News

POST TYPE

AUTOMOBILE

Makeup Artist သုသု (ညီညီမောင်-စမ်းချောင်း) နှင့် တွေ့ဆုံခြင်း
04-Jun-2018


“အခုလက်ရှိ သုသုစီးတဲ့ ကားတွေအကုန်လုံးက ဇီးရိုးကီလိုတွေချည်းပဲ”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ Makeup Artist သုသုနဲ့တွေဆုံပြီး သူစီးနေတဲ့ ကားလေးတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

Voice : သုသု လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။ 
TT : ကားက လက်ရှိစီးနေတာသုံးစီး။ Ford Everest ရယ်၊ Ford Fiesta ရယ်၊ Mazda Max 3 ရယ် စီးနေပါတယ်။ 

Voice : ကားသုံးစီးထဲမှာ သုသုက ဘယ်ကားအမျိုးအစားကို အကြိုက်ဆုံးလဲ။
TT : သု စီးဖြစ်တာက Ford  Everest စီးဖြစ်တာ များတယ်။ ကြိုက်တာတော့ အကုန်ကြိုက်တယ်။ 

Voice : သုသုစီးနေတာတွေထဲ အစီးအများဆုံး ဖြစ်နေတာက ဘာအားသာချက်ရှိလို့ စီးဖြစ်နေတာလဲ။
TT : ကားက အမြင့်ဆိုတော့ Level လည်း မြင့်တယ်ဆိုတော့ အပေါ်စီးကနေ လူတွေကိုကြည့်ရတာ သုသုကကြိုက်တယ်။ ပြီးတော့ တော်ရုံတန်ရုံ ကားသေးသေးလေးတွေဆိုရင် ကိုယ်ကပြန်မော့ကြည့်နေရတာ။ အဲဒီလိုတွေ သုသုက မကြိုက်ဘူး။ အဲဒါကြောင့် ဒီဟာလေးတော့ စီးဖြစ်တာများတယ်။ 

Voice : သုသုဝယ်ထားတာတွေထဲမှာ ကားအမြင့်တွေများတယ်ဆိုတော့ သုသုကိုယ်တိုင်က ကားအမြင့်တွေစီးရတာ သဘောကျလို့ စီးဖြစ်တာလား။
TT : အခုလက်ရှိ သုသုစီးတဲ့ ကားတွေအကုန်လုံးက ဇီးရိုးကီလိုတွေချည်းပဲ။ ကုမ္ပဏီကနေ တိုက်ရိုက်ဝယ်ထားတာ။ နောက်ပြီးတော့ ၂၀၁၇ တွေချည်းပဲ။ ဘာလို့လဲဆို ကားဟောင်းကျတော့လည်း အရင်ကဝယ်စီးဖူးတယ်။ တစ်လကို တစ်ခါနှစ်ခါလောက်က ပုံမှန်ပြင်နေရတာ။ အခုဒီကားတွေကျတော့ လွှတ်ပြီးအေးဆေးစီးရုံပဲ။ ဘာမှပြင်စရာမလိုဘူး။ အနံ့အသက်ကအစ အကုန်လုံး အသစ်အနံ့နဲ့။ အဲဒီလိုဆိုတော့ ကိုယ်နဲ့အဆင်ပြေတယ်။ ကိုယ်က ကျန်းမာရေးလည်း မကောင်းတော့ အနံ့အသက်မကောင်းရင် မရဘူး။ 

Voice : ကားမှာ အလှဆင်ရတာတို့၊ ဘာတို့ရော သုသုသဘောကျလား။
TT : ကြိုက်တယ်။ ကားထဲမှာ Hello Kitty အရုပ်ကလေးတွေထည့်ရတာ သဘောကျတယ်။ 

Voice : ကားပေါ်မှာရော ခရေဇီဖြစ်တာမျိုးရှိလား။
TT : ကားကတော့ကြိုက်တယ်။ ကားကို အသစ်ထွက်ရင် ထည်လဲမျိုးစုံစီးချင်တာ။ အခု အချစ်ဆုံး သူငယ်ချင်းကတောင် Alphard တစ်စီး လက်ဆောင်ပေးမလို့ပြောတယ်။ ထားစရာနေရာ မရှိတော့လို့ မယူတော့ရင်ကောင်းမလားလို့။ သူက သုသု ကားကြိုက်မှန်း သိလို့လေ။ 

Voice : ကားအမျိုးအစားတွေ အများကြီးရှိတဲ့ အထဲက သုသုက ဘယ်လိုကားအမျိုးအစားမျိုးကို သဘောကျလဲ။
TT : ကားကို အမျိုးအစားရယ်တော့ မရှိဘူး။ စီးလို့ကောင်းမယ်၊ ဒီဇိုင်းလည်းလှတယ်ဆို သုကကြိုက်တယ်။ ကားကျတော့ နေ့တိုင်းမသုံးမဖြစ်သုံးနေရတာဆိုတော့လေ သုံးလို့ကောင်းတာဆိုကြိုက်တယ်။ 

Voice : သုသုကိုယ်တိုင်ကလည်း Makeup Artist တစ်ယောက်ဆိုတော့ ကားကတစ်နေ့တာမှာ ဘယ်လောက်အထိ အရေးပါတယ်လို့ မြင်လဲ။ 
TT : အရေးပါပါတယ်။ အချိန်မီ တစ်နေရာနဲ့ တစ်နေရာ သွားရဖို့ဆို အရေးပါတယ်။ အရင်က တက္ကစီနဲ့ သွားရတာမျိုးရှိဖူးတယ်။ အဲဒီအခါမှာ တက္ကစီသမားတွေက ကွေ့ပတ်ခေါ်သွားနဲ့။ ကိုယ်ပိုင်ကားကျ ဘယ်လမ်းကသွားရင် အမြန်ရောက်နိုင်မယ်ဆို ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်တယ်။ ဘယ်လမ်းကသွားရင် ဘယ်လောက်မြန်မယ်ဆိုတာ တွက်တတ်လာတယ်။ စိတ်သွားတိုင်း ကိုယ်ပါတာပေါ့။ 

ခိုင်ချယ်ရီထွန်း