News

POST TYPE

AUTOMOBILE

ဆိုင်ကယ်နည်းပညာသစ်နဲ့ နည်းပညာများ
21-May-2018



ကားတွေအတွက်တော့ တစ်နှစ်ပြီးတစ်နှစ်၊ တစ်ခုပြီးတစ်ခု လုံခြုံမှုနည်းပညာတွေကို တီထွင်ဖန်တီးကြပေမယ့် မော်တော်ဆိုင်ကယ်တွေအတွက်တော့ လုံခြုံမှုနည်းပညာသစ်တွေ ဖန်တီးမှုက နည်းပါးလှပါတယ်။ သူ့ဘာသူလဲရင်ပဲဖြစ်ဖြစ်၊ သူက သူများကို တိုက်ရင်ပဲဖြစ်ဖြစ်၊ သူ့ကိုသူများကလာတိုက်ရင်ပဲဖြစ်ဖြစ် သူတို့က အခံဘက်ကချည်းပါပဲ။ ဒါကတော့ ဆိုင်ကယ်စီးသူတွေပါ။ ဒီမှာတော့ ဆိုင်ကယ်သမားတွေကို “တိုက်ရှော” လို့ ခေါ်ကြပါတယ်။ ဒီလိုနည်းပညာသစ်တွေနည်းပြီး အန္တရာယ်များတဲ့ ဆိုင်ကယ်တွေအတွက် ယာဉ်တိုက်မှု လျှော့ချပေးနိုင်ဖို့ ဂျာမန်အခြေစိုက်စက်မှုကုမ္ပဏီ သျြခ့ က နည်းပညာသစ်တစ်ခုကို ဖန်တီးထုတ်လုပ်လိုက်တဲ့အကြောင်းကို ဒီတစ်ပတ်မှာ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီနည်းပညာက အာရုံခံရေဒါစနစ်တစ်ခုဖြစ်ပါတယ်။ ဒီရေဒါကို ဆိုင်ကယ်မှာ တပ်ဆင်လိုက်ရုံနဲ့ မော်တော်ဆိုင်ကယ်တွေရဲ့ ယာဉ်မတော်တဆမှုကို လျော့ကျစေမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မော်တော်ဆိုင်ကယ် စီးနင်းမှုများပြားတဲ့အတွက် ဒီနည်းပညာသစ်လေးကို ကြည့်လိုက်ကြရအောင်။

နည်းပညာသစ်က ဘယ်လိုလဲ

အခု Bosch ရဲ့ နည်းပညာကို ကားတွေမှာဆိုရင် Crumple Zones (ယာဉ်တိုက်မှုဖြစ်လျှင် အင်အားပြင်းထန်မှုမဖြစ်စေရန် ရည်ရွယ်၍ တပ်ဆင်ထားတဲ့ ကျိုးပျက်နိုင်သော အစိတ်အပိုင်းများ၊ အထူးသဖြင့် ကားရှေ့ဆုံးနှင့် နောက်ဆုံးအစိတ်အပိုင်းများ) မှာ တပ်ဆင်အသုံးပြုတာပါ။ ကားတွေအတွက်တော့ ဒီဇုန်အပြင် ယာဉ်တိုက်မှုဖြစ်တာကို လေအိတ်တွေ၊ ထိုင်ခုံခါးပတ်တွေ ဖြည့်စွက်လိုက်ခြင်းဖြင့် ပိုမိုဘေးအန္တရာယ်ကင်းရှင်းအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ မော်တော်ဆိုင်ကယ် မောင်းနှင်သူတွေအနေနဲ့ ကားမောင်းသူတွေထက် အန္တရာယ်ပိုများပြီး အဆ ၂၀ ပိုပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ ဂျာမနီမှာဆိုရင် ပြီးခဲ့တဲ့နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုကြောင့် အသက်ဆုံးရှုံးမှု ၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ German Federal Statistics Office က ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာလည်း တစ်နှစ်ထက်တစ်နှစ် သေဆုံးမှုနှုန်းက မြင့်တက်နေတာပါ။ ယနေ့လို ဖေ့စ်ဘွတ်ခ်ခေတ်ကြီးထဲမှာ တစ်ရက်ကို ဆိုင်ကယ်တိုက်မှုတွေက မရိုးနိုင်အောင် တွေ့နေရတာပါ။

ဒါကြောင့် Bosch က မော်တော်ယာဉ်ဆိုင်ကယ်စီးနင်းသူတွေ အန္တရာယ်ကင်းစေဖို့အတွက် အခုနည်းပညာသစ်ကို တီထွင်ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ Bosch က မော်တော်ဆိုင်ကယ် မောင်းနှင်သူတွေအတွက် “လမ်းမတွေပေါ်မှာ မော်တော်ဆိုင်ကယ်မောင်းနှင်သူတွေ နောက်ထပ် အသက်မဆုံးစေရေး” ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီစနစ်သစ်မှာ ကာကွယ်ပေးနိုင်မယ့် နည်းပညာသုံးခုနဲ့ ထုတ်လုပ်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီသုံးမျိုးကတော့ မော်တော်ဆိုင်ကယ်တွေ ဘေးကင်းလုံခြုံမှုအတွက် စိတ်ချရတဲ့ မောင်းနှင်မှုရရှိစေဖို့ ထိန်းညှိနိုင်တဲ့ ထိန်းချုပ်မှုစနစ် (ACC-Adaptive Cruise Control)၊ ရှေ့ဘက်က ယာဉ်တိုက်မှု အန္တရာယ်သတိပေးမှုစနစ် (ACC-Adaptive Cruise Control)၊ မြင်ကွင်းပြင်ပရောက်ရှိနေတဲ့ ဧရိယာ (Blind-spot) အာရုံခံမှုစနစ် (Blind-spot Detection) ဆိုတဲ့ နည်းပညာတွေပါဝင်တဲ့ ထုတ်ကုန်အသစ်ကို ဖန်တီးထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီထုတ်ကုန်သစ်ဟာ မော်တော်ကားတွေအတွက် အလိုအလျောက် မောင်းနှင်မှုကို လုပ်ဆောင်ပေးနိုင်တဲ့ နည်းပညာပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။

ဆိုင်ကယ်တွေမောင်းနှင်ရာမှာ ထိန်းညှိနိုင်မယ့် ထိန်းချုပ်မှု (ACC-Adaptive Cruise Control)

ယာဉ်သွားလာမှုများပြားတဲ့လမ်းကြောင်းမှာ မောင်းနှင်တာနဲ့ ရှေ့မှာရှိတဲ့ ယာဉ်နဲ့ ကိုယ့်ယာဉ်ကြား အကွာအဝေးကို မှန်ကန်အောင်ထိန်းညှိရခြင်းဟာ အလွန်အလေးထားအာရုံစူးစိုက်ရလေ့ရှိပါတယ်။ အချိန်ကြာရင် မောင်းနှင်ရသူကို ပင်ပန်းစေတယ်။ ACC က ယာဉ်ကြောရှုပ်ထွေးမှုအပေါ်မူတည်ပြီး ယာဉ်ရဲ့အရှိန်နှုန်းကို ထိန်းညှိပေးပြီး တခြားယာဉ်နောက်ကနေ မောင်းနှင်ရင်းလိုအပ်တဲ့ ဘေးကင်းလုံခြုံတဲ့ အကွာအဝေးကို ထိန်းညှိပေးပါတယ်။ ဒီအချက်က ရှေ့မှာမောင်းနှင်နေတဲ့ ယာဉ်နောက်ကနေ အလွန်နီးကပ်စွာ ကပ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ ယာဉ်အချင်းချင်း နောက်မှ ဝင်တိုက်မိခြင်းကို ထိရောက်စွာကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ACC က မောင်းနှင်သူတွေအတွက် သက်သောင့်သက်သာဖြစ်စေမှုကို ပေးစွမ်းနိုင်ရုံသာမက အထူးသဖြင့် ယာဉ်ကြောရှုပ်ထွေးတဲ့နေရာတွေမှာ ပိုအာရုံစူးစိုက်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ 

ယာဉ်ရှေ့ဘက် ယာဉ်တိုက်မှု သတိပေးစနစ် (Forward Collision Warning System)

ယာဉ်လမ်းကြောင်းတွေပေါ်မှာ အချိန်ခဏလေး အာရုံစိုက်မှုလစ်ဟင်းသွားတာနဲ့ ကြီးမားတဲ့အကျိုးဆက်တွေကို ဖြစ်စေနိုင်ပါတယ်။ Bosch ကမော်တော် ဆိုင်ကယ်တွေအတွက် ယာဉ်ရှေ့ဘက်ယာဉ်တိုက်မှု သတိပေးစနစ်ကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ ဒီစနစ်သစ်ဟာ ယာဉ်အချင်းချင်း နောက်က ဝင်တိုက်မိတာ ဒါမှမဟုတ် ဒီအကျိုးဆက်ကြောင့် ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် လျှော့ချပေးတာတွေကို လုပ်ဆောင်ပေးပါတယ်။ ဒီစနစ်ဟာ မော်တော်ယာဉ်စတင်လည်ပတ်တာနဲ့ စလုပ်ပြီး မောင်းနှင်သူကို မြန်နှုန်းအမျိုးမျိုးပေါ်မှာ အထောက်အကူပြုပေးတာ ဖြစ်ပါတယ်။ တကယ်လို့ တခြားယာဉ်တစ်စီးကနေ အန္တရာယ်ရှိနိုင်လောက်အောင် နီးကပ်လာပြီး မောင်းနှင်နေသူက ဒီအခြေအနေကို မသိဘူးဆိုရင် ဒီစနစ်ကနေပြီးတော့ အသံနဲ့ပဲဖြစ်ဖြစ်၊ မြင်တွေ့နိုင်မယ့် အချက်ပြစနစ်တစ်ခုခုနဲ့ သတိပေးမှာ ဖြစ်ပါတယ်။

မြင်ကွင်းပြင်ပရောက်ရှိနေတဲ့ ဧရိယာအာရုံခံမှုစနစ် (Blind-spot Detection)

ဒီစနစ်ဟာ မော်တော်ဆိုင်ကယ်မောင်းနှင်သူတွေကို လမ်းကြောတစ်ခုနဲ့တစ်ခု ဘေးကင်းလုံခြုံစွာ ပြောင်းလဲနိုင်ဖို့ အရပ်မျက်နှာနေရာအနှံ့ကို စောင့်ကြည့်ပေးတာဖြစ်ပါတယ်။ မြင်ကွင်းပြင်ပ ရောက်နေတဲ့ ဧရိယာ (Blind-spot) အာရုံခံမှုစနစ်မှာ ရေဒါအာရုံခံကိရိယာပါပါတယ်။ ဒီရေဒါက မြင်ကွင်းပြင်ပ ရောက်နေတဲ့ ဧရိယာကို Electronic Eye တစ်ခုလို အာရုံခံပေးပါတယ်။ မြင်နိုင်ဖို့ခက်ခဲတဲ့ ဧရိယာတွေ အတွင်းက အရာဝတ္ထုတွေကိုအာရုံခံပြီး အမျိုးအစား သတ်မှတ်ပေးပါတယ်။ မောင်းနှင်သူရဲ့ မြင်ကွင်းပြင်ပရောက်နေတဲ့ ဧရိယာထဲက ယာဉ်တစ်စီးစီးရှိနေရင်လည်း ဒီနည်းပညာက မောင်းနှင်သူမြင်တွေ့နိုင်မယ့် အချက်ပြနည်းနဲ့ပဲဖြစ်ဖြစ်၊ ဥပမာ - နောက်ကြည့်မှန်ကနေတစ်ဆင့် အချက်ပြသသွားမယ့် စနစ်ဖြစ်ပါတယ်။

ဒီနည်းပညာသစ်ကို ဘယ်ကုမ္ပဏီကြီးတွေကနေ တပ်ဆင်ထုတ်လုပ်မှာလဲ 

ဒီနည်းပညာသစ်ကို ကမ္ဘာကျော်မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုလုပ်ငန်းတွေဖြစ်တဲ့ ဩစတြေးလျက KTM နဲ့ အီတလီက Ducati ဆိုတဲ့ နိုင်ငံအနှံ့ကို ဆိုင်ကယ်တွေ ထုတ်လုပ်ဖြန့်ချိနေတဲ့ ကုမ္ပဏီတွေကနေ ၂၀၂၀ ခုနှစ်မော်ဒယ်လ် မော်တော်ဆိုင်ကယ်တွေမှာ ထည့်သွင်းတပ်ဆင်ပေးသွားမှာဖြစ်ပါတယ်။ ဒီနည်းပညာက ဆိုင်ကယ်မောင်းနှင်ခြင်းရဲ့ လွတ်လပ်ပေါ့ပါးမှုကို မလျော့ကျစေတဲ့အပြင် မော်တော်ဆိုင်ကယ် မောင်းနှင်သူတွေရဲ့ တာဝန်ဝတ္တရားပေါ့လျော့မှုမဖြစ်စေဖို့ Bosch ရဲ့ ဦးတည်ရာဖြစ်တဲ့ မတော်တဆမှု ကင်းစင်တဲ့ ယာဉ်မောင်းနှင်မှုဆီကို နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။

ပိုမိုဘေးကင်းလုံခြုံမှု 

လေ့လာဆန်းစစ်ချက်တွေအရ မော်တော်ဆိုင်ကယ် မတော်တဆမှုတွေ ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်း ၂ ချက်ရှိပါတယ်။ နံပါတ် ၁ က မောင်းနှင်သူက ကိုယ့်ရဲ့ မော်တော်ဆိုင်ကယ်ကို ထိန်းချုပ်လို့ မရတော့တဲ့အချိန်နဲ့ နံပါတ် ၂ က တခြားယာဉ်တွေနဲ့ တိုက်မိတာတွေကြောင့်ဖြစ်ပါတယ်။(အချက်အလက်ရင်းမြစ်။ Bosch ၏ မတော်တဆမှု သုတေသနလေ့လာတွေ့ရှိချက်)။ ယာဉ်မတော်တဆမှု ၁၀ ခုမှာ ၉ ခု လောက်ဟာ လူတွေရဲ့ အမှားကြောင့်ဖြစ်တယ်။ မော်တော်ဆိုင်ကယ် ဘေးကင်းလုံခြုံရေး နည်းပညာလုပ်ငန်းရဲ့ ကမ္ဘာ့ဦးဆောင်လုပ်ငန်းတစ်ခုအနေနှင့် ဘီးနှစ်ဘီးနဲ့ မောင်းနှင်စီးနင်းမှုကို ပိုမိုဘေးကင်းလုံခြုံစိတ်ချရအောင် ABS နှင့် MSC မော်တော်ဆိုင်ကယ်တည်ငြိမ်မှု ထိန်းချုပ်ခြင်းစနစ်လို အထောက်အပံ့စနစ်တွေကို ဖန်တီးထားခဲ့ပြီးဖြစ်ပါတယ်။

ဒီစနစ်သစ်က ဘယ်လောက်ထိ ယာဉ်အန္တရာယ် ကင်းရှင်းစေမှာလဲ

အခုနည်းပညာသစ်ကတော့ Bosch ကုမ္ပဏီအနေနဲ့ နောက်တစ်ဆင့်ကို ခြေလှမ်းစတင်လိုက်ခြင်းပဲဖြစ်ပါတယ်။ Bosch ရဲ့ မတော်တဆမှု သုတေသနလေ့လာတွေ့ရှိချက်တွေအရ ရေဒါအခြေခံတဲ့ အထောက်အကူပြုစနစ်ဟာ မော်တော်ဆိုင်ကယ် မတော်တဆမှု ၇ ခုမှာ ၁ ခုနှုန်းကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီလျှပ်စစ် အထောက်အကူပြုစနစ်တွေဟာ အမြဲတမ်းအသင့်အနေအထားမှာရှိစေပြီး အရေးပေါ်အခြေအနေတွေမှာ လူသားတွေထက် ပိုမိုလျင်မြန်စွာ တုံ့ပြန်လုပ်ဆောင်နိုင်ကြပါတယ်။ ဒီစနစ်တွေကို ပံ့ပိုးကူညီပေးတဲ့ နည်းပညာမှာ ရေဒါအာရုံခံမှု၊ ဘရိတ်စနစ်၊ အင်ဂျင်ထိန်းချုပ်စီမံမှုနဲ့ HMI (လူနှင့် စက်ပစ္စည်းတို့အကြား တုံ့ပြန်လုပ်ဆောင်မှု- Human Machine Interface) ကို ပေါင်းစပ်ထည့်သွင်းထားပါတယ်။ ရေဒါကို မော်တော်ဆိုင်ကယ်ရဲ့ အာရုံခံကိရိယာအဖြစ် ထည့်သွင်းထားရုံနဲ့ ဒီမော်တော်ဆိုင်ကယ်အထောက်အကူပြု နည်းစနစ်အသစ်တွေနဲ့ ဘေးကင်းလုံခြုံမှုလုပ်ဆောင်ချက်တွေက မော်တော်ယာဉ်ရဲ့တိကျတဲ့ ဘေးပတ်ဝန်းကျင်မြင်ကွင်းပုံရိပ်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အကျိုးရလဒ်အားဖြင့် ဒီအထောက်အကူပြု နည်းစနစ်က ဘေးကင်းလုံခြုံမှုကို မြှင့်တင်ပေးနိုင်ရုံသာမက မောင်းနှင်သူတွေအတွက် သက်သောင့်သက်သာဖြစ်မှုနဲ့ ယာဉ်မောင်းနှင်မှုအပေါ် စိတ်ကျေနပ်မှုကိုပါ ပေးစွမ်းနိုင်ပါတယ်။

ဟိန်းမြတ်စိုး

(Reference - Bosch Myanmar)