News

POST TYPE

AUTOMOBILE

မြန်မာ့မော်တော်ယာဉ်သမိုင်း
04-Jun-2018 tagged as မော်တော်ယာဉ်


မြန်မာ့မော်တော်ယာဉ်သမိုင်းဟာ ဂျပန်နိုင်ငံနဲ့ များစွာဆက်စပ်နေတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ မော်တော်ယာဉ်ထုတ်လုပ်မှု ဖွံ့ဖြိုးလာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာလည်း မော်တော်ယာဉ်အသုံးပြုမှု တစ်စတစ်စ များပြားလာခဲ့တာပါ။ မြန်မာနိုင်ငံထဲမှာက ခေတ်အဆက်ဆက် ဂျပန်ကထုတ်တဲ့ကားတွေ တော်တော်များများကိုပဲ တင်သွင်းစီးနင်းခဲ့သလို Hino၊ Mazda တို့ အပါအဝင် ဂျပန်ကားကုမ္ပဏီတွေ အမြောက်အမြား ပြည်တွင်းမှာလာရောက်ထုတ်လုပ်ခဲ့တဲ့အထိ ဂျပန်ကားတွေ မြန်မာနိုင်ငံမှာနေရာယူခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်အစိုးရရဲ့ မူဝါဒသစ်ကြောင့် ပြည်သူတွေကြိုက်ပြီး ဈေးနှုန်းသင့်တင့်တဲ့ ဂျပန်ညာမောင်းကားတွေ တင်သွင်းစီးနင်းခွင့်ကတော့ တစ်ခန်းရပ်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုဂျပန်ကားတွေပဲ နေရာယူခဲ့တဲ့ မြန်မာ့မော်တော်ယာဉ်သမိုင်းကြောင်းကို လက်လှမ်းမီသလောက် ဒီတစ်ပတ်အတွက်ရဲ့ မော်တော်ယာဉ်ကဏ္ဍအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 

ပြည်တွင်း ယာဉ်ထုတ်လုပ်မှုသမိုင်း

၁၉၅၀ ဝန်းကျင်မှာ ဂျပန်နိုင်ငံရဲ့ ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Hino က သူတို့ရဲ့ နာမည်ကျော် လုပ်ငန်းသုံးကားအမျိုးအစားတွေဖြစ်တဲ့ TE ကားတွေအပြင် BM ကားတွေကို မြန်မာပြည်မှာ တပ်ဆင်ထုတ်လုပ်ခဲ့ပါတယ်။ ဒီကားတွေကို ပြီးခဲ့တဲ့နှစ်ပိုင်းတွေအထိ မြန်မာနိုင်ငံရဲ့လမ်းတွေပေါ်မှာ တွေ့ခဲ့ရပါတယ်။ အခုတော့ ဒီကားတွေကို မောင်းနှင်ခွင့် ကန့်သတ်ထားတယ်ဆိုပေမယ့် တချို့နေရာတွေမှာ BM ကားတွေကို လုပ်ငန်းသုံးအနေနဲ့ သုံးနေဆဲပါပဲ။ ဒါပေမဲ့ အဲဒီခေတ်တုန်းက မော်တော်ယာဉ်ကို မြန်မာနိုင်ငံမှာ အသုံးပြုမှုနည်းပါးခဲ့တဲ့ အချိန်ဖြစ်တဲ့အတွက် ထင်သလောက် အရောင်းမစွံခဲ့ဘူးလို့ ပြောရမှာပါ။ ဒါပေမဲ့ ၁၉၈၆ ခုနှစ်လောက်မှာ ဂျပန်က နာမည်ကျော် ကားကုမ္ပဏီကြီးတွေဖြစ်တဲ့ Toyota နဲ့ Nissan ကုမ္ပဏီက ဆန်နီစူပါဆလွန်း၊ ကိုရိုလာလီမိတက်၊ ကိုရိုနာဆိုတဲ့ ဆလွန်းကားတွေကို ထုတ်လုပ်လာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံကိုလည်း အဲဒီကားတွေ တင်သွင်းစီးနင်းလာတဲ့အတွက် မြန်မာနိုင်ငံမှာ အဲဒီကားတွေ ခေတ်စားလာခဲ့ပါတယ်။ 

အဲဒီနောက် ၁၉၇၀ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်သမိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုအနေနဲ့ ယာဉ်ကြောစနစ်ကို လက်ဝဲကပ်စနစ် (လမ်းရဲ့ ဘယ်ဘက်ကမောင်းတဲ့စနစ်) ကနေ လက်ယာ ကပ်စနစ် (လမ်းရဲ့ ညာဘက်က မောင်းတဲ့စနစ်) ကို ဆိုရှယ်လစ်အစိုးရဟာ ပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအစိုးရဟာမြန်မာနိုင်ငံကို Mazda ကုမ္ပဏီက ထုတ်တဲ့ 929၊ 626၊ 323 နဲ့ Familiar ကားတွေကို တင်သွင်းပြီး ပြည်တွင်းမှာတော့  Mazda Jeep နဲ့ လေးဘီး B600  ကားအမျိုးအစားတွေကို တပ်ဆင်ထုတ်လုပ်ခဲ့ပါတယ်။

သင်္ဘောသားပါမစ်

ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှမရှိတဲ့ ယာဉ်တင်သွင်း ခွင့်ပါမစ်တစ်ခု မြန်မာနိုင်ငံမှာ တော်တော်လေး ခေတ်စားခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ် ဝန်းကျင်လောက်က နိုင်ငံခြားသင်္ဘောလိုက်တဲ့ သင်္ဘောသားတွေရဲ့ ရွှေခေတ်စတင်ခဲ့ပါတယ်။ အဲဒါကတော့ သင်္ဘောသားတွေအနေနဲ့ ပြည်တွင်းမှာ စီးနင်းဖို့ဆိုပြီးတော့ ယာဉ်တင်သွင်းခွင့်ပါမစ် ထုတ်ပေးခဲ့တာပဲဖြစ်ပါတယ်။

အဲဒါကတော့ မြန်မာ့မော်တော်ယာဉ်သမိုင်းရဲ့ ကားတင်သွင်းမှု သမိုင်းကြောင်းမှာ အထင်ရှားဆုံး ကားတင်သွင်းခွင့်ပါမစ်တစ်ခု ဖြစ်ပါတယ်။ အဲဒီ သင်္ဘောသားလိုင်စင်နဲ့ ဂျပန်က တစ်ပတ်ရစ် (ဂျပန်မှာ အသုံးပြုပြီးသားကား) ကားတွေဖြစ်တဲ့ Sunny၊ Pick-up၊ ပတ်ဘလစ်ကာ၊ ဟိုင်းလက်၊ ဒိုင်နာကား တွေကို သွင်းခွင့်ပြုခဲ့ပါတယ်။ 

မူဆယ်မှ ကားတင်သွင်းခြင်း

အဲဒီနောက် ၁၉၉၀ ပြည့်နှစ်လောက်မှာ အပြောင်းအလဲတစ်ခုစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်ကနေ တစ်ဖက်ကမ်းက ဂျပန်ကားတွေကို ဈေးသက်သာတဲ့အတွက် အလုအယက်ဝယ်ယူလာကြတာပါ။ အဲဒီကနေ ၁၉၉၀ ထုတ် စူပါဆလွန်းကားအစီးရေ သိန်းနဲ့ချီပြီး ဂျပန်က ပို့ခဲ့ရပါတယ်။ အဲဒီအချိန်က တရုတ်ပြည်မှာ မော်တော်ယာဉ်ဈေးနှုန်းကြီးမြင့်နေလို့ မူဆယ်နားက တရုတ်ပြည်နယ်စပ်ဒေသတွေမှာသုံးဖို့ ဂျပန်ကနေ ဝယ်ကြရာကနေ ဈေးသက်သာလို့ မြန်မာတွေကလည်း ပြန်ဝယ်ကြတာဖြစ်ပါတယ်။

အဲဒီလို မူဆယ်က တင်သွင်းနေရာကနေ ၁၉၉၄ ခုနှစ်လောက်မှာ တရုတ်အစိုးရက မြန်မာဘက်က ဂျပန်ကားတွေ တင်သွင်းတာကို တားမြစ်လိုက်တဲ့အတွက် မူဆယ်နယ်စပ်ကနေ ကားတင်သွင်းတာဟာ တစ်ခန်းရပ်သွားခဲ့ရပါတယ်။ အဲဒါကြောင့် ပြည်တွင်းမှာ အရှုံးခံပြီး ဈေးလျှော့ရောင်းချရာကနေ မြန်မာလူမျိုးတော်တော်များများ ဆလွန်းကားတွေ စီးနိုင်ခဲ့ကြပါတယ်။ အဲဒီကနေမှ တရုတ်ပြည်နယ်စပ်က လော်ပန်းလို့ခေါ်တဲ့ တိုင်းရင်းသားသူဌေးတွေကို မြန်မာအစိုးရက အားပေးလာတဲ့အတွက် 4 Wheel Drive (လေးဘီးယက်) ကားတွေဖြစ်တဲ့ Land Cruiser၊ Hilux၊ Pajero နဲ့ Prado ကားတွေ ခေတ်စားလာခဲ့ပြန်ပါတယ်။

အဲဒီ ၁၉၉၄ ခုနှစ် ဝန်းကျင်ခေတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ကတစ်ကြောင်းနဲ့ အဓိကအကြောင်းပြချက်တစ်ခုကတော့ မော်တော်ယာဉ်ကို ဇိမ်ခံပစ္စည်း တစ်ခုအဖြစ်နဲ့ စီးနင်းလိုမှုများပြားလာခဲ့တဲ့အတွက် ခေတ်သစ်မော်တော်ယာဉ်တင်သွင်းမှုသမိုင်းမှာ အများဆုံးလို့ ပြောလို့ရခဲ့တဲ့ အချိန်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီအချိန်မှာ အစိုးရဘက်က ကားတင်သွင်းမှုနဲ့ပတ်သက်ပြီးတော့ ဝန်ဆောင်မှု အကောင်းဆုံးပေးခဲ့တဲ့ အချိန်လည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကားပါမစ်လျှောက်ရာမှာ အရေအတွက် မကန့်သတ်ဘဲ၊ ဘဏ်ထောက်ခံချက်မလို၊ နေ့ချင်းပြီး ကုန်သွယ်ရေးဌာနမှာ ပါမစ်ချပေးတာတွေကို လုပ် ဆောင်ပေးခဲ့လို့ပါ။

ဆလွန်းအငှားယာဉ်ဖြစ်ပေါ်လာပုံ

အဲဒါကြောင့်ပဲ မြန်မာနိုင်ငံရဲ့ အဆင့်မြင့် သယ်ယူပို့ဆောင်ရေးသမိုင်းမှာ ဂျပန်ထုတ် ဆလွန်းကား အမျိုးအစားတွေနဲ့ ပြေးဆွဲလာတာ စခဲ့ပါတယ်။ ဒီလို ပါမစ်ချပေးတာ လွယ်ကူခဲ့လို့ စားသုံးသူအများစုက အငှားယာဉ်အဖြစ်နဲ့ တင်သွင်းလာကြရာကနေ ဆလွန်းအငှားယာဉ်တွေ ရန်ကုန်မှာ ခေတ်စားလာခဲ့ရပါတယ်။ အဲဒီအချိန်က ရန်ကုန်မှာ လေးဘီးယာဉ်တွေကို အငှားယာဉ်အဖြစ်နဲ့ ပြေးဆွဲခဲ့ကြတဲ့ အချိန်ပေါ့။ လေးဘီးယာဉ်တစ်စီးကို ကျပ်လေးသိန်းလောက်ဈေးပေါက်နေတဲ့အချိန်မှာ ဂျပန်ဆလွန်ကား (ကက) တစ်စီးကို ကျပ်နှစ်သိန်းခွဲလောက်ပဲ ဈေးရှိခဲ့တာပါ။ သို့ပေမယ့် အဲဒီအချိန်က လေးဘီးယာဉ်မောင်းအများစုက အငှားယာဉ်စီးတဲ့ မြန်မာနိုင်ငံက လူတွေက လေးဘီးကိုပဲ အငှားယာဉ်မှန်းသိလို့ ဂျပန်ထုတ် ဆလွန်းယာဉ်တွေနဲ့ လေးဘီးယာဉ်ကို မလဲနိုင်ကြဘူးလို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အင်ဂျင်အားကောင်း၊ အကြမ်းခံပြီး ဒီဇိုင်းပိုလှတဲ့ ဂျပန်ထုတ်ဆလွန်း ယာဉ်တွေဟာ ရန်ကုန်သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ တဖြည်းဖြည်းနဲ့ နေရာယူလာခဲ့ပါတယ်။ လေးဘီးမောင်းသူတွေလည်း အကောင်းကို အကောင်းမှန်း သိသွားကြတဲ့ပုံပါပဲ။

အားနည်းခဲ့တဲ့ ဥရောပထုတ်ကားတွေ

မြန်မာ့မော်တော်ယာဉ် သမိုင်းကြောင်းကို ပြောတဲ့နေရာမှာ ဂျပန်ကားအကြောင်းတွေပဲ ပြောနေလို့ တခြားကားတွေ မတင်သွင်း၊ မစီးနင်းခဲ့ဘူးလား ဆိုတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဥရောပတို့ အမေရိကတို့က ထုတ်တဲ့ကားတွေတော်တော်များများက ဈေးနှုန်းမြင့်မားလွန်းတာကြောင့် အဲဒီအချိန်က လက်ချိုး ရေလို့ရတဲ့ လူတွေလောက်ကသာ စီးနိုင်ခဲ့လို့ဖြစ်ပါတယ်။ အဲဒါကြောင့် ဈေးသက်သာပြီး အကြမ်းခံတဲ့ ဂျပန်ကားတွေကိုပဲ တောရောမြို့ပါစီးနင်းအသုံးပြုခဲ့ကြပါတယ်။

ဒီလိုနဲ့ ၁၉၉၆ ခုနှစ်မှာ ၂၀၁၈ ခုနှစ်ကလိုပဲ မြန်မာနိုင်ငံရဲ့ လက်ယာကပ်ယာဉ်မောင်းစနစ်နဲ့ ကိုက်ညီမယ့် ဘယ်မောင်းကားတွေကိုပဲ တင်သွင်းရမယ်ဆိုတဲ့ မော်တော်ယာဉ် တင်သွင်းမှုမူဝါဒရဲ့ အချိုးအပြောင်းကို ဥပဒေတစ်ခုအဖြစ်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကြောင့် ဂျပန်ထုတ် ညာမောင်းကားတွေ တင်သွင်းထားပြီး မြန်မာနိုင်ငံကို မရောက်သေးတဲ့သူတွေ၊ တင်သွင်းပြီး ဆိပ်ကမ်းကနေ မထုတ်ရသေးတဲ့သူတွေဟာ အခက်အခဲတွေဖြစ်ခဲ့ရပါတယ်။ အဲဒီအခါမှာ အစိုးရက လျှော့ပေါ့မှုတွေနဲ့ ဒဏ်ငွေအဖြစ်ပေးသွင်းစေခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်း ပိတ်ဆို့မှုအနေနဲ့ ဘယ်ကားကိုမှ လိုင်စင်မပေးတော့ဘဲ ပိတ်ထားခဲ့တဲ့အတွက် ကားတန်ဖိုးတွေဟာ တဖြည်းဖြည်းမြင့်တက်လာရာကနေ ၁၀ ဆလောက်အထိ တက်သွားခဲ့ရပါတယ်။ ပြည်သူတွေအနေနဲ့ တင်သွင်းပြီး ဂျပန်ကားတွေကိုပဲ ဖာထေးဖြတ်ဆက်ပြီး ယာဉ်အိုယာဉ်ဟောင်းတွေကို ဈေးကြီးပေးဝယ်စီးခဲ့ကြရပါတယ်။

ရွှေထီးဆောင်းခဲ့တဲ့ ဂျစ်ကားတွေ

အဲဒီလိုနဲ့ အစိုးရရဲ့ ကြွေးကြော်မှုတစ်ခုဖြစ်တဲ့ စက်မှုနိုင်ငံသို့ဆိုတဲ့ ရည်မှန်းချက်ကြီးကြောင်း စက်မှုဝန်ကြီးဌာနကနေ ပြည်တွင်းမှာ ကားကိုယ်တိုင်ထုတ်ခဲ့သလို နောက်ပိုင်းမှာ ပြည်တွင်းလုပ်ငန်းရှင်တွေကို ကားထုတ်လုပ်ခွင့်ပြုခဲ့တဲ့အတွက် ဗာဒံပင်အောက် စက်မှုဇုန်ဆိုပြီး ခေတ်စားခဲ့ပါတယ်။ အဲဒီတုန်းက ထုတ်ခဲ့တဲ့ ကားတွေကတော့ ရှမ်းစတား ဂျစ်၊ မန္တလာဂျစ်ဆိုပြီး ဂျစ်ကားတွေ ခေတ်စားလာခဲ့ပါတယ်။ အမှန်တော့ အဲဒီကားတွေ တော်တော်များများက ဂျပန်ကားတွေကို ဖြတ်တောက်သွင်းယူပြီး ပြည်တွင်းမှာ တပ်ဆင်ပြီးသော်လည်းကောင်း၊ စတီယာရင်တွေကို အိမ်နီးချင်းနိုင်ငံတွေက ညာမောင်းဆိုရင် ဘယ်နေရာပြောင်းပြီးသော်လည်းကောင်း ပြောင်းလဲပြီး ပြည်တွင်းထုတ်ဆိုပြီး လုပ်ခဲ့တာများပါတယ်။ 

အဲဒီအချိန်က ပြည်တွင်းစက်မှုဇုန်တွေမှာ ကားထုတ်တဲ့ခေတ် တစ်ခေတ်ဆန်းခဲ့တဲ့အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်က ဂျစ်ကားတစ်စီးကို ကျပ်သိန်း ၂၀၀ နီးနီးလောက်နဲ့ ဈေးကြီးပေးပြီး ဝယ်စီးခဲ့ရပါတယ်။ ဒါ့အပြင် ကားတင်သွင်းခွင့် ရပ်တန့်လိုက်တဲ့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ အစုတ်ဆုံးဆိုတဲ့ ကားတွေကို ဈေးကြီးပေးပြီး ဝယ်စီးခဲ့ရတဲ့အတွက် တစ်နှစ်တစ်ခါ လိုင်စင်ဝင်ရင် ပြုပြင်စရိတ်က သိန်းဆယ်နဲ့ ချီပြီး ကုန်ကျခဲ့ပါတယ်။

၁၈ နှစ် ပြည့်ရင် ကားတစ်စီးတင်သွင်းခွင့်

အဲဒီလို ကားစုတ်တွေနဲ့ နှစ် ၂၀ ကျော်လုံး လယ်ချာလယ်လိုက်ခဲ့ပြီးနောက်မှာတော့ ဦးသိန်းစိန် အစိုးရတက်လာပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်းကနေစလို့ ယာဉ်အိုယာဉ်ဟောင်းအစားထိုးလဲလှယ်တင်သွင်းခွင့် အပါအဝင် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကားတစ်စီး တင်သွင်းခွင့်တွေကို ပေးအပ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ကားတင်သွင်းမှုဟာ အစီးရေသိန်းနဲ့ချီ သွင်းခဲ့ပါတယ်။ အဓိကကတော့ ဂျပန်ထုတ်ကားတွေကိုပဲ တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီလို ကားတွေ အများအပြား တင်သွင်းခဲ့တဲ့အတွက် စီးပွားရေးမြို့တော် ရန်ကုန်မှာ ကားလမ်းပိတ်ဆို့မှုဒဏ်ကို မချိမဆံ့ ခံစားခဲ့ရတဲ့အတွက် ရန်ကုန်မြို့နေပြည်သူတွေအတွက် ဒုက္ခဖြစ်ခဲ့ရပါတယ်။ အဲဒီလမ်းကျပ်တဲ့ ပြဿနာကို အခုချိန်ထိ ဖြေရှင်းနေပေမယ့် မပြေလည်သေးပါဘူး။ 

ယာဉ်အိုယာဉ်ဟောင်းအစားထိုးယာဉ်တင်သွင်းခွင့်ပြုခဲ့တဲ့အတွက် လေးဘီးကား အစုတ်၊ သုံးဘီးကားအစုတ်တွေနဲ့ ခနော်နီခနော်နဲ့ သွားနေရတဲ့ နိုင်ငံ့သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ကားဟောင်းတစ်စီးပေး အသစ်တစ်စီးတင်သွင်းခွင့်ကြောင့် ကားသစ်တွေ လမ်းပေါ်ကို ရောက်လာခဲ့ရပါတယ်။ အဲဒီစနစ်မှာ ကားသစ်တစ်စီးတင်သွင်းချင်ရင် ကိုယ့်ကားဟောင်းကို အခမဲ့ပေးခဲ့ရပါတယ်။ အဲဒီက ရတဲ့စလစ်နဲ့ သွင်းလိုတဲ့ ကားကို လိုင်စင်လျှောက်ပြီး ကုန်ကျငွေအပြင် အဲဒီကားရဲ့ ကားရောက်ရင် ဆိပ်ကမ်းခွန်တွေဖြစ်တဲ့ အကောက်ခွန် ၄၀ ရာခိုင်နှုန်း၊ ကုန်သွယ်ခွန်၂၅ ရာခိုင်နှုန်း၊ ကညနမှတ်ပုံတင်ကြေး ၁၀၀ ရာခိုင်နှုန်းနဲ့ စုစုပေါင်း ကားတန်ဖိုးရဲ့ အခွန်စုစုပေါင်း ပေးဆောင်ရတာဟာ ၁၆၅ ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကားတစ်စီးတင်သွင်းတိုင်းရတဲ့ အခွန် ၁၆၅ ရာခိုင်နှုန်းကနေ မော်တော်ယာဉ်တွေအတွက် လမ်းသစ်တွေ ဖောက်တာ၊ လမ်းဟောင်းတွေ ချဲ့ထွင်ပြင်ဆင်တာ၊ ယာဉ်အန္တရာယ်ကာကွယ်ဖို့ လိုအပ်တဲ့ အချက်ပြဆိုင်းဘုတ်တွေ တပ်ဆင်တာ၊ အမှတ်အသားရေးဆွဲပြုပြင်တာတွေ၊ ယာဉ်ထိန်းရဲတွေ တိုးချဲ့ ခန့်ထားတာတွေနဲ့ ယာဉ်မောင်းသင်တန်း ကျောင်းတွေ တိုးချဲ့ဖွင့်လှစ်တာ၊ ယာဉ်မောင်းလိုင်စင် ကုန်ကျစရိတ်သက်သက်သာသာနဲ့ ထုတ်ပေးတာတွေကို လုပ်ဆောင်မှု အတော်အားနည်းခဲ့ပါတယ်။

ကားပါကင်ပါမစ် 

အဲဒီလိုနဲ့ ၂၀၁၅ ခုနှစ်အရောက်မှာ ရန်ကုန်တိုင်းအစိုးရဟာ ပြည်သူတွေရဲ့ ဒုက္ခကို ကယ်တင်ဖို့ ဆေးမြီတိုအနေနဲ့ ရန်ကုန်လိပ်စာနဲ့ ကားတင်သွင်းခွင့်ကို ကန့်သတ်လိုက်ပါတယ်။ အဲဒါကတော့ ရန်ကုန်လိပ်စာနဲ့ ကားသွင်းမယ့်သူတွေအနေနဲ့ ပါကင်ပါမစ် (ဝါ) ကားထားဖို့ မြေနေရာအလွတ် ထောက်ခံချက်ပါမှပဲ တင်သွင်းခွင့်ပြုတဲ့ မူဝါဒသစ်ကို စခဲ့ပါတယ်။ အဲဒါကြောင့် ကားတစ်စီးကို ကျပ် ၁၀ သိန်းကျော်လောက်အထိ တက်သွားခဲ့ရပါတယ်။ အဲဒီလို ရန်ကုန်လိုင်စင်ကို ပါကင်ပါမစ်ထောက်ခံချက်နဲ့ ခွင့်ပြုပေးနေရာကနေ ဦးသိန်းစိန်အစိုးရ မဆင်းမီအချိန်ဖြစ်တဲ့ ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်ကနေ လိုင်စင်ထုတ်ပေးမှု ခေတ္တရပ်နားခဲ့ရာကနေ အခုထက်ထိရပ်နားထားရပါတယ်။ အခုတော့ ရန်ကုန်လိုင်စင်ကို စင်ကာပူက ကားတင်သွင်းခွင့်ပုံစံမျိုးဖြစ်တဲ့ COE လိုမျိုး ၂၀၁၈ ခုနှစ် ဇွန်လထဲ ခွင့်ပြုပေးဖို့ စီစဉ်နေပါတယ်။

ဒါတွေကတော့ မြန်မာ့မော်တော်ယာဉ်သမိုင်းနဲ့ အခုဖြစ်နေတဲ့ ကားတင်သွင်းခွင့်မူဝါဒတွေပဲဖြစ်ပါတယ်။ မြန်မာ့မော်တော်ယာဉ်သမိုင်းကြောင်းကို ပြောခဲ့ရာမှာ ကားတင်သွင်းမှုတွေကိုပဲ အဓိကထားပြောခဲ့ရတာဟာ ပြည်တွင်းမှာ ထုတ်လုပ်နိုင်မှု အားနည်းချက်နဲ့ အစိုးရတွေရဲ့ လိုအပ်ချက်တွေကြောင့် ပြည်တွင်းကားထုတ်လုပ်မှု နည်းပါးခဲ့ရသလို သမိုင်းကြောင်း ပြန်ပြောရာမှာလည်း ပြည်တွင်းထုတ်တွေအကြောင်း မပါသလောက်နည်းပါးခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ်ကစလို့ Suzuki ကနေ Ertiga ဆိုတဲ့ ကားအမျိုးအစားကို ပြည်တွင်းမှာ ပြန်လည်တပ်ဆင်ထုတ်လုပ်နေပြီးတော့ ၂၀၁၇ မှာ Ciaz ဆလွန်းဆီဒင်ကား အမျိုးအစားနဲ့ Pick-up ကားအမျိုးအစားလေးကိုလည်း ထုတ်လုပ်ရောင်းချနေသလို Nissan ကလည်း သူတို့ရဲ့ နာမည်ကျော် ကားအမျိုးအစားဖြစ်တဲ့ Sunny ကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချနေပြီဖြစ်ပါတယ်။

ဟိန်းမြတ်စိုး