News

POST TYPE

AUTOMOBILE

ရန်ကန်တက္ကစီနှင့် စတစ်ကာ
07-May-2018
“စတစ်ကာကပ်တဲ့ အငှားတက္ကစီယာဉ်တွေကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က ပူးပေါင်းစစ်ဆေးလျက်ရှိပါတယ်”

ဒုရဲမှူးဆန်းထွန်း (အမှတ် - ၂ - ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး)

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ တက္ကစီတွေအားလုံး ကားမှန်တွေမှာ စတစ်ကာအမည်း၊ လေစုပ်ခွက်၊ ကြော်ငြာကပ်ခြင်းနဲ့ လိုက်ကာတွေ ကာရံပြီးမောင်းနှင်ရင် လုပ်ငန်းလိုင်စင်သိမ်းသည်အထိ အရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်က ထုတ်ပြန်ခဲ့တယ်။ ထုတ်ပြန်ထားတဲ့အတိုင်း အငှားတက္ကစီစီးနင်းတဲ့ခရီးသည်တွေ လုံခြုံမှုရှိစေဖို့ စစ်ဆေးဖမ်းဆီးထားတဲ့ ယာဉ် ၉၉ စီး ကျော်ကို မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၆၅ အရ အရေးယူထားတယ်။ လုပ်ငန်းလိုင်စင်ဖျက်သိမ်းဖို့ကို တိုင်းအစိုးရအဖွဲ့က စီစဉ်နေပါတယ်။ ယာဉ်ထိန်းရဲဘက်က အရေးယူလို့ရတဲ့ သတ်မှတ်ချက်တွေကို မလိုက်နာလို့ ချလန်ဖြတ်အရေးယူတာပါ။ ဒီယာဉ်တွေကို ပုဒ်မ ၆၅ အရ ပြစ်ဒဏ်အနေနဲ့က ဒဏ်ငွေကျပ်သုံးသောင်း ဒဏ်ရိုက်အရေးယူထားတယ်။ လက်ရှိမှာလည်း စတစ်ကာကပ်တဲ့ အငှားတက္ကစီယာဉ်တွေကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က ပူးပေါင်းစစ်ဆေးလျက်ရှိပါတယ်။ ကားတွေ တော်တော်များများကတော့ ဖြုတ်ပြီးတာများပါတယ်။



“အဲကွန်းကို ထိန်းသိမ်းနိုင်တဲ့ အနေအထားလေးနဲ့ သူ့သတ်မှတ်နှုန်းထားလေးနဲ့ ကပ်ခွင့်ပြုစေချင်ပါတယ်” 

ဦးဝင်းနိုင် (အငှားယာဉ်မောင်း)

ကျွန်တော်တို့ အငှားယာဉ်တွေမှာ ကားမှန်တွေကို စတစ်ကာမကပ်ရတော့ဘူး။ ကပ်တာနဲ့ ဖမ်းမယ်ဆိုတာနဲ့ပတ်သက်ပြီး ကြေညာချက် စထုတ်တဲ့နေ့ကတည်းက ကားမှာရှိတဲ့ စတစ်ကာတွေကို ခွာပစ်ရတာ။ ဒီနေ့အထိပဲဆိုပေမယ့် ကားမောင်းတဲ့အခါ ရာသီဥတုက အတော်လေးပူတာဆိုတော့ ကျွန်တော်တို့ယာဉ်မောင်းတွေအတွက် အတော်လေးအဆင်မပြေဘူး။ အဲကွန်းက အမြဲဖွင့်ထားရတယ်။ ဒီရာသီဥတုက အရမ်းပူတော့ လူရော၊ အဲကွန်းရော မခံနိုင်ဘူး။ အဲကွန်းဆိုလည်း ခရီးသည်ရှိရင် ဂိတ်ဆုံးအထိ ဖွင့်ပေးထားရတယ်။ အဲဒီကျတော့ အင်ဂျင်က မနိုင်တော့ဘူး။ အမှန်က လုံးဝ မကပ်ရတော့တာထက်စာရင် ရာသီဥတုနဲ့လိုက်ပြီးတော့ ရလာတဲ့အပူချိန်အပေါ် လိုက်ပြီးတော့ အဲကွန်းကို ထိန်းသိမ်းနိုင်တဲ့ အနေအထားလေးနဲ့ သူ့သတ်မှတ်နှုန်းထားလေးနဲ့ ကပ်ခွင့်ပြုစေချင်ပါတယ်။ အရင်က ကျွန်တော့်ကားမှာဆို စတစ်ကာ အပြည့်ကပ်ထားတာ။ စတစ်ကာကပ်ထားတယ် ဆိုတာကလည်း အပူဒဏ်ကာကွယ်ဖို့ သက်သက်ပါပဲ။ ကျွန်တော် မြင်တာကတော့ ရာဇဝတ်မှုလုပ်တယ်၊ မလုပ်ဘူးဆိုတာ ကားမှန်ကပ်တာ၊ မကပ်တာနဲ့ သိပ်တော့မဆိုင်ပါဘူး။ လုပ်ချင်တဲ့သူက ကြိုတင်ကြံစည်ပြီးမှကို ကျူးလွန်ကြတာမျိုးပါ။



“စတစ်ကာကပ်ထားရင် ကားထဲမှာ အဲကွန်းဖွင့်ထား အပူဒဏ်က သက်သာတယ်” 

ကိုအောင်ကိုဝင်း (အငှားယာဉ်မောင်း)

စတစ်ကာအမည်းတွေကပ်ရင် အရေးယူမယ်ဆိုတဲ့ အငှားယာဉ်တွေအကုန် အရေးယူမယ်လို့ ထုတ်ပြန်ချက် ထုတ်ထားတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ အခုက ရာသီဥတုက အရမ်းပူလာပြီဆိုတော့ စတစ်ကာကပ်ထားရင် ကားထဲမှာ အဲကွန်းဖွင့်ထား အပူဒဏ်က သက်သာတယ်။ အဲကွန်းက နံပါတ်တစ်လောက်ဖွင့်ထားတယ်ဆိုရင်ကို အထဲမှာ တော်တော်လေးအေးတယ်။ နှစ်လောက်ဆိုရင် အရမ်းအေးသွားပြီ။ နေလို့ထိုင်လို့ ကောင်းသွားပြီ။ အခုကျ စတစ်ကာတွေဖြုတ်လိုက်ပြီးနောက်ပိုင်း တော်တော်နဲ့မအေးတော့ဘူး။ အဲဒီလိုတွေတော့ရှိတယ်။ တကယ်တမ်းက ရာဇဝတ်မှုကျူးလွန်ခြင်း၊ မကျူးလွန်ခြင်းက ကားမှန်စတစ်ကာနဲ့က ဘာမှတော့မဆိုင်ပါဘူး။ လုပ်ချင်တဲ့သူကတော့ စတစ်ကာမကပ်ဘဲနဲ့လည်း လုပ်ချင်လုပ်မှာပဲ။ လူဆိုးလား လူကောင်းလားဆိုတာ နဖူးမှာ စာပါတာမှ မဟုတ်တာ။ အဲဒီတော့ ဘယ်သူ့မှ မျက်နှာကြည့်ခန့်မှန်းလို့မရဘူး။ အဲဒီလိုလူတွေကြောင့် ကျွန်တော်တို့လို ကားသမားတွေအများစုအတွက်ကျ နစ်နာတယ်။ အမှန်အတိုင်းပြောရရင် စတစ်ကာမပါတဲ့အတွက် ခရီးသည်တွေရော ကျွန်တော်တို့ယာဉ်မောင်းတွေရော တော်တော်လေးပူတယ်။ တစ်ခုရှိသေးတယ် ကားမှန်တွေ ခွာခွာဆိုပြီး စာထုတ်ပြီးနောက်ပိုင်း ကျွန်တော်တို့ကတော့ တန်းခွာလိုက်ရတယ်ဆိုပေမယ့် တချို့ကားတွေ အခုထိ မခွာကြသေးဘူး။ 

ခိုင်ချယ်ရီထွန်း