်းစေတဲ့စနစ် Internal Combustion Engine စနစ်ဖြစ်ပါတယ်။ ဒီဇယ်အင်ဂျင်တွေအတွက်တော့ သူ့ဘာသူ ပုံကြမ်းဆွဲပြီး ဒီစနစ်ကို အသုံးပြုကြပေမယ့် ဓာတ်ဆီအင်ဂျင်တွေဆိုရင်တော့ တိုက်ရိုက်အသုံးပြုလို့ရပါတယ်။ ဓာတ်ဆီ အင်ဂျင်တစ်လုံးမှာ လေနဲ့လောင်စာဆီရောစပ်မှုအချိုးအစားက အရေးကြီးပါတယ်။ အပြည့်အဝ မီးတောက်ပေါက်ကွဲဖို့ အကောင်းဆုံးလေ လောင်စာအချိုးအစားက ၁၄၇ အချိုး ၁ ချိုးဖြစ်ပါတယ်။ ဆီများတဲ့အချိုးအစားက မကောင်းသလို ဆီနည်းတဲ့ အချိုးအစားကလည်း မီးလောင်ပေါက်ကွဲအား နည်းသွားတတ်ပါတယ်။ ဓာတ်ဆီအင်ဂျင်တစ်လုံးအတွက် အကောင်းဆုံးလေနဲ့ လောင်စာဆီရောစပ်မှုအချိုးကို ဆောင်ရွက်ပေးနိုင်ပါတယ်။ EFI စနစ်ရဲ့တိကျတဲ့ ကွန်ပျူတာထိန်းချုပ်မှုကြောင့် Fuel Economy ဖြစ်ပြီး Emission ထုတ်လွှတ်မှု အနည်းဆုံးဖြစ်စေပါတယ်။

Rich Mixture

ဆီများတဲ့ အရောအနှောကို Rich Mixture လို့ခေါ်ပါတယ်။ လေနဲ့လောင်စာဆီရောစပ်မှုမှာ ဆီများနေတဲ့အတွက် မီးလောင်ပေါက်ကွဲတဲ့အချိန်မှာ အောက်ဆီဂျင် မလောက်တော့ပါဘူး။ အပြည့်အဝမီး လောင်ပေါက်ကွဲတာကို Completed Combustion ဖြစ်တယ်လို့ ခေါ်ပါတယ်။ လောင်စာဆီဆိုတာ ဟိုက်ဒြိုကာဗွန်ဒြပ်ပေါင်းဖြစ်ပါတယ်။ အပြည့်အဝလောင်ကျွမ်းမှ ကာဗွန်တွေဟာ အောက်ဆီဂျင်နဲ့ပေါင်းစပ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဒ် CO2 ဖြစ်သွားပါတယ်။ အောက်ဆီဂျင်မလုံလောက်ရင် မီးလောင်ပေါက်ကွဲတဲ့အခါမှာ ကာဗွန်နဲ့ အောက်ဆီဂျင်အက်တမ်တစ်လုံးသာပေါင်းမိပြီး ကာဗွန်မိုနောက်ဆိုက်ဒ် (CO) အဆိပ်ဓာတ်ငွေ့တွေ ဖြစ်သွားတတ်ပါတယ်။ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ ဓာတ်ငွေ့ပါပဲ။

Lean Mixture

ဆီနည်းတဲ့အရောအနှောကို Lean Mixture လို့ခေါ်ပါတယ်။ လောင်စာဆီနည်းနေလို့ မီးလောင်ပေါက်ကွဲတဲ့အခါမှာ ပါဝါစွမ်းအားကျဆင်းပါတယ်။ အင်ဂျင်စွမ်းဆောင်မှုအပြည့်အဝ မရတော့ပါဘူး။ ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ လည်ပတ်မှုအခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံး လေ၊ လောင်စာဆီ အချိုးအစားရရှိမှသာ အင်ဂျင်စွမ်းဆောင်ရည် (Performance) အမြင့်ဆုံး အကောင်းဆုံးကို ရရှိပါတယ်။

Injector ပုံမှန်အလုပ်မလုပ်ရင်

ဒီလိုမျိုး အကောင်းဆုံး အင်ဂျင်စွမ်းဆောင်ရည်ရရှိဖို့ ကာပရိုက်တာဆီပို့စနစ်က လုပ်မပေးနိုင်ပါဘူး။ ကွန်ပျူတာထိန်းချုပ်မှုနဲ့ အလုပ်လုပ်တဲ့ EFI စနစ်ကသာ အကောင်းဆုံးအခြေအနေမျိုးကို ဖန်တီးပေးနိုင်ပါတယ်။ Injector ဆိုတော့ Electronic လောင်စာဆီ ပို့စနစ် EFI မှာ အဓိကကျတဲ့အရာတွေပါပဲ။ Injector တွေ ကောင်းကောင်းအလုပ်လုပ်မှ လောင်စာဆီပို့စနစ် ကောင်းပါတယ်။ Injector တွေ ပုံမှန်အလုပ်မလုပ်နိုင်ဘူးဆိုရင် လေနဲ့ဆီ အရောအနှော အချိုးမမှန်တော့ပါဘူး။ အဲဒီအခါကျရင် အင်ဂျင် Misfire (မီးမကူး) ဖြစ်မယ်။ အင်ဂျင်တုန်နေမယ်။ လီဗာနင်းလိုက်တာနဲ့ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်ပြီးတော့ ကားမဆွဲတော့ပါဘူး။ တောင်တက်လမ်းတွေမှာ အင်ဂျင်ရုန်းအားနည်းပြီး ကားမဆွဲတော့ပါဘူး။ အင်ဂျင်ဆီစားနှုန်းများလာမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အားနည်းချက်တွေဖြစ်ရတာ Injector မကောင်းလို့ပဲဖြစ်ရတာပါ။

EFI စနစ်အလုပ်လုပ်ပုံ

Electronic လောင်စာဆီပို့စနစ်မှာ ဆီတိုင်ကီက လောင်စာဆီတွေကို Fuel Pump ကနေတစ်ဆင့် တွန်းပို့ပေးပါတယ်။ လောင်စာဆီတွေဟာ ဆီစစ်ဘူးကို ကျော်ဖြတ်ပြီး အင်ဂျင် Common Rail လိုင်းထဲ ရောက်လာပါတယ်။ Common Rail လိုင်းထဲမှာ လုံလောက်တဲ့ ဆီဖိအားရှိနေဖို့ Pressure Regulator တွေက ထိန်းညှိပေးပါတယ်။ ပိုလျှံတဲ့ဆီတွေကို Return ပိုက်လိုင်းကနေတစ်ဆင့် ဆီတိုင်ကီထဲ ပြန်ပို့ပေးပါတယ်။ Common Rail လိုင်းနဲ့ Injector တွေကို ပိုက်လိုင်းနဲ့ဆက်သွယ်ထားပါတယ်။ Injector တွေကို ECU (Engine Control Unit) က ထိန်းချုပ်ပါတယ်။ Injector တစ်လုံး၊ ဆီဖြန့်ပေးရမယ်။ ဆီထုထည်ပမာဏနဲ့ တိုင်မင်အချိန်ကိုက် ဆီဖြန့်ပေးခြင်းကို ECU က ထိန်းချုပ်ညွှန်ကြားပါတယ်။ ECU နဲ့ အာရုံခံဆင်ဆာ (Sensor) တွေကို ဆက်သွယ်ထားပါတယ်။ အာရုံခံဆင်ဆာမျိုးနဲ့ဟာ အင်ဂျင်တစ်လုံးရဲ့ အခြေအနေမျိုးစုံကို အမြဲတမ်းထောက်လှမ်းပြီး သတင်းပို့နေပါတယ်။ ဆင်ဆာတွေကရရှိတဲ့ သတင်းအချက် အလက်တွေအရ ECU က Program အတိုင်းတွက်ချက်ပြီး ဆီဖြန့်ပေးရမယ့်ပမာဏ မီးတိုင်မင်တို့ကို ထိန်းချုပ်ပေးပါတယ်။

အင်ဂျင်အတွက် အကောင်းဆုံးလေ၊ လောင်စာဆီအမျိုးအစားရရှိဖို့အတွက် ECU ပရိုဂရမ်က တွက်ချက်ပြီး Injector တွေကို ညွှန်ကြားပါတယ်။ Injector တစ်လုံးဖွင့်ချိန်၊ ပိတ်ချိန်ဟာ အလွန်တိုတောင်းတာကြောင့် မီလီစက္ကန့်လောက်ပဲရှိပါတယ်။ ဆင်ဆာအာရုံခံကိရိယာတွေဟာ အင်ဂျင်တစ်လုံးရဲ့ အပူချိန်ဖိအား၊ အင်ဂျင်လည်ပတ်နှုန်း (Speed)၊ Inlet Manifold အဝင်လေထုထည်အနည်းအများ စတဲ့အချက်တွေကို အာရုံခံထောက်လှမ်းပြီး ECU ကို သတင်းပို့ရပါတယ်။

Injector တစ်လုံးအလုပ်လုပ်ဖို့ DC လျှပ်စစ်ပါဝါပေးရပါတယ်။ Injector တွေဟာ လျှပ်စစ်သံလိုက်အားဖြင့် အဖွင့်အပိတ်လုပ်ပေးတဲ့ Solenoid Operated Injector တွေဖြစ်ကြပါတယ်။ Solenoid ကွိုင်မှာ သေးငယ်တဲ့ဝါယာကြိုးတွေနဲ့ ပတ်ထားပြီး လျှပ်စစ်ဓာတ်ပေးလိုက်တာနဲ့ လျှပ်စစ်သံလိုက်အဖြစ် ပြောင်းသွားပါတယ်။ သံလိုက်ဆွဲအားနဲ့ Injector ထဲမှာရှိတဲ့ ပလန်ဂျာကို အလုပ်လုပ်စေပါတယ်။ ပလန်ဂျာကစားရင် Pintle Valve Needle ကစားပြီး Injector ထိပ်က အလွန်သေးငယ်တဲ့အပေါက်ကနေ လောင်စာဆီတွေ ပန်းထွက်လာမှာပါ။ ပန်းထွက်လာတဲ့ဆီတွေဟာ အမှုန်အမွှားကလေးတွေ လေနဲ့ရောစပ်ကာ ပေါက်လောင်အခန်း (Combustion Chamber) အတွင်းရောက်သွားပြီး ပလပ်မီးပွားပွင့်ချိန်မှာ ပေါက်ကွဲလောင်ကျွမ်းခြင်း ဖြစ်စဉ်ဖြစ်ပေါ်ပါတယ်။

သန့်ရှင်းတဲ့ လောင်စာဆီ

ဒါက Injector တွေအတွက် အရေးကြီးဆုံးအချက်ပါ။ ကိုယ့်ကားအင်ဂျင်မှာသုံးတဲ့ လောင်စာဆီတွေဟာ သန့်ရှင်းပြီး အရည်အသွေးကောင်းမွန်ရပါမယ်။ လောင်စာဆီတချို့မှာ ရေနဲ့ အမှုန်အမွှားအညစ်အကြေးတွေ ပါဝင်နေတတ်ပါတယ်။ အရည်အသွေးညံ့တဲ့ လောင်စာဆီတွေကြောင့် Injector တွေ ထိခိုက်ပျက်စီးတတ်ပါတယ်။ Injector ထိပ်မှာ ပိတ်ဆို့ပြီးတော့ အင်ဂျင်တစ်ခုလုံးကို ဒုက္ခပေးနိုင်ပါတယ်။ EFI စနစ်သုံးကားတွေမှာ အရည်အသွေးမြင့်တဲ့ အောက်တိန်းဆီတွေသာ သုံးသင့်ပါတယ်။ အောက်တိန်းဆီဟာ အင်ဂျင်မီးသံခေါက်တာကို သက်သာစေသလို အရည်အသွေးညံ့တဲ့ဆီတွေကြောင့် Injector Pintle Valve Needle ထိပ်မှာ အညစ်အကြေးတွေ၊ ဗားနစ်တွေ အနည်ထိုင်ပြီး Injector အပေါက်ဆို့ ပိတ်သွားစေနိုင်ပါတယ်။ ဆီသန့်ရှင်းစေဖို့အတွက် ဆီစစ်ဘူး (Filter) ကို အချိန်မှန်လဲပေးဖို့လိုပါတယ်။

Injector တွေကို ဘယ်အချိန်မှာ သန့်ရှင်းရေး လုပ်သင့်လဲ

ကိုယ့်ကားရဲ့ Injector တွေကို ဘယ်အချိန်မှာ သန့်ရှင်းရေးလုပ်ဖို့လိုမလဲ။ ဒါက ကိုယ့်ရဲ့ကား ရေရှည်အသုံးပြုနိုင်အောင် စောင့်ရှောက်တဲ့ အဓိကကျတဲ့ အချက်တစ်ခုထဲမှာ ပါဝင်ပါတယ်။ ဒီစောင့်ကြည့်မှုက နေ့တိုင်း၊ အပတ်တိုင်းလုပ်ဖို့မလိုတဲ့အတွက် သတိမေ့တာတွေတော့ ဖြစ်တတ်ပေမယ့် ဂရုတစိုက်လုပ်ဖို့တော့ လိုအပ်ပါတယ်။ ကိုယ့်ကားရဲ့ Injector တွေကို ခရီးမိုင် ၃၀,၀၀၀ လောက်မောင်းပြီးတိုင်း Injector တွေ သန့်ရှင်းရေးလုပ်ဖို့အတွက် သီးသန့်ထုတ်ထားတဲ့ Injector Cleaner နဲ့ ဆေးကြောသန့်ရှင်းပေးဖို့လိုပါတယ်။ Injector တွေကို Injector Tester နဲ့ တိုင်းတာစစ်ဆေးပေးပါ။ Injector Cleaner နဲ့ ဆေးကြောပေးခြင်းဖြင့် Injector အတွင်းမှာရှိတဲ့ အညစ်အကြေး၊ လောင်စာဆီ Varnish ကတ္တရာစေးတွေကို သန့်ရှင်းစေမှာ ဖြစ်ပါတယ်။ Injector တွေ သန့်ရှင်းတဲ့နေ့မှာ အခြားအရာတွေနဲ့ မလုပ်ဖို့ သတိပေးလိုက်ပါရစေ။ သူ့ကို သန့်ရှင်းရေးလုပ်ဖို့ ထုတ်ပေးထားတဲ့ Cleaner တွေဟာ ဓာတုဗေဒပစ္စည်းဖြစ်လို့ Injector အတွင်းပိုင်းက အညစ်အကြေးတွေကိုစားသွားပြီး သန့်ရှင်းစေပါတယ်။

Injector အတွင်းပိုင်းနဲ့ အပြင်ပိုင်းသန့်ရှင်းမှ ဆီပန်းပုံသဏ္ဌာန်မှန်ကန်ပြီး လောင်စာဆီကို အပြည့်အဝမီးလောင်ပေါက်ကွဲစေနိုင်မှာပါ။ အင်ဂျင်စက်ရပ်နားထားတဲ့အချိန်မှာ Injector ထိပ်မှာ လောင်စာဆီ အကြွင်းအကျန်တွေ ရှိနေတတ်ပါတယ်။ အကြိမ်ပေါင်းများစွာ ဒီလိုဖြစ်လာရင် မီးမလောင်ဘဲ ဆီကျန်တွေ Injector ထိပ်ဖျားမှာ ချိုးတွေ၊ ဗားနစ်တွေအဖြစ် တွယ်ကပ်လာပါတယ်။ ဓာတ်ဆီမီးလောင်ပေါက်ကွဲရာမှ Injector ထိပ်ဖျားမှာ ကာဗွန်ချိုးတွေ၊ အင်ဂျင်ကတ္တရာစေးတွေ၊ Varnish ချိုးတွေ ပိတ်မိနေတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် Injector Cleaner ဆေးတစ်ဘူးကို ဆီတိုင်ကီမှာ ရောစပ်ပြီး သုံးစွဲနိုင်ပါတယ်။

Injector တွေ မကောင်းရင် ဘာဖြစ်မလဲ

အင်ဂျင်တစ်လုံးမှာ အဓိကနေရာကပါဝင်တဲ့ Injector တွေမကောင်းတဲ့အခါ၊ Injector တွေ ချေးပိတ်နေရင် အင်ဂျင်စက်သံမမှန်တာတွေ၊ ဆွဲအားမကောင်းတာတွေ၊ အင်ဂျင်တုန်ခါနေတာတွေ၊ အင်ဂျင်အထမကောင်းတာတွေ၊ Speed တင်မောင်းမရတာတွေ စတဲ့အားနည်းချက်တွေဟာ Injector မကောင်း တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ Injector ကောင်းဖို့အတွက် ဆီအရည်အသွေးကောင်းဖို့သာမက ပလပ် (Plug)တွေလည်း ကောင်းဖို့လိုပါတယ်။ အရည်အသွေးကောင်းတဲ့ ပလပ်တွေကို ရွေးချယ်သုံးစွဲဖို့ တိုက်တွန်းလိုက်ပါရစေ။ ပလပ်ကောင်းမှ လောင်ဆီတွေ အပြည့်အဝလောင်ကျွမ်းနိုင်မှာ ဖြစ်ပါတယ်။ စက်ရုံကနေ ထုတ်လုပ်တပ်ဆင်ပေးလိုက်တဲ့ Original Plug အမျိုးအစားတွေက အကောင်းဆုံးဖြစ်ပါတယ်။ 

အင်ဂျင်ရေဆူပြီး Over-heat မတက်ပါစေနဲ့။ အင်ဂျင်အအေးခံစနစ်ကို ဂရုစိုက်ထိန်းသိမ်းပါ။ အင်ဂျင်အပူလွန်ကဲရင် Injector တွေပါ ပျက်စီးစေနိုင်ပါတယ်။ Injector တွေ မကောင်းရင် အစားထိုးလဲလှယ်ရင် မူလ အော်ရီဂျင်နယ် Injector အမျိုးအစားကို ရအောင်ရှာလဲပေးပါ။ အရည်အသွေးစစ်မှန်တဲ့ အောက်တိန်း ဓာတ်ဆီကိုသာသုံးပါ။ ဆီတိုင်ကီမှာ Injector Cleaner ဆေးဘူးရည်ကို ၂ လ တစ်ကြိမ် (သို့မဟုတ်) ၃ လ တစ်ကြိမ် ရောစပ်ပြီးသုံးပါ။  Injector ဆားဗစ်စင်လုပ်ပေးရန်၊ ပစ္စည်းကိရိယာပြည့်စုံသော ကားဝပ်ရှော့ကြီးတွေမှာပဲ ဆောင်ရွက်ပါ။

ဟိန်းမြတ်စိုး

Ref- Electronic Fuel Injection System Wiki & Online