POST TYPE

AUTOMOBILE

တေးသံရှင် R-ဇာနည်နှင့် တွေ့ဆုံခြင်း
28-May-2018



“မြန်မာနိုင်ငံအတွက်တော့ တော်တော်ကိုက်ညီတဲ့ ကားအမျိုးအစားမျိုးပါ”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ အခုလက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာရှိနေသေးတဲ့ တေးသံရှင် R-ဇာနည်နဲ့ တွေ့ဆုံပြီး သူလက်ရှိစီးနေတဲ့ ကားအကြောင်းလေးတွေ မေးမြန်းခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
RZN : လက်ရှိစီးနေတဲ့ ကားအမျိုးအစားက BMW 5 Series စီးနေပါတယ်။ 

Voice : ဒီကားရဲ့ အားသာချက်တွေကရော ဘာတွေရှိလဲ။ 
RZN : ဒီကားရဲ့အားသာချက်က ဆင်ဆာတွေ ပတ်ပတ်လည်ပါမယ်။ ဒါကတော့ အခုနောက်ထွက်တဲ့ ကားတွေအကုန်လုံးမှာတော့ ပါနေပါပြီ။ ရှေ့တီဗီ၊ နောက်တီဗီ အဲဒါမျိုးတွေပါမယ်။ ပြီးတော့သူက Mode  သုံးမျိုးလောက်သုံးလို့ရတယ်။ ရိုးရိုး Comfortable Mode၊ Sport Mode၊ Comfort  Mode ရယ်ဆိုပြီး ပါပါတယ်။ နောက်ပြီး မြို့ထဲကားကျပ်ချိန်တွေကျရင် လိမ့်ရုံပဲလိမ့်လို့ရတဲ့ အနေအထားမျိုးမှာသုံးပြီး မောင်းလို့ရတဲ့ Mode မျိုးပါ။ အဓိကကတော့ ဆီစားတဲ့ပုံစံမျိုးတွေ ကွာသွားတာပေါ့နော်။ နောက်တစ်မျိုးက Sport တို့ဘာတို့ ပြောင်းလိုက်ပြီဆို Type တို့ဘာတို့ နောက်အောက်ပိုင်းတွေကအစ အကုန်လုံး ပြောင်းသွားတာမျိုးတွေပါတယ်။ နောက်ပြီး ကျွန်တော်တို့အနုပညာရှင်တွေအတွက် တစ်ခုကောင်းသွားတာက Sound System တွေကအစ ကောင်းတယ်။ စီဒီတွေဘာတွေလည်း ပါတယ်ဆိုတော့ နောက်အရမ်း မော်ဒယ်လ်မြင့်တဲ့ဟာတွေကျတော့ စီဒီတွေဘာတွေ မပါတော့ဘူး။ အားလုံးက Bluetooth တွေဘာတွေပါတဲ့အပြင် Speaker System တွေကောင်းတယ်။ ပြီးတော့ နောက်တစ်ခုက ညဘက်တွေဘာတွေ မောင်းလို့ရှိရင် လမ်းဘေးမှာလူလမ်း​လျှောက်နေတာတို့၊ နောက်လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် ဖြတ်သွားတာနဲ့ မီးလှမ်းတောက်တယ်။ လူကိုဆို မျက်နှာကို မီးနဲ့လှမ်းထိုးတာမျိုးမဟုတ်ဘဲနဲ့ ကိုယ့်အတွက်ပဲ။ ဒါဘေးမှာ လူရှိတယ်ဆိုတာလေးကို သူကမီးနဲ့လှမ်းထိုးပြတယ်။ ညဘက်မှာဆို အကောင်လေးဖြတ်ပြေးသွားရင် သမင်ပုံလေးတွေပေါ်တာမျိုးတွေရှိတယ်။ ပြီးတော့ လူဖြတ်ကူးရင် လူပုံပေါ်တယ်။ ဒီမှာကတော့ ခွေးဖြတ်ကူးရင် သမင်ပုံပေါ်တာပေါ့နော်။ အဲဒီလို ဖြတ်ကူးရင်တောင် ကျွန်တော်က ဝမ်းကိုနောက်နေသေးတယ်။ အဲဒါသမင်မဟုတ်ဘူး ခွေးလို့။ အဲဒီလိုမျိုး အားသာချက်လေးတွေရှိပါတယ်။ နောက် အင်ဂျင်ပါဝါက အရမ်းမများဘူးဆိုပေမယ့်ပြေးတယ်။ ဆီစားတဲ့နှုန်းကလည်း ချိန်ပြီးတော့လုပ်ထားတာဆိုတော့ ကောင်းပါတယ်။ မြန်မာနိုင်ငံအတွက်တော့ တော်တော်ကိုက်ညီတဲ့ ကားအမျိုးအစားမျိုးပါ။ 

Voice : ဒီကားက ဝယ်ထားတာကြာပြီလား။ နောက်ပြီး ဥရောပကားအမျိုးအစားတွေရော၊ အာရှကားအမျိုးအစားတွေ အများကြီးရှိတဲ့ အထဲကနေပြီး ဒီကားအမျိုးအစားကို ရွေးချယ်ဖြစ်သွားပုံလေးရောတစ်ချက် ပြောပြပေးပါဦး။ 
RZN : ကျွန်တော်က ကားအမျိုးအစားအကုန်လုံးကို ကြိုက်ပါတယ်။ ဒါပေမဲ့ အကျိုးအကြောင်း တိုက်ဆိုင်သွားတာက ဒီ BMW ကား Series စပြီး မိတ်ဆက်တဲ့အချိန်မှာ ကျွန်တော်တို့မိသားစုနဲ့ မိတ်ဆက်ချင်တယ်ဆိုပြီး ကမ်းလှမ်းလာတာနဲ့ ကျွန်တော်တို့ မိတ်ဆက်ပေးခဲ့တယ်။ နောက်ပြီးတော့ သူတို့က ထပ်ပြီးတော့ ဒီကား Series လေး ယူပါလားဆိုပြီးတော့ Payment တွေဘာတွေလုပ်ပြီး ရောင်းပေးမယ်ပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဈေးတွေဘာတွေလည်း လျှော့ပေးမယ်ဆိုတော့ ကျွန်တော် တစ်ချက်ကြည့်တယ်။ ကျွန်တော် 2 Series တော့ မလိုချင်ဘူး။ 5 Series ဆိုရင်တော့ ယူချင်တယ်။ ယူမယ်ဆိုရင်တော့ ကျွန်တော်က ဒီကားကိုစီးလို့ ရသလောက်ကို စီးတော့မှာ။ မလဲလည်း မလဲတော့ဘူး။ ကျွန်တော့် အမည်ပေါက်လည်းဖြစ်တယ်ဆိုတော့ ယူရင်တော့ ဆလွန်းကားအမျိုးအစားပဲ လိုချင်တယ်။ 5 Series ကတော့ ဈေးကလည်းကွာတာပေါ့နော်။ အသားကလည်း လယ်သာအသားနဲ့။ နောက် Luxury Type အမျိုးအစားလည်း ဖြစ်သွားတယ်။ ပွဲသွားလည်း အဆင်ပြေတယ်။ ခရီးသွားလည်း အဆင်ပြေတယ်။ လူကတော့ 2 Series လောက်တော့ မဆံ့ဘူးပေါ့။ 

Voice : အစ်ကို့အနေနဲ့ Sport Type နဲ့ Luxury Type ဆို ဘယ်ဟာကို ပိုပြီးသဘောကျလဲ။ 
RZN : ကိုယ်က လူလတ်ပိုင်းလည်းဖြစ်တော့ Luxury လည်းသုံးချင်တယ်။ နောက် ကျွန်တော်တို့က ဒရိုင်ဘာလည်းမခန့်ဘူး။ ကိုယ်တိုင်ပဲမောင်းတဲ့အတွက် Sport ပုံစံလည်းသုံးလို့ရမယ်၊ Luxury လည်း သုံးလို့ရမယ့် အဘက်ဘက်ကသုံးလို့ အဆင်ပြေမယ့်ပုံလေး ရွေးဖြစ်သွားတာပါ။

ခိုင်ချယ်ရီထွန်း