News

POST TYPE

AUTOMOBILE

မိုးရာသီနှင့် ရန်ကုန်လမ်းများ
04-Jun-2018



“အဓိကကတော့ ချိုင့်တွေအကုန် ပြင်စေချင်ပါတယ်”

ဦးမျိုးခန့် (ကိုယ်ပိုင်ယာဉ်မောင်း)

မိုးရာသီရောက်လာတဲ့အတွက် ယာဉ်မောင်းတဲ့အခါ ကြုံရတဲ့အခက်အခဲတွေက မိုးနည်းနည်းရွာတာနဲ့ မီးပွိုင့်ပျက်တော့ ကားပိတ်ပါတယ်။ အဲဒီအတွက် ယာဉ်မောင်းကတော့ ပိုဂရုစိုက်ရပါတယ်။ နောက်တစ်ခုက ဘရိတ်မမိတာတွေလည်း ဖြစ်နိုင်ပါတယ်။ လမ်းတွေပျက်တဲ့အတွက် ကားပျက်စီးမှုလည်း ပိုများတယ်။ အဲဒီအတွက် တာဝန်ရှိသူတွေအနေနဲ့လည်း ယာဉ်မောင်းတွေအတွက် ယာဉ်လမ်းကြောင်း မပိတ်ဆို့အောင် လမ်းတွေ မီးပွိုင့်တွေ ကောင်းအောင် လုပ်သင့်ပါတယ်။ ယာဉ်လမ်းကြောင်း ကျပ်နေတဲ့နေရာမှာ ယာဉ်ထိန်းရဲနဲ့ သေချာရှင်းပေးသင့်တယ်။ လက်ရှိလမ်းတွေကိုတော့ အဆင့်မြှင့်သင့်ပါတယ်။ ပြင်တာမဟုတ်ဘဲ အဆင့်မြှင့်သင့်တာပါ။ ပြင်တာဆိုရင်တော့ ပြင်လိုက်ပျက်လိုက် ဖြစ်နေမှာပါ။ အဓိကကတော့ ချိုင့်တွေအကုန်ပြင်စေချင်ပါတယ်။ မိုးရေတင်တော့ ချိုင့်ကိုမမြင်ရ၊ ကားကကျရင် ထိခိုက်မှုများနိုင်လို့ပါ။ လက်ရှိကျွန်တော်မြင်တာကတော့ လမ်းဆိုရင်တော့ ဒဂုံဆိပ်ကမ်း စက်မှုမြို့ထဲက လမ်းတွေကို ပြင်စေချင်ပါတယ်။ ကျွန်တော်တို့ အလုပ်သွားတဲ့ ဒဂုံဆိပ်ကမ်းကနေ ရွာသာကြီးသွားတဲ့လမ်းဘက်ဆို ကားတောင်မောင်းမရတော့ဘူး။ စက်မှုဇုန်ထဲကတော့ ပျက်နေတုန်း။ အဲဒီဘက်တွေဆို တော်တော်လေးဆိုးပါတယ်။ အဓိက, ကတော့ ဒီလိုဆိုမိုးတွင်းမှာ ယာဉ်မောင်းတွေအတွက် အဓိကပြုပြင်ပေးစေချင်တာက မီးပွိုင့်တွေရယ်၊ လမ်းပိုင်းဆိုင်ရာတွေရယ်နဲ့ ရုံးတက်ရုံးဆင်းချိန်တွေဆို ယာဉ်ထိန်းရဲနဲ့ စနစ်တကျ ရှင်းပေးစေချင်ပါတယ်။



“တစ်နှစ်တစ်ခါ လမ်းတွေပြန်ပြန်ခင်းနေရတော့ အချိန်ကုန် ပိုက်ဆံကုန်တယ်။ အဲဒီတော့ ခင်းလည်း တစ်ခါတည်းအရည်အသွေးမီမီနဲ့ ကောင်းကောင်းမွန်မွန် ခင်းစေချင်တယ်”

မဝင်းလဲ့ရွှေရည် (ကိုယ်ပိုင်ယာဉ်မောင်း) 

မိုးရာသီက တခြားရာသီတွေထက် ကားမောင်းရတာ ပိုခက်ခဲတယ်။ ကျောင်းတွေဖွင့်တာနဲ့ မိုးရွာတာက ကွက်တိသွားဖြစ်နေတော့ ကားပိတ်တဲ့ဒဏ်က တော်တော်ဆိုးတယ်။ ပြီးတော့ မိုးတွင်းဆို ထုံးစံအတိုင်း လမ်းတွေကပေါက်လာ၊ ပျက်စီးလာပြီ။ ကားကျပ်တဲ့အချိန်မှာ လမ်းပေါက်တာတွေနဲ့ကြုံရင် ဘယ်လိုမှရှောင်မရဘူး။ ရှောင်ရင်လည်း ဘေးကားတွေနဲ့ငြိမှာ။ အဲဒီတော့ ဒီချိုင့်တွေထဲ မောင်းရတာပဲ။ အဲဒီမှာ ကားကပိုပိတ်ရော။ မီးပွိုင့်စိမ်းပေမယ့် ချိုင့်တွေရှိတော့ အရှိန်လျှော့ပြီး ဖြည်းဖြည်းပဲမောင်းရတော့ ကားပိတ်တာက ပိုများလာတယ်။ ကျွန်မမြင်တာတော့ မိုးရာသီမှာဆို လေတိုက်တဲ့အတွက် သစ်ပင်လဲတာတို့၊ ဘာတို့ဆို လမ်းတွေ ပိတ်ကုန်ရော။ နောက်ရေကြီးတာတွေရယ်။ လမ်းတွေကို ပေါက်လိုက်ဖာလိုက်၊ ပြန်ပေါက်လိုက် ပြန်ဖာလိုက်။ နောက်ပြီး တစ်နှစ်တစ်ခါ လမ်းတွေပြန်ပြန်ခင်းနေရတော့ အချိန်ကုန်ပိုက်ဆံကုန်တယ်။ အဲဒီတော့ ခင်းလည်း တစ်ခါတည်း အရည်အသွေးမီမီနဲ့ ကောင်းကောင်းမွန်မွန် ခင်းစေချင်တယ်။ နောက်ပြီး မီးပွိုင့်မရှိတဲ့ ဖြတ်ထွက်တဲ့လမ်းတွေမှာ ယာဉ်ထိန်းရဲတွေ ချထားစေချင်တယ်။ ဥပမာဆို ဆရာစံလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းကို ဖြတ်ထွက်တဲ့လမ်းကြားဆုံတဲ့နေရာ၊ အဝိုင်းလေး မှတ်တိုင်နားက မြောက်မြင်းပြိုင်ကွင်းလမ်းကနေ မိုးကောင်းလမ်းမပေါ် ဖြတ်ထွက်ရတဲ့ နေရာမျိုး။ အဲဒီလိုနေရာမျိုးတွေမှာ မိုးရွာတဲ့အချိန်နဲ့ ကျောင်းတွေရုံးတွေ ဆင်းတဲ့အချိန်နဲ့ကြုံရင် ယာဉ်ထိန်းရဲကလည်း မချပေးထားဆို ကားတွေက မရွေ့တော့ဘူး။ တစ်ခါမှလည်း ချမပေးထားပါဘူး။ ဒါက ကျွန်မသွားနေကျနေရာတွေကို ဥပမာပြောပြတာ။

“မီးခဏခဏ ပျက်တာကလည်း မီးပွိုင့်တွေ မီးနီ၊ မီးစိမ်းမရှိတော့တဲ့အတွက် ကားတွေ Jam ဖြစ်တာ ပိုဆိုးတယ်”

ကိုအောင်ကောင်းမြတ် (ကိုယ်ပိုင်ယာဉ်မောင်း)

ကားလမ်းတွေ ပျက်စီးမှုက ပိုများပါတယ်။ ဒါကြောင့် လမ်းရှောင်မောင်းရတာတွေ၊ စလစ်ဖြစ်တာတွေ သတိပြုရတယ်။ ပြီးတော့ ကားပိတ်ဆို့မှု၊ အမြင်တွေ ပိုပြီးဂရုစိုက်ရတာတွေ။ ရာသီဥတု ဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ကားရေနစ်တာတွေ၊ သစ်ပင်သစ်ကိုင်းကအစ ဂရုစိုက်မောင်းနှင်ရပါတယ်။ မီးခဏခဏ ပျက်တာကလည်း မီးပွိုင့်တွေ မီးနီ၊ မီးစိမ်းမရှိတော့တဲ့အတွက် ကားတွေ Jam ဖြစ်တာ ပိုဆိုးတယ်။ လမ်းပျက်စီးမှုတွေက ဥပမာ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ တောင်ဒဂုံလိုနေရာမျိုးတွေမှာ ကားလမ်းတွေ ပျက်စီးမှုပိုများတယ်။ မြို့ထဲမှာကတော့ လမ်းလယ်ကွန်ကရစ်တုံးတွေချထားပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ ဖြေရှင်းမယ့်အစား လိုအပ်တဲ့နေရာတွေပဲချထားပြီး မလိုအပ်တဲ့နေရာတွေမှာ ချမထားစေချင်ဘူး။ မီးပွိုင့်တွေမှာဆိုလည်း နာမည်ကြီးအဝိုင်း ဒါမှမဟုတ် နာမည်ကြီးပွိုင့်၊ ကားတွေထူထပ်တဲ့ မီးပွိုင့်တွေမှာ တာဝန်ရှိယာဉ်ထိန်းရဲတွေ ရှိစေချင်တယ်။