News

POST TYPE

AUTOMOBILE

ရန်ကုန်ကားလိုင်စင် ဇွန်လမှစ၍ ပြန်ခွင့်ပြုမည်
26-May-2018
ရန်ကုန်၊ မေ ၂၆

ရန်ကုန်လိုင်စင် (ရန်ကုန်ကားတင် သွင်းခွင့်လက်မှတ်- YVQC) ကို ဇွန်လမှစတင်၍ ပြန်လည် ပေးအပ်မည်ဟု မေလ ၂၄ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

လိုင်စင်ပြန်ပေးမည့် အသေးစိတ် အစီအစဉ်များကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း မရှိသော်လည်း ကနဦး ဆွေးနွေးထားခဲ့သည့် ကားအမျိုးအစားအလိုက် ကျပ် ၁၀ သိန်းမှ သိန်း ၉၀ အထိ သတ်မှတ်၍ လိုင်စင်ထုတ်ပေးလာနိုင်ကြောင်း ၎င်းကဆိုသည်။

“ရန်ကုန်လိုင်စင် မရတဲ့အတွက် စလစ်ကပ်ပြီးတော့ ရန်ကုန်လိုင်စင် ထုတ်နေရတာ။ စလစ်ဈေးကလည်း သိန်း ၁၂၀ လောက်ရှိနေတော့ ဒီလို ရန်ကုန်လိုင်စင် ပြန်ပေးလိုက်တာ ကောင်းပါတယ်။ ဒီဟာက ဈေးနှုန်းနဲ့တော့ သိပ်မဆိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ၂၀၁၈ ကားမူဝါဒကိုက ဘယ်မောင်းဦးစားပေးဖြစ်သွားတဲ့အတွက်ပါ။ အဲဒီတော့ ဘယ်မောင်းကားသစ်တွေ ဈေးကျမှာလည်း မဟုတ်ပါဘူး။ ဘာလို့ဆို ဆူဇူကီးတို့က ဘယ်မောင်းကားသစ်တွေနဂိုတည်းက ထုတ်နေတာကြောင့်မို့ပါ”ဟု ဒေါက်တာစိုးထွန်းက ပြောဆိုသည်။

ရန်ကုန်လိုင်စင် ပြန်လည်ပေးအပ်မည်ဆိုပါက ဈေးကျနိုင်သည်ဟု အများစုက ထင်မြင်နေကြသော်လည်း ယခင်နှစ်များက မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒဖြင့်ဆိုပါက ကျဆင်းနိုင်မည် ဖြစ်သော်လည်း ၂၀၁၈ ကားတင်သွင်းခွင့်မူဝါဒတွင်မူ မည်သည့်ကားမဆို ဘယ်မောင်းများသာ တင်သွင်းရတော့မည်ဖြစ်သည့်အတွက် ဈေးကျမည်မဟုတ်ဘဲ ယခင်နယ်လိုင်စင်များဖြင့် ဝယ်ယူနေရာမှ ရန်ကုန်လိုင်စင် ပြန်လည်ရရှိခြင်းသာ ထူးခြားမည်ဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များက မှတ်ချက်ပြုပြောကြားသည်။

“ကားဟောင်းတွေက သွင်းလို့မရတော့ဘူးဆိုတော့ ကားသစ်(Brand New) တွေပဲ ရတော့မယ့်သဘော ဖြစ်သွားတာပေါ့။ အဲဒီတော့ ရန်ကုန်လိုင်စင် ရမယ့်ကားတွေအနေနဲ့ အရင်ကထက် ဈေးပိုရသွားနိုင်တာပေါ့”ဟု ကားလုပ်ငန်းရှင် ဦးမိုးကျော်စွာက ပြောဆိုသည်။

ရန်ကုန်တိုင်းအစိုးရက ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ရန်ကုန်လိပ်စာဖြင့် ကားတင်သွင်းခွင့်ကို ပါကင်ပါမစ်ဖြင့် ခွင့်ပြုခဲ့ရာမှ ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့က ရပ်ဆိုင်းခဲ့ပြီးနောက် ယခုနှစ် ဧပြီ ၁ ရက်နေ့မှစ၍ အခွန်အခတစ်ခုအဖြစ် ကောက်ခံ၍ ပြည်ထောင်စုအစိုးရ ဘတ်ဂျက်အတွင်းသို့ ထည့်သွင်းရန် စီစဉ်နေရာ YVQC တစ်ခုလျှင် ကားအမျိုးအစားအလိုက် ကျပ် ၁၀ သိန်းမှ သိန်း ၉၀ အထိကောက်ခံပြီး ယင်းလိုင်စင်တစ်စောင်လျှင် သက်တမ်း ၁၅ နှစ်အထိ ခွင့်ပြုရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။

S-04