POST TYPE

AUTOMOBILE

မိုးတွင်းကာလ ဂရုစိုက်သင့်တဲ့အရာများ
28-May-2018



ရာသီ မိုးဥတုကျဖို့ အချိန်ကနီးကပ်လာပြီဖြစ်ပါတယ်။ ဒါကြောင့် မိုးမကျမီကားနဲ့ပတ်သက်ပြီး စစ်ဆေးစရာရှိတာတွေနဲ့ ကြိုတင်ပြင်ဆင်သင့်တာလေးတွေကို ဒီတစ်ပတ်မှတ်တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ မိုးတွင်းမှာ ကားတစ်စီးအတွက် မရှိမဖြစ်ကောင်းမွန်နေရမယ့် အရာလေးတွေကဘာတွေလဲ။ ဘာတွေကို ဂရုစိုက်သင့်လဲဆိုတာတွေကို ကြည့်လိုက်ကြရအောင်။

တာယာတွေ

ဒါကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ဂရုစိုက်ရမယ့် ကားတစ်စီးရဲ့ အဓိကအစိတ်အပိုင်းတစ်ခုပါ။ ကားမထွက်မီ နေ့စဉ်စစ်ဆေးသင့်တဲ့ အရာတွေထဲမှာလည်း ပါပါတယ်။ ဒါပေမဲ့ မိုးတွင်းမှာဆို ပိုသတိထားရပါတယ်။ မိုးရေတွေနဲ့ စိုစွတ်လမ်းပေါ်မှာ မောင်းနှင်မယ်ဆိုရင် ကိုယ့်ကားရဲ့ တာယာပန်းတွေကောင်းနေဖို့ အများကြီးလိုအပ်ပါတယ်။ ခြောက်သွေ့တဲ့ရာသီတွေမှာ တာယာ ပန်းအရမ်းမကောင်းလို့ မောင်းရင်တောင် အန္တရာယ် အများကြီးမရှိပေမယ့် မိုးတွင်းမှာမောင်းမယ့် ကားတွေရဲ့ တာယာပန်းတွေက အရမ်းကောင်းနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပထမဦးစားပေးအနေနဲ့ မိုးတွင်းကာလမရောက်မီ ကိုယ့်ရဲ့တာယာတွေ ကောင်းမကောင်း အရင်စစ်ဆေးထားဖို့လိုပါတယ်။ မကောင်းရင် အသစ်လဲလိုက်သင့်သလို သိပ်မကောင်းတဲ့ တာယာတွေကိုလည်း အသစ်လဲပြီး ခြောက်သွေ့တဲ့ရာသီရောက်မှ ပြန်သုံးတာပဲဖြစ်ဖြစ်လုပ်သင့်ပါတယ်။ 

တာယာဘယ်အချိန်မှာလဲသင့်လဲ

တစ်ဆက်တည်း တာယာပန်းတွေကို ဘယ်လိုစစ်ဆေးသင့်လဲဆိုတာနဲ့ တာယာဘယ်အချိန်မှာ လဲသင့်လဲဆိုတာကို ဖော်ပြပါရစေ။ အရမ်းပျက်စီးနေတဲ့ တာယာကတုံးတစ်လုံးကိုတော့ လူတိုင်းက လဲသင့်ပြီဆိုတာ ကောင်းကောင်းသိကြမှာပါ။ တာယာတစ်ခုကို ကြည့်လိုက်မယ်ဆိုရင် တာယာဘေးဘက်ပန်းသားတွေပေါ်က အပြင်ဘက်ကို ထိုးထားတဲ့ တြိဂံသေးသေးလေးတွေ တာယာပတ်လည်မှာ ရှိနေတာကို မြင်တွေ့ရမှာပါ။ အဲဒီတြိဂံနဲ့ တည့်တည့် တာယာပန်းကိုကြည့်လိုက်မယ်ဆိုရင် တာယာပန်းသားတစ်ခုနဲ့တစ်ခုကြားက မြောင်းလေးမှာ ကန့်လန့်လိုင်းထူထူလေး ရှိပါတယ်။ တခြားနေရာမှာ အဲဒီကန့်လန့်လိုင်း အထူလေးတွေမပါတတ်ပါဘူး။ အဲဒီလိုင်းကလေးတွေကို တာယာအခြေအနေ အညွှန်းကိန်း (Thread Wear Limit Indicator) လို့ ခေါ်ပါတယ်။ တြိဂံနဲ့တည့်တည့်မှာသာပါလေ့ရှိပါတယ်။ တစ်ခါတလေ တချို့တာယာတွေမှာ အဲဒီတြိဂံမပါပေမယ့် တာယာပန်းသား တစ်ခုနဲ့တစ်ခုကြားက မြောင်းလေးမှာ ကန့်လန့်လိုင်းထူထူလေးတွေတော့ ပါတတ်ပါတယ်။ အဓိပ္ပာယ်က ကားမောင်းရင်း တာယာစားလာလို့ အဲဒီကန့်လန့်လိုင်းကိုရောက်ရင် လဲတော့လို့ ပြောတာပါ။

ဖြစ်နိုင်ရင် တာယာတစ်လုံးကို အဲဒီလောက်အထိ မသုံးဖို့အကြံပေးလိုပါတယ်။ အဲဒီ လိုင်းမထိခင် ၂ ဒသမ ၅ မီလီမီတာ (2.5 mm) လောက်ဆို မကြာခင် လဲရတော့မှာပါ။ ၁ ဒသမ ၆ မီလီမီတာ (1.6 mm) ဒါမှမဟုတ် ၁ ဒသမ ၅ မီလီမီတာ (1.5 mm) ဆိုရင်တော့ လဲကိုလဲသင့်နေပါပြီ။ နိုင်ငံခြားမှာတော့ ပိုက်ဆံအကြွေစေ့လေး ဒေါင်လိုက်ထည့်ပြီး တာယာကောင်းမကောင်းတိုင်းကြပါတယ်။ အဲဒီလိုတိုင်းတာကို The Penny Test၊ The Quarter Test လို့လည်း ခေါ်ကြတယ်။ တချို့တာယာကုမ္ပဏီတွေကနေ သူတို့ရဲ့ တာယာတွေကို အာမခံအနေနဲ့ ပေးကြတာရှိပေမယ့် ကျွမ်းကျင်သူတွေကတော့ တာယာသက်တမ်းကို ဘယ်လောက်သုံးပါလို့ အတိအကျ မညွှန်းကြပါဘူး။ ဒါပေမဲ့ ကိုယ့်တာယာကို ငါးနှစ်အထိသုံးပြီးလို့ ငါးနှစ်ကျော်တာနဲ့ တစ်နှစ်တစ်ခါ တာယာကျွမ်းကျင်သူတွေနဲ့ စစ်ဖို့ဆိုကြပါတယ်။ ၁၀ နှစ်ဆိုရင်တော့ တာယာထုတ်တဲ့ ကုမ္ပဏီတွေက သုံးပါလို့ ပြောကြတာမရှိပါဘူး။ ကျွမ်းကျင်သူတွေကတော့ တာယာတစ်လုံးကို ငါးနှစ်အထိပဲ သုံးပြီးလဲတာ အကောင်းဆုံးပဲလို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံက တာယာတွေမှာတော့ အာမခံချက်နည်းပါးကြပါတယ်။ ဘယ်ကထုတ်တဲ့ တာယာပဲဖြစ်ဖြစ် နေ့စဉ်မောင်းနှင်အသုံးပြုနေတာဖြစ်တဲ့အတွက် ခဲလုံးလေးနဲ့ပဲဖြစ်ဖြစ်၊ တခြားအချွန်အတက်တစ်ခုခုကြောင့်ပဲဖြစ်ဖြစ် တာယာတွေကို ဒုက္ခပေးတတ်လို့ အမြဲတမ်း စစ်ဆေးကြဖို့ လိုပါတယ်။ တာယာဝယ်မယ်ဆိုရင်တော့ Fresh Date ကို သေချာရွေးဝယ်ဖို့ တိုက်တွန်းလိုက်ပါရစေ။

တာယာအသစ်တစ်လုံးရဲ့ ထုတ်လုပ်ရက်

တာယာဝယ်မယ်ဆိုရင် ဒီတာယာတစ်လုံးကို ဘယ်အချိန်ကထုတ်လုပ်ထားတာလဲဆိုတာ ထည့်သွင်းပေးထားတတ်ဆိုတာ တော်တော်များများသိကြမှာပါ။ ဒါပေမဲ့ ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။ တာယာအသစ်တစ်လုံးရဲ့ တာယာနံရံမှာ ဂဏန်းလေးလုံးနဲ့ ဖော်ပြပါတယ်။ ရှေ့ဂဏန်း နှစ်လုံးက အပတ် (Week)၊ နောက်ဂဏန်းနှစ်လုံးက နှစ် (Year) ပါ။ ဥပမာ ၅၁၈ ဆိုရင် ဒါဟာ ၂၀၁၈ ခုနှစ် ၅ ပတ်မြောက် (ဖေဖော်ဝါရီ ပထမပတ်) က ထုတ်ထားတဲ့ တာယာလို့ သိနိုင်ပါတယ်။

တာယာပန်းနဲ့ လေပေါင်ချိန်

တာယာလဲမယ်ဆိုရင် တစ်လုံးချင်းစီ လဲတာထက် လေးလုံးလုံး ပြိုင်တူလဲတာအကောင်းဆုံးပါပဲ။ တာယာဆိုက်တူ၊ အမျိုးအစားတူ ဖြစ်သင့်ပါတယ်။ ဒါမှမဟုတ်ရင် ရှေ့နှစ်ဘီးတူ၊ ဒါမှမဟုတ်ရင် နောက်နှစ်ဘီးကတော့ အနည်းဆုံးတူရပါမယ်။ ဘာလို့လဲဆို တော့ တာယာပန်း (Tire Pattern) ညီမှ ကားကို ထိန်းချုပ်မောင်းနှင်ရာမှ ကောင်းမွန်စေမှာဖြစ်လို့ပါ။ နောက်တာယာကို ဂရုစိုက်ရမှာက လေပေါင်ချိန်ပါ။ ကိုယ့်တာယာကို သာမန်လေ ဒါမှမဟုတ် Nitrogen ဘာကိုပဲထိုးထိုး Tire Pressure မှန်ပြီး လေးဘီးလုံးညီနေရပါမယ်။ Hightway မထွက်ခင် သေချာစစ်ပါ။ စပါယ်ယာ တာယာထည့်သွားဖို့ မမေ့ပါနဲ့။ တာယာတစ်ပတ်လည်မှာ မျက်မြင်အနေနဲ့ရော တခြားပုံမှန်မဟုတ်တာ ဘာတွေရှိနေလဲ ဆိုတာကိုလည်း စစ်ကြည့်ပါ။ ဥပမာ ဘီးနတ်ချောင်နေသလားဆိုတာမျိုးပေါ့။ 

Wiper

မိုးတွင်းမရောက်မီ ပြင်ဆင်သင့်တဲ့ နောက်တစ်ခုက Wiper ပါ။ ရှေ့ Wiper ပဲဖြစ်ဖြစ်၊ နောက် Wiper ပဲဖြစ်ဖြစ် ဘာဖြစ်နေလဲဆိုတာ စစ်ဆေးသင့်ပါတယ်။ တချို့ကားတွေမှာလဲ Wiper ပြဿနာတွေ ရှိတတ်ပါတယ်။ ဥပမာ - Toyota Ractis ဆိုရင် ရေဆင်းပေါက်ပိတ်တဲ့ ပြဿနာရှိတတ်ပါတယ်။ ဒီကားဟာ New Zealand ကို တင်သွင်းရောင်းချပြီးသားကားတွေမှာ Wiper ပြဿနာဖြစ်လို့ ပြန်ပြုပြင်ဖို့ Recall ခေါ်ပြီး ပြန်ပြင်ပေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် Wiper ကို စစ်ဆေးဖို့လိုသလို ဖြုတ်ပြင်သင့်ရင် ပြင်ရပါမယ်။ နောက်တစ်ခုက Wiper တစ်ခုမှာ Blade ကို ဘယ်လောက်ဈေးကြီးတာ ဝယ်သုံးသုံး ရေပြောင်တာခဏပါပဲ။ လူတွေ အမှတ်မှားနေတာက မိုးဘယ်လောက်ကြီးကြီး Wiper Blade က ရေကို ကုန်အောင်သုတ်နိုင်တယ်ဆိုတာပါ။ တကယ်တော့ မိုးကြီးမိုးနည်း ဘာဖြစ်ဖြစ် Wiper Blade ဟာ လက်နဲ့သုတ်သလို မပြောင်ပါဘူး။ နည်းနည်းရေကျန်တာ သဘာဝပါပဲ။ နောက်ပြီး ကိုယ့်ကားရဲ့ လေကာမှန် မျက်နှာပြင်တွေက ဘယ်လောက်သန့်ရှင်းနေလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ မှန်မှာ လက်နဲ့ သန့်ရှင်းရေးလုပ်ရင်တောင်မှ ခက်ခက်ခဲခဲသန့်ရှင်းအောင်လုပ်ရတဲ့ ချိုးတွေ၊ အညှိတွေ ရှိနေတတ်ပါတယ်။ အဲဒါတွေရှိနေရင်လဲ Wiper က ရေစင်အောင် မသုတ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ကားရဲ့ Wiper Blade တွေကို တစ်နှစ်တစ်ခါလဲတာ အကောင်းဆုံးပါပဲ။ ဒီလိုလဲချင်းဖြင့် ကိုယ့်ရဲ့ လေကာမှန်တွေမှာလည်း Wiper Blade ကြောင့် အစင်းထင်တာ သက်သာစေတာပေါ့။ ပြီးတော့ မှန်တွေကိုအမြဲ သန့်ရှင်းရေးလုပ်ပေးပါ။ မဟုတ်ရင် ဖုန်တွေသဲတွေနဲ့ Wiper ဖွင့်လိုက်ရင် မှန်ကို ကော်ပတ်စားလိုက်သလို ဖြစ်တတ်ပါတယ်။ ကြာရင် မှန်မကြည်တော့ပါဘူး။ နောက်တစ်ခုက ရေဖျန်းတဲ့ဘူးလေးထဲမှာ သာမန်ရေမထည့်ပါနဲ့။ ကြာလာရင် ရေညှိတွေနဲ့ ရေလိုင်းပိတ်ပါတယ်။ Glass Cleaner လိုဟာမျိုးထည့်ပါ။ ဒီလိုဆေးရည်လေးတွေက တစ်လီတာကို ကျပ်တစ်ထောင်လောက်ပဲ ရှိပါတယ်။

Air Cleaner

နောက်သတိထားစရာတစ်ခုက Air Cleaner ပါ။ ခြောက်သွေ့တဲ့ရာသီမှာ အဲကွန်းဖွင့်မမောင်းတဲ့ ကားတွေအနေနဲ့ ဖုန်တွေဝင်ထားမှာဖြစ်တဲ့အတွက် ကားရဲ့ Air-Con စနစ်ကို ရှင်းလင်းပေးတဲ့ Air Cleaner တွေကိုဖြုတ်ပြီး သန့်ရှင်းရေးလုပ်ပြီးမှ သုံးဖို့လိုပါတယ်။ နောက်မို့ဆို Air Cleaner မှာ ကပ်နေတဲ့ ဖုန်မှုန့်တွေဟာ မိုးတွင်းရောက်လို့ ရေငွေ့နဲ့တွေ့ရင် ဖုန်တွေခဲ့ပြီး Air Cleaner ကို ပိတ်သွားစေတတ်ပါတယ်။ မြန်မာပြည်အောက်ပိုင်းက ကားတွေ ပိုဂရုစိုက်သင့်ပါတယ်။ Air Con Evaporator Coil (အအေး Coil) က Air Cleaner စစ်ဆေးပြီး လိုရင်လဲပေးပါ။

Lamps

နောက်တစ်ခုကတော့ ကားမီးသီးကြီးတွေပါ။ ကားမှာရှိတဲ့ မီးတွေအားလုံး ကောင်းဖို့လိုပါတယ်။ ဒါက အချိန်တိုင်းအတွက်ဖြစ်ပေမယ့် မိုးတွင်းနဲ့ ဆောင်းတွင်းဆို ပိုအရေးကြီးပါတယ်။ ဘာလို့ဆို မိုးတွင်းမိုးများများရွာရင် ရှေ့မြင်ကွင်းသဲကွဲစေဖို့ နေ့ဘက်လည်း Tail Light (ဆိုင်းလင့်မီး) ထွန်းမောင်း ရတာတွေ ကြုံရပါတယ်။ တစ်ခါတစ်ရံ မိုးသိပ်ကြီးလို့ ဖြည်းဖြည်းမောင်းတာမျိုး ဒါမှမဟုတ် လမ်းဘေးရပ် ထားရရင် Hazard Lamp ဆိုတဲ့ စုံမီးရိုက်ထားရပါမယ် (အခုလက်ရှိက တလွဲအတွေးနဲ့ လမ်းဆုံတွေ ဖြတ်တိုင်းသုံးနေကြပါတယ် အမှားကြီးပါ။ ကားဆိုတာ တည့်တည့်မောင်းရင် ဘာ Signal မီးမှ ပြစရာမလိုပါဘူး)။

Brake

ဘရိတ်ကတော့ အမြဲတမ်းစစ်ဆေးနေရမယ့် အရာပါ။ ဘရိတ်မကောင်းရင် ဘယ်လိုအချိန်မျိုးမှာမှ မမောင်းသင့်ပါဘူး။ အဲဒီအထဲမှာမှ မိုးတွင်လို လမ်းစိုစွတ်တတ်တဲ့ ရာသီမျိုးမှာ ဘရိတ်တွေကို ကောင်းမကောင်းက ပိုလို့အရေးကြီးပါတယ်။ မိုးတွင်းမကျမီ ဘရိတ်တွေ ချိန်ကြည့်ပါ။ ရှေ့ဘရိတ်တွေ ဘရိတ်ဆာဗိုတွေ စစ်ဖို့လိုပါတယ်။ ABS (Anti-Lock Braking System) ကားဆိုရင်တော့ သာမန်မပါတဲ့ ကားတွေထက် ဘရိတ်ဖမ်း၊ စတီယာရင်ကွေ့တာတွေ ပိုကောင်းပါတယ်။ ဘရိတ်ရှူးတွေ ဘရိတ်ပတ်တွေ မကောင်းရင်လည်း လဲပေးဖို့လိုပါတယ်။

Steering and Suspension

ကိုယ်တိုင် မစစ်ဆေးတတ်သူတွေအနေနဲ့ ကားအောက်ပိုင်းဝန်ဆောင်မှုပေးနိုင်တဲ့ ဆိုင်ကောင်း ကောင်းမှာ သွားစစ်ပါ။ Steering ရာမှာ ကားရဲ့ Steering Angle ဟာ ဘယ်ညာတူနေရပါမယ်။ ဥပမာ - ဘယ် ၃၀ ဒီဂရီဆိုရင် ညာလည်း အဲဒီပမာဏ အတိုင်းပဲ ဖြစ်ရပါမယ်။ 

Air Con & Heater

အခုနောက်ပိုင်း ဆောင်းရာသီလို အေးတဲ့ရာသီမှာတော့ နေ့ဘက်က ပူတဲ့အတွက် ကားတော်တော်များများ (တက္ကစီအပါအဝင်) အဲကွန်းဖွင့်မောင်းလာကြပေမယ့် ဆီချွေတာတာပဲဖြစ်ဖြစ်၊ အဲကွန်း မကောင်းလို့ပဲဖြစ်ဖြစ် ဖွင့်မမောင်းတဲ့ ကားတွေလည်း ရှိပါတယ်။ ဖွင့်မမောင်းတဲ့ ကားတွေအနေနဲ့ မိုးတွင်းလိုအချိန်မျိုးမှာတော့ မဖြစ်မနေဖွင့်မောင်းရလေ့ရှိပါတယ်။ အားလုံးသိတဲ့အတိုင်း မိုးတွင်းမှာ မှန်ကိုရေငွေ့ရိုက်ပါတယ်။ Air-Con ဖွင့်မထားရင် ရေငွေ့ရိုက်ပါတယ်။ Air-Con ဖွင့်မောင်းမှ မိုးရွာနေတဲ့အချိန် ကားမောင်းရာမှာ မှန်တွေကို ရေခိုးရေငွေ့ရိုက်လို့ မြင်ကွင်းမကြည်မလင်ဖြစ်စေတာကို မဖြစ်မှာပါ။ ဒါပေမဲ့ Air-Con အရမ်းများသွားရင်လည်း ရေငွေ့ရိုက်နိုင်တဲ့ အတွက် အဲလိုအခါမျိုးမှာ Heater ဖွင့်သင့်ရင်ဖွင့်ပြီး မှန်ကိုမှုတ်ရပါမယ်။ မိုးရွာနေတဲ့အချိန်မှာ Air-Con နဲ့ Heater ကို အလျဉ်းသင့်သလို ကားမောင်းသူအနေနဲ့ အသုံးပြုရပါမယ်။

Reflecting Triangle, Touch Light, Rain Coat & Umbrella

နောက်လိုတဲ့ပစ္စည်းတွေအနေနဲ့ကတော့ ည မောင်းသူတွေအနေနဲ့ ရောင်ပြန်တြိဂံလို သူများကားတွေ မြင်သာစေမယ့်အရာမျိုး၊ ဓာတ်မီး၊ ထီး၊ မိုးကာစသဖြင့် လိုအပ်မှာဖြစ်ပါတယ်။ ဒီပစ္စည်းတွေက မတော်တဆ ညဘက်မှာ ကားပျက်ခဲ့မယ်ဆိုရင် ဒီပစ္စည်းတွေက အသုံးတည့်စေမှာပါ။ ဘယ်လိုသုံးရမလဲဆိုတော့ ရောင်ပြန်တွေကို ကားရှေ့မှာ ၁ ခု၊ နောက်မှာ တစ်ခုစီ ကို ၁၀ ပေလောက်ခွာချထားပါ။

ဒါတွေကတော့ မိုးတွင်းမကျမီ ပြင်ဆင်ထားသင့်တဲ့ အရာလေးတွေပါပဲ။ စာဖတ်သူအနေနဲ့ ကိုယ်တိုင်ကားမောင်းနေတဲ့သူဆိုရင်တော့ အခုဖော်ပြထားတာတွေ အပါအဝင် ကိုယ့်ကားရဲ့ ဖြစ်တတ်တဲ့အရာလေးတွေကို ပိုသိနေမှာဖြစ်တဲ့အတွက် ကိုယ့်ကားအတွက် လိုအပ်မယ့်အရာတွေကို ကားထဲမှာ အမြဲဆောင်ထားသင့်ပါတယ်လို့ တိုက်တွန်းလိုက်ပါရစေ။

ဟိန်းမြတ်စိုး