News

POST TYPE

AUTOMOBILE

ကားမောင်းနေစဉ် ထိုင်ခုံခါးပတ်ပတ်ခြင်းနှင့် အရေးယူမှု
21-May-2018
“နှစ်လအတွင်း ယာဉ်စီးရေ နှစ်ထောင်ကျော် စစ်ဆေးဖမ်းဆီးရမိထားတယ်”

ဒုရဲမှူးဆန်းထွန်း (အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး)

ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေတဲ့ယာဉ်တွေအားလုံး ထိုင်ခုံခါးပတ်ပတ်ရမှာဖြစ်တယ်။ ဒီစီမံချက်ကို ၂၀၁၇ ခုနှစ်က စီမံချက်နဲ့ စစ်ဆေးအရေးယူနေတာဖြစ်တယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ယာဉ်စစ်ဆေးရေးအဖွဲ့ ၁၀ ဖွဲ့နဲ့ စည်းကမ်းဖောက်ဖျက်တဲ့ မော်တော်ယာဉ်တွေကို စစ်ဆေးအရေးယူနေတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ နှစ်လအတွင်း ယာဉ်စီးရေ နှစ်ထောင်ကျော် စစ်ဆေးဖမ်းဆီးရမိထားတယ်။ ဒါ စည်းကမ်းသတ်မှတ်ချက်ကို မလိုက်နာတာ။ စည်းကမ်းချိုးဖောက်တဲ့ ယာဉ်မောင်းတွေကို (အသက်ကယ်ထိုင်ခုံခါးပတ် ပတ်ဆင်မောင်းနှင်ခြင်းမရှိသည့်ယာဉ်) ပြစ်မှုနဲ့ ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၆၂ အရ ဒဏ်ငွေကျပ်သုံးသောင်းထက်မပိုတဲ့ ပြစ်ဒဏ်ချမှတ်တယ်။ အရေးယူအပြစ်ပေးတဲ့အခါမှာလည်း ဥပဒေအတိုင်းပဲ အရေးယူပါတယ်။ ဥပဒေကိုကျော်ပြီး ဒဏ်ငွေတိုးချမှတ်တာကို မလုပ်ပါဘူး။



“ဘေးကခရီးသည် ခါးပတ်မပတ်မိတဲ့အတွက် ဒဏ်ရိုက်တာ ခံရဖူးတယ်”

ကိုတေဇာ (အငှားယာဉ်မောင်း)

ယာဉ်မောင်းတဲ့အခါ ထိုင်ခုံခါးပတ်ပတ်ရတာနဲ့ပတ်သက်ပြီး ကျွန်တော်သိထားတာကတော့ ဒီနှစ်နှစ်ဆန်းပိုင်းလောက်တုန်းက ကမ်ပိန်းတွေလုပ်တယ်။ နောက်ပညာပေးကာလတွေထားတယ်။ နောက်ပိုင်း ယာဉ်မောင်းနေတုန်း ခါးပတ်မပတ်မိရင် ဒဏ်ငွေရိုက်တယ်။ ဒီလိုဥပဒေထုတ်ထားတဲ့အတွက် ကျွန်တော်တို့ယာဉ်မောင်းတွေအတွက် ကောင်းတာပေါ့နော်။ ကျွန်တော်လည်းတစ်ခေါက်က ကားမောင်းနေရင်း ဘေးကခရီးသည် ခါးပတ်မပတ်မိတဲ့အတွက် ဒဏ်ရိုက်တာ ခံရဖူးတယ်။ အရင်က ကျွန်တော်တို့ထင်တာက ကားမောင်းတဲ့အခါ ယာဉ်မောင်းက ခါးပတ်ပတ်ပြီး မောင်းရမယ်၊ မမောင်းရင် ဒဏ်ရိုက်ခံရမယ်လို့ပဲ ထင်ထားတာ။ အဲဒီနောက်ပိုင်း ခရီးသည်ကိုလည်း ခါးပတ်ပတ်ဖို့ သတိပေးရသလို ကိုယ်တိုင်လည်းအမြဲသတိထားပြီး ခါးပတ်ပတ်တယ်။ ဒါပေမဲ့ မြို့ထဲမှာ မောင်းနေတာတော့ လမ်းပိတ်တာတို့ဘာတို့နဲ့ဆိုတော့ အရှိန်နဲ့လည်း မောင်းတာမရှိတဲ့အတွက် အရမ်းကြီးတော့ အန္တရာယ်များတယ်လို့ မထင်ဘူး။ ဒါက နေ့ခင်းပိုင်းကိုပြောတာပေါ့နော်။ ညဘက်ဆိုရင်တော့ ကားလမ်းလည်းရှင်းတဲ့အတွက် ခါးပတ်ပတ်မောင်းတာ ကိုယ့်အတွက် ပိုပြီးအန္တရာယ်ကင်းတယ်။ အဓိက မဖြစ်မနေပတ်ရမှာကတော့ ဟိုင်းဝေးသွားတဲ့အခါတွေမှာတော့ လိုအပ်ပါတယ်။



“အားလုံးလိုက်နာသင့်ပါတယ်။ ကိုယ့်အတွက်ပဲဆိုတော့လေ”

မမဉ္ဇူထွန်း (ကိုယ်ပိုင်ယာဉ်မောင်း) 

ကောင်းပါတယ်။ အဲဒီ Rule လေးထုတ်လာတာ။ ဒါကလည်းယာဉ်မောင်းတွေ အတွက်ပဲလေ။ အားလုံးအန္တရာယ် ကင်းဖို့ အတွက်နိုင်ငံက ချမှတ်ပေးတာဆိုတော့ အားလုံးလိုက်နာသင့်ပါတယ်။ ညီမဆို အရင်က ခါးပတ်အမြဲမပတ်ဘူး။ နောက်ပိုင်းလည်း အကျင့်ပါနေတော့ နှစ်ခါတောင် အဖမ်းခံရသေးတယ် မှတ်မှတ်ရရပဲ။ ပထမတစ်ကြိမ်က ပညာပေးပါ။ ဒုတိယ တစ်ကြိမ်ကတော့ ဒဏ်ငွေနဲ့ထိသွားတယ်။ အခုကတော့ ခါးပတ်ကအမြဲကို ပတ်တော့တာ။ အိမ်နားက ဈေးသွားရင်တောင် ခါးပတ်ကိုပတ်တယ်။ ကားမောင်းရင်း ခါးပတ်ပတ်ပြီး မောင်းရတာနဲ့ မပတ်ဘဲ မောင်းရတာ ကွာတယ်။ အဓိကကတော့ ကိုယ့်ရဲ့စိတ်ပဲ။ ကိုယ့်ကိုယ်ကိုယ် ပိုလုံခြုံမှုရှိလာတယ် ခံစားရတယ်။ အစပိုင်းကတော့ ဒဏ်ရိုက်တဲ့အပေါ် နည်းနည်းအမြင် မကြည်ချင်ဘူး။ ဒါပေမဲ့နောက်ပိုင်း ကိုယ်တကယ်ခံရမှ သိလာတယ်။ ဒဏ်ရိုက်ခံရမှ လူကပိုလိုက်နာဖြစ်လာတယ်။ ဒါ လူတိုင်း အန္တရာယ်ကင်းအောင်ချမှတ်တဲ့ Rule ဆိုတော့ အားလုံးလိုက်နာသင့်ပါတယ်။ ကိုယ့်အတွက်ပဲ ဆိုတော့လေ။

ခိုင်ချယ်ရီထွန်း