News

POST TYPE

AUTOMOBILE

စက်သုံးဆီ ဈေးတက်ခြင်း
14-May-2018
“ကျွန်တော်တို့ ဘယ်လိုမှထိန်းလို့ မရဘူး”

Terminal စက်သုံးဆီဆိုင်မှ တာဝန်ရှိသူတစ်ဦး

ပုံမှန်အရပြောရရင်တော့ စင်ကာပူက Mops ဈေးကလည်း တက်လာတယ်။ Earning (ဒေါ်လာဈေး) ကလည်း တက်လာတယ်။ အားလုံးကတော့ ဒီနှစ်ခုပေါ်မှာ မူတည်ပြီး အလုပ်လုပ်နေတာဆိုတော့ နောက်ပိုင်းသွင်းတဲ့ သင်္ဘောအသစ်တွေမှာဆိုရင် တော်တော်လေးကို မြင့်တက်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လက်လီအရောင်းတွေမှာဆိုရင်တော့ ထိန်းပြီးတော့ ကျွန်တော်တို့လိုက်တက်နေရတာပေါ့။ အခုလက်ရှိ ဥပမာ - လက်လီက ၈၅၀ ရောင်းတယ်ဆိုရင် လက်ကားက ၈၇၀ လောက်ရှိတယ်။ လက်ရှိအနေအထားအရပေါ့နော်။ အဓိကကတော့ ပြည်တွင်းစက်သုံးဆီဈေးက အဓိကကတော့ Mops ဈေးတက်ရင် လိုက်တက်တယ်။ Earning တက်ရင် လိုက်တက်တယ်ပေါ့နော်။ အဲဒါကြောင့် ကျွန်တော်တို့ ဘယ်လိုမှထိန်းလို့ မရဘူး။ အဓိကပြဿနာကတော့ Earning ပေါ့။ ပုံမှန်အရဆိုရင်တော့ Mops ဈေး ကတော့ Outlook Control ပေါ့။ ဒါပေမဲ့ တကယ့်တကယ်အစိုးရအနေနဲ့ ထိန်းချင်တယ်ဆိုရင်တော့ Earning ကိုတော့ ထိန်းလို့ရတာပေါ့။ အခုက နှစ်ခုစလုံးက ဈေးတက်နေတယ်ဆိုတော့ ကျွန်တော်တို့ ဘယ်လိုမှထိန်းလို့မရဘူး။ နောက်တစ်ခု အဓိကအရေးကြီးတာက သိုလှောင်ကန် အခက်အခဲပါ။ တကယ့်တကယ် ကျွန်တော်တို့နိုင်ငံထဲကို သွင်းလာနိုင်တာက တန်ချိန် နှစ်သောင်းလောက်ပဲရှိတယ်။ အခု လောလောဆယ်မှာတော့ ကျွန်တော်တို့ ရန်ကုန်မြစ်ဝသီလဝါဆိပ်ကမ်းမှာ ၉ မီတာ (ရေအနက်) ရမယ်ဆိုရင် ၂၄ နာရီလုံး သင်္ဘောတွေဝင်လာနိုင်မှာပေါ့။ အဲဒါဆိုရင်တော့ အဆင်ပြေသွားစေမယ်ထင်ပါတယ်။



“ဆီဈေးကလည်း တက်ရင်သာ တက်တာ။ ပြန်ကျဖို့က မလွယ်ဘူး”

ဦးအောင်သန်းလှိုင် (အငှားယာဉ်မောင်း)

ဆီဈေးတွေတက်နေတဲ့အတွက် အရင်လိုတွေ့ကရာ လိုက်လို့တော့ မရတော့ဘူးပေါ့။ ဖုန်းနဲ့ခေါ်တဲ့ ခရီးသည်တွေ ချိတ်ထားတယ်။ သူတို့ဖုန်းဆက်ခေါ်ရင် လိုက်တယ်။ အရင်ကဆို ခရီးသည်လိုက်ရှာတာတို့ ဘာတို့လုပ်တယ်။ အခုမလုပ်ဖြစ်တော့ဘူး။ လမ်းထဲမှာ လာငှားရင်လိုက်တယ်။ ဖုန်းဆက်ခေါ်ရင်လိုက်တယ်။ ပုံမှန်စီးနေကျ ဖောက်သည်တွေ လိုက်ဖြစ်တာများတယ်။ ဒါကလည်း ကိုယ်ပိုင်ကားကိုမောင်းတာမို့။ အုံနာနဲ့ဆိုရင်တော့ အခုလိုဘယ်ကိုက်ပါ့မလဲ။ အုံနာကြေးပြည့်ဖိုတို့ ဘာတို့ကလိုသေးတယ်။ နောက်ပြီး အခု နောက်ပိုင်း ကားတွေအရမ်းများလာတဲ့အတွက် ခရီးသည်တွေက ရှားလာတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ လောက်တုန်းက ဆီဈေးက ၉၅၀ လောက်အထိ တက်သွားဖူးသေးတယ် ဆိုပေမယ့် ကားတွေသိပ်မများသေးတော့ ဘယ်ဈေးဖြစ်ဖြစ် ခရီးသည်က ပုံမှန်ရှိတယ်။ အရင်က ဆီဈေးက ၅၅၀ လောက်အထိ ကျသွားဖူးသေးတယ်။ အဲဒီလောက်ကျသွားရင် ပိုပြီးကောင်းတာပေါ့။ ဆီဈေးကလည်း တက်ရင်သာတက်တာ။ ပြန်ကျဖို့က မလွယ်ဘူး။



“ကျွန်တော်တို့လည်း တခြားကားတွေလို အဲကွန်းဖွင့်ပေးရတော့ ဆီကပိုကုန်တယ်”

ကိုကျော်မျိုးနိုင် (အငှားယာဉ်မောင်း)

လက်ရှိဆီဈေးတွေ တက်နေတဲ့အတွက် ကျွန်တော်တို့လိုအုံနာနဲ့ မောင်းနေရတဲ့သူတွေအတွက်တော့ အဆင်မပြေပါဘူး။ အခုကျခရီးသည်တွေကလည်း အရမ်းရှာရခက်တယ်။ ပြီးတော့ ဆီဈေးတက်တိုင်းလည်း ကျွန်တော်တို့က လိုက်တက်လို့မရဘူး။ အခုပိုဆိုးလာတာက ခရီးသည်နဲ့ ယာဉ်မောင်းကြားမှာ ခရီးသည်ရှာရတာ အတော်လေးအခက်အခဲ ဖြစ်လာတယ်။ လက်ရှိမှာလည်း တက္ကစီဆွဲတဲ့သူတွေက များနေတာရယ်၊ ကားကုမ္ပဏီတွေက အပြိုင်အဆိုင်ဝန်ဆောင်မှုတွေ ပေးနေတာရယ်ဆိုတော့ ကျွန်တော်တို့လို ရိုးရိုးအငှားယာဉ်မောင်းတွေအတွက် ဆီဈေးကပါလိုက်တက်တော့ အဆင်မပြေတော့ဘူး။ နောက်ပြီး အခုကရာသီဥတုကလည်း ပူလာတော့ ခရီးသည်တွေကလည်း အဲကွန်းနဲ့မှ စီးချင်တာ။ ကျွန်တော်တို့လည်း တခြားကားတွေလို အဲကွန်းဖွင့်ပေးရတော့ ဆီကပိုကုန်တယ်။ ဆီဈေးလေးကျရင်တော့ ကျွန်တော်တို့အတွက် ပိုကိုက်မယ်။ ဆီဈေးက တစ်ပတ်လောက်ရှိပြီ တက်နေတာ။ ပြီးခဲ့တဲ့အပတ်က ၈၀၀ ကနေ အခုဆို ၈၂၀၊ ၈၂၅ လောက်အထိ တဖြည်းဖြည်းချင်းတက်နေတာ။ ဖြစ်နိုင်ရင်တော့ ဆီဈေးပြန်ကျစေချင်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့အတွက် ကိုက်မှာမို့ ဒီထက်ပိုမတက်စေချင်ဘူး။

ခိုင်ချယ်ရီထွန်း