News

POST TYPE

AUTOMOBILE

ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကားများ
14-May-2018
အပတ်ကတော့ ကမ္ဘာ့ဈေးအကြီးဆုံးကားတွေအကြောင်း တင်ဆက်ခဲ့ပါတယ်။ ဒီတစ်ပတ်အတွက်တော့ ကမ္ဘာတစ်ဝန်း ဘယ်ကားတွေက ရောင်းအားအကောင်းဆုံးလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကားအမျိုးက ၁၂ မျိုးထိရှိပါတယ်။ ထူးထူးခြားခြားပဲ ဒီစာရင်းထဲမှာ အများဆုံးအနေနဲ့ အာရှထုတ်ကား အမျိုးအစားတွေပါဝင်နေတာပါ။ အာရှအင်အားကြီး စက်မှုနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယားက ကားတွေပါဝင်နေပါတယ်။ ကြည့်လိုက်ကြရအောင်။



(၁) Toyota Corolla (အစီးရေ ၁ ဒသမ ၂ သန်း)

ဂျပန်နိုင်ငံရဲ့ နံပါတ် ၁ ကားကုမ္ပဏီဖြစ်တဲ့ တိုယိုတာကားကုမ္ပဏီကထုတ်တဲ့ ကားလေးကပဲ ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကားစာရင်းရဲ့ ထိပ်ဆုံးနေရာကို ရယူထားပါတယ်။ ဒီကားလေးကို ထုတ်လုပ်ချိန်မှာ သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရပေမယ့် ကမ္ဘာ့ရောင်းအားအကောင်းဆုံးအဖြစ် Toyota Corolla ကားအမျိုးအစားက အစီးရေ ၁ ဒသမ ၂ သန်း ရောင်းချပြီး ရောင်းအားအကောင်းဆုံး နံပါတ် ၁ နေရာကို ရယူထားပါတယ်။ ဒီကားလေးကို ၁၉၆၆ ခုနှစ်က စထုတ်ခဲ့တာပါ။ အခုဆိုရင် မျိုးဆက် ၁၂ ဆက်မြောက်အဖြစ် ၂၀၁၈ မော်ဒယ်လ်သစ်ကနေ စတင်ထုတ်လုပ်နေတာ ဖြစ်ပါတယ်။



(၂) Hyundai Elantra (အစီးရေ ၁ ဒသမ ဝ၁ သန်း) 

နံပါတ် ၂ နေရာမှာတော့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အခြေစိုက်ပြီး ထုတ်လုပ်တဲ့ Hyundai Elantra ကားလေးက နေရာယူထားပါတယ်။ ဒီနှစ်ထဲမှာ အစီးရေ ၁ ဒသမ ဝ၁ သန်းအထိရောင်းချထားပြီး နံပါတ် ၂ နေရာကို ရောက်ရှိနေတာပါ။ ဒီကားလေးကို ကိုရီးယားနိုင်ငံမှာ Avante လို့ ခေါ်ဆိုကြပါတယ်။ ဒီကားလေးကို ၁၉၉၀ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ ပထမမျိုးဆက်အနေနဲ့ ၁၉၉၀ ကနေ ၉၅ အထိ၊ ဒုတိယမျိုးဆက်ကို ၁၉၉၅ ကနေ ၂၀၀၀ ခုနှစ်အထိ၊ တတိယမျိုးဆက်ကို ၂၀၀၀ ခုနှစ်ကနေ ၂၀၀၆ ခုနှစ် အထိ၊ စတုတ္ထမျိုးဆက်ကို ၂၀၀၇ ကနေ ၂၀၁၀ အထိ၊ ပဉ္စမမျိုးဆက်ကို ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အထိနဲ့ အခု နောက်ဆုံးမျိုးဆက်အနေနဲ့ ဆဋ္ဌမမြောက်မျိုးဆက်ကို ၂၀၁၆ ကနေ ရောက်ရှိမော်ဒယ်လ်အထိ ထုတ်လုပ်နေတာဖြစ်ပါတယ်။



(၃) Wuling Sunshine (အစီးရေ ၉၄၃,၀၀၀) 

တတိယမြောက်နေရာမှာ ရပ်တည်နေတဲ့ကားလေးကတော့ ထူးထူးဆန်းဆန်း တရုတ်နိုင်ငံထုတ်ကားလေးပါ။ ဒါပေမဲ့ ဒီကားလေးကို ကမ္ဘာကျော်အမေရိကန်ကားကုမ္ပဏီဖြစ်တဲ့ General Motor(GM) နဲ့ ဖက်စပ်ထုတ်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ဒီကားလေးက တရုတ်နိုင်ငံရဲ့ ကုန်စည်နဲ့ လူထုသယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ ကားလေးတစ်စီးအဖြစ်နဲ့ နေရာတိုင်းလိုလိုမှာ အသုံးပြုနေကြပြီးတော့ ထူးထူးဆန်းဆန်းအနေနဲ့ ရောင်းအားအကောင်းဆုံးကားတွေထဲမှာ ဆလွန်းကားတွေသာများပေမယ့် ဒီကားလေးကတော့ Pick-up ကားအမျိုးအစားလေး ဖြစ်ပါတယ်။ ဒီကားလေးကို အစီးရေ ၉၄၃,၀၀၀ အထိ ရောင်းချခဲ့ရပါတယ်။ ဒီကားလေးကို တရုတ်ပြည်မှာ LZW၊ Wuling Zhiguang နဲ့ Wuling Light ဆိုပြီး အမျိုးမျိုးခေါ်ဝေါ်သုံးစွဲကြပါတယ်။ ဒီကားလေးတွေကို ၂၀၀၂ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီးတော့ အခုလက်ရှိမော်ဒယ်လ်အထိ ထုတ်လုပ်နေပါတယ်။ ဒီကားလေးက ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့ရောင်းအားအကောင်းဆုံးအဖြစ် နံပါတ် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့သလို တရုတ်ပြည်မှာ ၂၀၁၁၊ ၁၂၊ ၁၃၊ ၁၄ ခုနှစ်အထိ လေးနှစ်ဆက်တိုက် ရောင်းအားအကောင်းဆုံးအဖြစ် ဆက်လက်ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။



(၄) Ford (အစီးရေ ၉၁၉,၀၀၀)

နံပါတ် ၄ နေရာမှာတော့ ကမ္ဘာ့နာမည်ကျော်ကားကုမ္ပဏီဖြစ်တဲ့ Ford ကထုတ်တဲ့ The New Ford Focus ကားလေးက နေရာယူထားပါတယ်။ ဒီကားလေးကို ၂၀၁၇ ခုနှစ်ထဲမှာ အစီးရေ ၉၁၉,၀၀၀ အထိရောင်းချခဲ့ရပါတယ်။ Ford Focus ကားအမျိုးအစားလေးတွေကို ၁၉၉၈ ခုနှစ်က စတင်ထုတ်လုပ်လာခဲ့တာဖြစ်ပြီးတော့ အခုနောက်ဆုံးမျိုးဆက်အဖြစ် စတုတ္ထမြောက်မျိုးဆက်ကို ၂၀၁၈ ခုနှစ်ကနေ စတင်ထုတ်လုပ်နေတာဖြစ်ပါတယ်။



(၅) KIA Rio (အစီးရေ ၈၁၅,၃၃၇)

နံပါတ် ၅ နေရာမှာတော့ ကိုရီးယားနိုင်ငံရဲ့ ဒုတိယမြောက် အင်အားကြီးကားထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ KIA က Rio ဆိုတဲ့ ကားအမျိုးအစားလေးက ရပ်တည်နေပါတယ်။ ဒီကားလေးကို မကြာခင်ကမှ အမေရိကမှာ ဒီဇိုင်းသစ်နဲ့ ပြန်လည်ထုတ်လုပ်လာခဲ့တာပါ။ ဒါပေမဲ့ ဒီဇိုင်းအဟောင်းနဲ့ကို အီရန်နိုင်ငံမှာတင် အစီးရေ ငါးသိန်းလောက်ထိ ရောင်းချနိုင်ခဲ့ပြီး ဒီဇိုင်းအဟောင်း၊ အသစ်နှစ်မျိုးလုံးအနေနဲ့ ကမ္ဘာတစ်ဝန်း အစီးရေ ၈၁၅,၃၃၇ အထိရောင်းချထားနိုင်ခဲ့တာဖြစ်ပါတယ်။ Rio ကို ၂၀၀၀ ပြည့်နှစ်က စတင်ထုတ်လုပ်ခဲ့ပြီး အခုဆိုရင် စတုတ္ထမြောက်မျိုးဆက်ကို ရောက်ရှိနေပြီဖြစ်ပြီး အဲဒီမျိုးဆက်ကို ၂၀၁၇ ခုနှစ်ကနေ စတင်ထုတ်လုပ်နေပြီဖြစ်ပါတယ်။



(၆) Ford Fiesta (အစီးရေ ၇၈၁,၁၄၇)

နံပါတ် ၆ နေရာမှာတော့ အမေရိကန်ပြည်ထောင်စုအခြေစိုက် Ford ရဲ့ ဒုတိယမြောက် ကမ္ဘာ့ရောင်းအားအကောင်းဆုံးကားတွေထဲမှာ ပါဝင်တဲ့ ကားလေးဖြစ်ပါတယ်။ ဒီကားလေးက Ford ရဲ့ ကမ္ဘာတစ်ဝန်းဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအသစ်ထဲက ဒုတိယမြောက် ရောင်းအားအကောင်းဆုံး ကားလေးတစ်စီးအဖြစ် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီကားလေးကို ၂၀၁၁ ခုနှစ်အတွင်း အစီးရေ ၇၈၁,၁၄၇ အထိရောင်းချနိုင်ခဲ့ပါတယ်။ Ford ရဲ့ ဒီ Hatch Batch ကားအမျိုးအစားလေးတွေကို ၁၉၇၆ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ အခုနောက်ဆုံးမျိုးဆက်အဖြစ် ၂၀၁၇ ကနေ ရောက်ရှိနှစ်အထိ ထုတ်လုပ်နေပါတယ်။



(၇) Volkswagen Jetta (အစီးရေ ၇၄၅,၀၀၀)

နံပါတ် ၇ နေရာကိုတော့ ကမ္ဘာကျော်ကားကုမ္ပဏီဖြစ်တဲ့ Volkswagen ရဲ့ Jetta ဆိုတဲ့ ဆလွန်းကားလေးက နေရာယူထားပါတယ်။ ဒီကားလေး Volkswagen ရဲ့ ရောင်းအားကြောင့် ၂၀၁၈ ခုနှစ်အတွင်း ပိုမိုအင်အားကြီးလာခဲ့ပြီး ကမ္ဘာတစ်ဝန်း အစီးရေ ၇၄၅,၀၀၀ အထိ ရောင်းချနိုင်ခဲ့ပါတယ်။ Jetta ကို ၁၉၇၉ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ သတ္တမမျိုးဆက်အဖြစ် ၂၀၁၁ ကနေ ၂၀၁၈ အထိ ထုတ်လုပ်ခဲ့ပါတယ်။ နောက်ဆုံးမျိုးဆက်အနေနဲ့ အဋ္ဌမမြောက်မျိုးဆက်ကို ၂၀၁၉ ကနေ ထုတ်လုပ်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။



(၈) Toyota Camry (အစီးရေ ၇၂၆,၀၀၀)

ဂျပန်ရဲ့ ထိပ်ဆုံးကားကုမ္ပဏီ တိုယိုတာကထုတ်တဲ့ ကားလေးကပဲ ရောင်းအားအကောင်းဆုံးစာရင်းရဲ့ နံပါတ် ၈ နေရာကို အစီးရေ ၇၂၆,၀၀၀ နဲ့ နေရာယူထားပါတယ်။ ဒီကားလေးက အထူးသဖြင့် အမေရိကမှာ အရောင်းရဆုံးကားအဖြစ် ရှိနေတာဖြစ်ပြီးတော့ ကမ္ဘာ့ရောင်းအားအကောင်းဆုံး စာရင်းထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီကားလေးကို ၁၉၈၂ ခုနှစ်ကနေ ၂၀၀၃ အထိ V10 ကနေ V50 အထိကို ဘော်ဒီအကျဉ်း အနေနဲ့ ထုတ်လုပ်ခဲ့ပြီး ၁၉၉၁ ကနေ ရောက်ရှိနှစ် အထိကို ကျယ်ဝန်းတဲ့ ကိုယ်ထည်အဖြစ်နဲ့ XV10 ကနေ XV 70 အထိ ထုတ်လုပ်ထားပါတယ်။



(၉) Chevrolet Cruze (အစီးရေ ၆၉၁,၀၀၀)

အမေရိကထုတ်ဖြစ်တဲ့ General Motor ထုတ် Chevrolet Cruze ကားအမျိုးအစားလေးဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံးစာရင်းရဲ့ နံပါတ် ၉ နေရာကို ရောက်ရှိလာခဲ့ပေမယ့် အမေရိကကလွဲရင် နိုင်ငံတော်တော်များများမှာ ရောင်းချနိုင်ခဲ့လို့သာ ဒီနေရာကို ရောက်ရှိလာခဲ့ရတာ ဖြစ်ပါတယ်။ ဒီစာရင်းကိုရောက်ဖို့ ၂၀၁၁ ခုနှစ်မှာ ကားအစီးရေ ၆၉၁,၀၀၀ ရောင်းချခဲ့ရပါတယ်။ ဒီကားလေးရဲ့ ထူးခြားချက်လို့ ဆိုရမှာက Cruze ကို ပထမဆုံး ၂၀၀၁ ကနေ ၂၀၀၈ ခုနှစ်အထိ ဂျပန်အခြေစိုက် ဆူဇူကီးကုမ္ပဏီက စထုတ်ခဲ့ပြီးမှ General Motor က ၂၀၀၈ ကနေမှ အခုလက်ရှိ မော်ဒယ်လ်အထိ ထုတ်လုပ်နေတာဖြစ်ပါတယ်။



(၁၀) Volkswagen Golf (အစီးရေ ၆၄၈,၀၀၀)

ကမ္ဘာတစ်ဝန်း အရောင်းရဆုံးစာရင်းရဲ့ နံပါတ် ၁၀ နေရာမှာတော့ နာမည်ကြီး ဂျာမန် ကားထုတ်လုပ်တဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Volkswagen ကထုတ်တဲ့ Golf ဆိုတဲ့ ကားအမျိုးအစားလေးဖြစ်ပါတယ်။ ဒီကားလေးကတော့ အရောင်းရဆုံးစာရင်းမှာ ဒုတိယမြောက်ချိတ်တဲ့ Volkswagen ထုတ်တဲ့ ကားလေးဖြစ်လာပါတယ်။ ဒီကားလေးက တစ်နှစ်တာကာလလုံးကို ကမ္ဘာတစ်ဝန်းအရောင်းရဆုံးစာရင်းရဲ့ ထိပ်ပိုင်းပဲ ရပ်တည်ခဲ့တဲ့အထိ ရောင်းရခဲ့တာပါ။ ဒီကားလေးဟာ ၂၀၁၈ ခုနှစ်ထဲ Volkswagen ကို ကမ္ဘာ့အင်အားကြီး ကားကုမ္ပဏီဖြစ်စေဖို့ ထောက်ပံ့ပေးနိုင်တဲ့ ကားလေးတစ်စီးအဖြစ် ပါဝင်လာခဲ့ပါတယ်။ Golf ကို ဒီနှစ်ထဲမှာ အစီးရေ ၆၄၈,၀၀၀ အထိ ရောင်းချထားနိုင်ခဲ့ပါတယ်။



(၁၁) Volkswagen Passat (အစီးရေ ၅၆၅,၀၀၀)

ကမ္ဘာ့အရောင်းရဆုံးစာရင်းရဲ့ နံပါတ် ၁၁ နေရာ ကိုလည်း Volkswagen ကပဲ နေရာယူထားခဲ့ပါတယ်။ ဒီစာရင်းထဲကို အများဆုံးအစီးရေအနေနဲ့ Passat ဆိုတဲ့ ကားလေးက တတိယမြောက်ကားလေးအဖြစ် နေရာယူလာခဲ့တာဖြစ်ပါတယ်။ ဒီကားလေးကို သူတို့ရဲ့ စက်ရုံသစ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ်က Chattanooga မြို့က စက်ရုံမှာ ထုတ်လုပ်ခဲ့တာပါ။ အစီးရေအားဖြင့် ၅၆၅,၀၀၀ အထိရောင်းချထားနိုင်ခဲ့ပါတယ်။ ဒီကားလေးကို ၁၉၇၂ ခုနှစ်က စထုတ်ခဲ့တာပါ။



(၁၂) Honda Civic (အစီးရေ ၅၅၅,၀၀၀)

ဒီကားလေးကတော့ စက်မှုအင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျပန်ကထုတ်တဲ့ ကားအမျိုးအစားတွေရဲ့ တတိယမြောက် အရောင်းရဆုံးစာရင်းကို ဝင်လာတာဖြစ်ပါတယ်။ ဒီကားလေးကို မြန်မာနိုင်ငံက စားသုံးသူတွေလည်း ကြိုက်နှစ်သက်ကြပါတယ်။ အထူးသဖြင့် လူငယ်ထုက ပြိုင်ကားပုံစံမျိုး ပုံသွင်းစီးနင်းလို့ရတဲ့အတွက် ဒီကားကို ကြိုက်နှစ်သက်ကြတာပါ။ ဒီကားလေးက အစီးရေ ၅၅၅,၀၀၀ အထိ ရောင်းချထားနိုင်ခဲ့တာပါ။ ဒီကားလေးကို ရောင်းချချိန်မှာ ဂျပန်မှာ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်ဖြစ်ခဲ့ပေမယ့်လည်း အရောင်းရဆုံးစာရင်းကို ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကားလေးကို ၁၉၇၂ ခုနှစ်ကနေ စထုတ်ခဲ့တာပါ။ အခုဆိုရင် မျိုးဆက် ၁၁ ဆက်မြောက်အထိ ပြောင်းလဲထုတ်လုပ်ထားခဲ့ပြီ ဖြစ်ပါတယ်။

(အခုဖော်ပြပေးခဲ့တာတွေကတော့ ကမ္ဘာတစ်ဝန်း အရောင်းရဆုံး စာရင်းဝင်ထားတဲ့ ကားလေးတွေနဲ့ သူတို့ရဲ့အကြောင်းလေးတွေကို အကျဉ်းချုပ်ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။) 

ဟိန်းမြတ်စိုး