POST TYPE

AUTOMOBILE

ရန်ကုန် နှင့် ကြားကား
28-May-2018

“ဘယ်နေရာက ဖမ်းဆီးရမိတာလဲဆိုရင် မြို့နယ်အစုံလို့ပဲ ပြောရမှာဖြစ်တယ်”

ဒုရဲမှူးဆန်းထွန်း (အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ ခွဲမှူးရုံး)

ရန်ကုန်တိုင်းအတွင်းမှာ ခရီးသည်တင်ယာဉ်အဖြစ် မှတ်ပုံမတင်ထားဘဲနဲ့ တရားမဝင် ကြားကား (အောက်ဆိုက်ကား) တွေက ဝင်ရောက်မောင်းနှင်နေတာကို ဖမ်းဆီးအရေးယူနေပါတယ်။ အခု ဒီမေလဆန်းထဲမှာ ကြားကား ၁၅ စီး ဖမ်းဆီးထားတယ်။ ဘယ်နေရာက ဖမ်းဆီးရမိတာလဲ ဆိုရင် မြို့နယ်အစုံလို့ပဲ ပြောရမှာဖြစ်တယ်။ သူ့နယ်မြေခံ ယာဉ်ထိန်းရဲတွေနဲ့ စောင့်ကြည့် စစ်ဆေးနေတာဖြစ်တယ်။ လက်ရှိဖမ်းဆီးရမိထားတာတွေကတော့ အင်းစိန်၊ လှိုင်သာယာ၊ ကျောက်မြောင်းတို့က အများဆုံး ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ အခုလို သတ်မှတ်လိုင်စင်မရှိဘဲ ပြေးဆွဲခြင်းကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအရ လုပ်ငန်းလိုင်စင်ကွဲလွဲပြစ်ဒဏ်နဲ့ ပုဒ်မ ၆၅ အရ ဒဏ်ငွေကျပ်သုံးသောင်း ချမှတ်အရေးယူလိုက်ပါတယ်။ YRTA က ည ၁၀ နာရီအထိ ခရီးသည်ယာဉ်တွေ ပြေးဆွဲပေးဖို့ စီစဉ်နေတာ အကောင်အထည်ဖော်လာရင်တော့ အောက်ဆိုက်ကား၊ တရားမဝင်ကြားကားတွေ ပပျောက်သွားမှာပါ။



“YBS စီးမယ်ဆို နှစ်ဆင့်၊ သုံးဆင့်စီးရမယ်။ တစ်ဆင့်တည်းကားတွေက ရှားနေပြီလေ”

မခင်ခင် (ခရီးသည်)

အစကတော့ ကြားကားက ပထမတော့ ညီမလည်းမကြိုက်ဘူး။ အရင် မထသ ပုံစံလိုပဲမို့လို့လေ။ ဒါပေမဲ့ YBS က ညပိုင်းဆို ကားမရှိတော့ဘူး။ မြောက်ဥက္ကာလာဘက်ဆို ၁၅၊ ၁၉ တို့ဆို ည ၇ နာရီလောက်ဆို ရှားနေပြီ။ ၂၃ လိုင်းကျ ပန်းခြံဘက်သွားတဲ့လိုင်း သိပ်မရှိဘူး။ အဲဒီတော့ ကြားကားပဲ အားကိုးရပြန်ရော။ ကြားကားကတော့ အတော်ဆိုးတယ်။ အပြောအဆို မောင်းတာကအစ လုံခြုံမှု လုံးဝမရှိဘူး။ လိုင်းကားရှားတော့ အဲဒီကြားကားပဲ အားကိုးနေရရော။ တောင်ဥက္ကလာဘက်က ၄၂၊ ၁၈ တို့ ဆိုလည်း ၇နာရီလောက်ဆိုရင်ပဲ ဘေလီအထိပဲသွားကြတော့တာ။ မြို့ထဲပိုင်းတွေတော့ ကြားကားရှားတယ်။ မြို့သစ်ဘက်တွေတော့ ကြားကားတွေချည်းပဲ။ သမိုင်းလမ်းဆုံတို့၊ မြောက်ဥက္ကလာဘက်တို့ဆို ကြားကားမရှိရင် အိမ်ပြန်ဖို့ အဆင်မပြေဘူး။ လိုင်းကားက အတော်ရှားသွားပြီ။ အရင်က ၉ နာရီကျော်ကျော်အထိ လိုင်းကားရှိတယ်။ ခုကျ ၇ နာရီနောက်ပိုင်းမှာ လိုင်းကားရှားနေတယ်။ လိုင်းကားက ညနက်ပိုင်းအထိ ရှိပေးရင်တော့ ကြားကားက မလိုဘူး။ ခုက လိုင်းကားတွေမရှိတော့ ကြားကားက လိုနေသေးတာ။ ပြီးတော့ YBS စီးမယ်ဆို နှစ်ဆင့်၊ သုံးဆင့်စီးရမယ်။ တစ်ဆင့်တည်းကားတွေက ရှားနေပြီလေ။ 



“YBS ကလည်း ဖြည့်ဆည်းမပေးနိုင်တော့ သူတို့က မရှိမဖြစ်လို ဖြစ်နေတယ်”

ကိုဖြိုးသက်နိုင် (ခရီးသည်) 

ည ၉ နာရီကျော် ၁၀ နာရီလောက်ဆို YBS က သိပ်မရှိတော့လို့ပါ။ ညဘက် မိုးချုပ်မှ ပြန်ရတဲ့သူတွေအတွက်တော့ မရှိမဖြစ်လို ဖြစ်နေပါတယ်။ YBS သိပ်မရှိတော့တဲ့အချိန်မှာ ကြားကားစီးလေ့ရှိပါတယ်။ ည ၉ ခွဲ ၁၀ ဝန်းကျင်လောက်ပေါ့။ အားသာချက်က ဆူးလေကနေ လှိုင်သာယာ၊ ရွှေပြည်သာအထိ ၅၀၀ တည်းနဲ့ ရောက်ပါတယ်။ ပြီးတော့ သူတို့က ကိုယ်နဲ့အနီးဆုံးနေရာအထိ လိုက်ပို့တတ်တယ်။ ရပ်ပေးတယ်။ အားနည်းချက်ကတော့ အသက်အာမခံမရှိတာပါ။ အပြိုင်အဆိုင် မောင်းကြပါတယ်။ စံပြကျော်တာနဲ့ မြေနီကုန်း၊ လှည်းတန်း၊ အင်းစိန်အထိ တော်တော်လေးမြန်မြန်မောင်းကြတယ်။ တစ်ခါဆို သံလမ်းမှတ်တိုင်နားမှာ ဓာတ်တိုင်ကို ဝင်တိုက်တာမျိုးအထိ ဖြစ်ကြတယ်။ ယာဉ်စည်းကမ်းမလိုက်နာကြဘူး။ ဒါပေမဲ့ YBS ကလည်း ဖြည့်ဆည်းမပေးနိုင်တော့ သူတို့က မရှိမဖြစ်လိုဖြစ်နေတယ်။ ကြားကားတွေကို စောင့်ဖမ်းတာတွေ ရှိပါတယ်။ ပြည်လမ်းမှာဖမ်းရင် သူတို့က ဗဟိုလမ်းက သွားပါတယ်။ ဒီလမ်းမှာဖမ်းနေရင် ဟိုဘက်လမ်းက သွားတာဆိုတော့ ညဘက် YBS လေးတွေ ရှိစေချင်တယ်။ ဒီနောက်ပိုင်းတော့ ၁၀ နာရီလောက်အထိ YBS ဆွဲပေးနေတာ ရှိပါတယ်။ ဒါပေမဲ့ နည်းနေသေးတယ်။ ပြီးတော့ ခရီးဆုံးထိ မရောက်ဘူး။