News

POST TYPE

AUTOMOBILE

Ford နဲ့ Chrysler တို့ရဲ့ ပဲ့ကိုင်ရှင်
05-May-2018



ကားတွေရဲ့အကြောင်းပဲပြောနေလို့ စာဖတ်ပရိသတ်ကြီး ငြီးငွေ့မသွားရအောင် ဒီတစ်ပတ်အတွက်တော့ နာမည်ကျော်ကားတွေကို ဖန်တီးခဲ့သူ အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။ သူကတော့ အမေရိကရဲ့ ကမ္ဘာကျော်ကားကုမ္ပဏီကြီးတွေဖြစ်တဲ့ Ford နဲ့ Chrysler ပဲ့ကိုင်ရှင်ကြီး (ဥက္ကဋ္ဌ) Lee Iacocca (လီအိုင်ယာကော့ကာ) အကြောင်းပဲဖြစ်ပါတယ်။ Fordလို့ပြောလိုက်တာနဲ့ တော်တော်များများက Henry Ford ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကိုပဲ ပြေးမြင်မိတတ်ကြပါတယ်။ သူ့လိုပဲ Ford ကို ကမ္ဘာကျော်စေခဲ့တဲ့ တီထွင်သူ ပညာရှင်ကြီးတစ်ဦး ရှိနေပါသေးတယ်ဆိုတဲ့အနေနဲ့ အိုင်ယာကော့ကာ အကြောင်းကို တင်ပြပေးလိုက်ပါရစေ။

အိုင်ယာကော့ကာ ကောက်ကြောင်း
အိုင်ယာကော့ကာကို အမေရိကန်ပြည်ထောင်စုရဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ် အယ်လင်တောင်းမြို့မှာ ၁၉၂၄ အောက်တိုဘာလ ၁၅ ရက်နေ့မှာ မွေးဖွားပြီးတော့ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ် မြို့၊ Bel Air မှာ နေထိုင်ခဲ့ပါတယ်။ ခေသူတော့ မဟုတ်ပါဘူး။ ဇနီးသုံးယောက်အထိ ရှိခဲ့ပြီးတော့ သားသမီး ၂ ယောက်ရှိပါတယ်။ သူရဲ့ ပညာရေးကတော့ Leigh တက္ကသိုလ်နဲ့ Princeton တက္ကသိုလ်တွေကနေ ဘွဲ့ရခဲ့ပါတယ်။ အိုင်ယာကော့ဟာ တကယ့်အမေရိကန် နိုင်ငံသားစစ်တော့ မဟုတ်ပါဘူး။ အီတလီနွယ်ဖွား တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ မူလဇာတိက အီတလီနိုင်ငံ နေဘယ်မြို့နားက ကန်ပန်နီးယားမြို့နယ်၊ စန်မာကိုမြို့ဖြစ်ပါတယ်။ သူ့ရဲ့အဖေ နီကိုလာ အိုင်ယာကော့ကာက သူ့အသက် ၁၂ နှစ်သားအရွယ် ၁၉၁၂ မှာ အမေရိကန်ပြည်ထောင်စုကို စရောက်ခဲ့တာဖြစ်ပါတယ်။ 

Ford ကားကုမ္ပဏီကို စတင်ဝင်ရောက်ခြင်း
ပရင်တန်တက္ကသိုလ်ကနေ ၁၉၄၆ ခုနှစ်မှ မဟာသိပ္ပံဘွဲ့ရခဲ့ပြီးနောက် ဒက်ထရွိုက်မြို့မှာ ရုံးချုပ်အဖြစ် အခြေစိုက်ထားတဲ့ Ford ကားကုမ္ပဏီမှာ အလုပ်သင် အင်ဂျင်နီယာတစ်ယောက်အဖြစ် ဝင်လုပ်ခဲ့ပါတယ်။ အလုပ်ဝင်ခါနီး ကော့ကာခံယူချက် “ကျွန်ုပ်ကို သဘောတရားနဲ့ နားမချပါနဲ့၊ ကျွန်ုပ်သည် အသက် ၂၅ နှစ်ပြည့်ချိန်မှာ တစ်နှစ်ကို ဒေါ်လာ တစ်သောင်းဝင်ငွေရှိနေရပါမယ်။ အဲဒီနောက် သန်းကြွယ်သူဋ္ဌေးဘဝကို ခံယူနိုင်အောင်ကြိုးစားမယ်။ ကျွန်ုပ်အတွက် တက္ကသိုလ်ဘွဲ့ အဆောင်အယောင်များဟာ တန်ဖိုးမရှိ။ ငွေသာလျှင် ပဓာနပဲဖြစ်တယ်” လို့ သန္နိဋ္ဌာန်ချထားခဲ့ပါတယ်။ ကော့ကာဟာ ၁၉၅၆ ခုနှစ်မှာ ချက်စ်တာမြို့၊ စိန့်ရောဘတ်ဘုရားကျောင်းမှာ သူ့ပထမဇနီး မေရီနဲ့ လက်ထပ်ခဲ့ပါတယ်။ သူဟာ တဖြည်းဖြည်းနဲ့ ကားလုပ်ငန်းရဲ့ စီမံခန့်ခွဲမှု၊ ထုတ်လုပ်မှု၊ ရောင်းဝယ်မှုကဏ္ဍတွေကို ကျွမ်းကျင်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ အဆင့်ဆင့်ရာထူး တိုးတက်လာခဲ့ရာကနေ ၁၉၇၀ ပြည့်နှစ်မှာ Ford ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌရာထူးကို ရရှိခဲ့ပါတယ်။ အဲဒီလိုရာထူးမြင့်လာတဲ့ ကော့ကာဟာ ဂုဏ်သရေရှိ အပေါင်းအသင်းတွေလည်း များပြားလာခဲ့ရာ သူ့အပေါင်းအသင်း မိတ်ဆွေတွေထဲမှာ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဟောင်း မက်နာရာမာတောင် ပါဝင်ခဲ့ပါတယ်။

အဲဒီနောက် သူဟာ ၁၉၇၀ ခုနှစ်ထဲမှာပဲ ရာထူးတိုးခဲ့ပြီး Ford ကုမ္ပဏီရဲ့ ဥက္ကဋ္ဌရာထူးကို ရရှိခဲ့ပါတယ်။ သူဥက္ကဋ္ဌဖြစ်အပြီး အီတလီကအမျိုးတွေ သူ့ရုံးခန်းကို ရောက်လာချိန်မှာတော့ ကော့ကာဟာ အရှင်လတ်လတ်နဲ့ နတ်ဘုံ နတ်နန်းကို ရောက်သွားတယ်လို့ ချီးကျူးခဲ့ကြပါတယ်။

ကော့ကာရဲ့ ကမ္ဘာကျော်ကား 
ကော့ကာလို့ ပြောလိုက်တာနဲ့ မက်စ်တန်း (Mustang) ရဲ့ ဖခင်လို့ အားလုံးသိကြပါတယ်။ သူဟာ စက်မှုအင်ဂျင်နီယာတစ်ယောက်ပီပီ ကားပုံစံ တီထွင်ရာမှာ သူမတူအောင် ထူးချွန်တဲ့အလျောက် ကားလောကကို ထုံးလိုမွှေ ရေလိုနှောက်လာနိုင်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ Ford ရဲ့ နာမည်ကျော် Mustang ဆိုတဲ့ ကားတစ်စီးကို ပုံစံထုတ်ပေးနိုင်ခဲ့ပြီး Mustang ရဲ့ ဖခင်ဖြစ်လာခဲ့ပါတယ်။

Mustang ဖြစ်ပေါ်လာပုံ 
Mustang ရဲ့ အဓိပ္ပာယ်က အမေရိကန်ပေါက် မြင်းရိုင်းတစ်မျိုးရဲ့ နာမည်ဖြစ်ပါတယ်။ အဲဒီမြင်းရိုင်းမျိုးတွေဟာ ကျယ်ပြန့်တဲ့ မြေပြန့်လွင်ပြင်တွေမှာ ကျက်စားပြီး အမေရိကန်ဗီဇသတ္တိကို ဖော်ညွှန်းတယ်လို့ ဆိုပါတယ်။ ကော့ကာဟာ ဒီကားအမျိုးအစားကို လူငယ်ထုကို ရည်ရွယ်ပြီးတော့ အချက်သုံးချက်နဲ့ ထုတ်လုပ်ခဲ့တာပါ။ (၁) တက်ကြွဆန်းကြယ်ရမယ်၊ (၂) ဈေး သက်သာရမယ်၊ (၃) တောင်းတင်းကြံ့ခိုင်ပြီး စက်စွမ်းအားကောင်းရမယ်ဆိုတဲ့ အချက်သုံးချက်ချပြီး ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီလိုကြောင့်ပဲ ဒီနေ့အချိန်ထိ ကမ္ဘာမှာ Mustangကားအမျိုးအစားတွေဟာ နာမည်ကျော် လူကြိုက်များနေဆဲ ဖြစ်ပါတယ်။

Mustang ကားပေါ်က မြင်းပြေးနေတဲ့ ပုံတံဆိပ်ဟာ လက်ယာရစ်ပြေးနေတဲ့ပုံနေပြီး အမေရိကန်မြင်းပြိုင်ကွင်းတွေရဲ့ မြင်းပြေးလမ်းကြောင်းဟာ လက်ဝဲရစ်ဖြစ်နေလို့ လူအများက မြင်းပြောင်းပြန်ပြေးနေတယ်ဆိုပြီး ဝေဖန်ကြပေမယ့် ကော့ကာကတော့ ဒါကို မြင်းရိုင်းမို့ စိတ်ထင်ရာပြေးနေတာပါလို့ ဖြေရှင်းချက်ပေးခဲ့ပါတယ်။ တကယ်တမ်း Mustang ဈေးကွက်ထဲရောက်တဲ့ အချိန်မှာ ကော့ကာမျှော်မှန်းတာထက် အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ဒီအထဲမှာမှ မှတ်သားစရာတစ်ခုက Mustang ဆိုတဲ့နာမည်ကို ပေးဖြစ်ခဲ့ပုံပါ။ ဒီနာမည် မပေးခင် ကော့ကာဟာ သူ့ရဲကားအမျိုးအစားကို နာမည်ပေးဖို့ ရွေးတဲ့အချိန်မှာ ပထမက ကူးဂါး ဒါမှမဟုတ် တိုရင်နိုဆိုပြီး နှစ်ခုထဲက တစ်ခုကို ရွေးဖို့စီစဉ်ခဲ့ကြတာပါ။ နောက်ဆုံး တိုရင်နိုဆိုတဲ့ အီတလီနာမည်ကို ရွေးဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် Ford ရဲ့အကြီးအကဲ ဟင်နရီဖို့ဒ်ဟာ အီတလီသူ တစ်ခုလပ်မိန်းမတစ်ယောက်နဲ့ တွဲခုတ်နေလို့ ကားအသစ်ကို အီတလီနာမည်မပေးအောင် ဟင်နရီဖို့ဒ်အမျိုးတွေက ဖိအားပေးခဲ့တာကြောင့် Mustang လို့ ဖြစ်လာခဲ့ရတာ ဖြစ်ပါတယ်။

Mustang ရဲ့ ရောင်းအား
၁၉၆၄ ခုနှစ် မတ်လမှာ Mustang ထုတ်လုပ်မှုပြီးစီးခဲ့ပါတယ်။ အဲဒီနောက် ဧပြီ ၁ ရက်နေ့မှာ ကားစရောင်းတော့ ဝယ်သူတွေကြိတ်ကြိတ်တိုး စည်ကားလွန်းလို့ ပရိသတ်ကို မထိန်းနိုင်ခဲ့တဲ့အတွက် အရောင်းပြခန်းကို ပိတ်လိုက်ရတဲ့အထိပါပဲ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဖို့ဒ်အရောင်းပြခန်းတွေကို လူဦးရေ လေးသန်းအထိ လာရောက်ကြည့်ရှုခဲ့တဲ့ မှတ်တမ်းကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ကော့ကာရဲ့အားထုတ်မှုကြောင့် Mustang ဟာ ထင်ထားတာထက် အဆပေါင်းများစွာ ပိုမိုအောင်မြင်ခဲ့သလို နောက်ထပ်ထုတ်ခဲ့တဲ့ Mark 3 နဲ့ 4
ကားအမျိုးအစားတွေဟာလည်း ဆက်လက်အောင်မြင်ခဲ့ပါတယ်။

ဖို့ဒ်ဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားခံရခြင်း
အတက်အကျရှိတဲ့ လောကဓမ္မတာအတိုင်း အမြင့်ဆုံးရာထူးအထိရခဲ့တဲ့ ကော့ကာအတွက် ရှေ့တက်စရာ လမ်းမမြင်တော့လို့ ကျဆင်းဖို့အရေး ကြုံလာတဲ့အခါမှာလည်း ဘဝပျက်မတတ်ဖြစ်ခဲ့ရပါတယ်။ ကော့ကာဟာ ၁၉၇၈ ခုနှစ် ဇူလိုင်လ သူ့အသက် ၅၄ နှစ် အရွယ်မှာ ဖို့ဒ်ကားကုမ္ပဏီ ဥက္ကဋ္ဌရာထူးကနေ ရုတ်တရက် ဖယ်ရှားခံခဲ့ရပါတယ်။ သူဟာ ဖို့ဒ်ကုမ္ပဏီမှာ ၃၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဥက္ကဋ္ဌရာထူးမှာ ၈ နှစ်ကြာ ထမ်းဆောင်ခဲ့ပြီး တခြားအလုပ်မလုပ်ဖူးတဲ့ ကော့ကာ့အတွက်တော့ ရုတ်တရက် အဖြုတ်ခံရတာဖြစ်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်ပြီး မနေတတ်မထိုင်တတ်တွေ ဖြစ်ခဲ့ရပါတယ်။ 

အဲဒီလို အလုပ်ဖြုတ်ခံရပြီးနောက် ကော့ကာဟာ လုပ်ငန်းခွင်စည်းကမ်းအရ နောက်ထပ်အလုပ်ရှာမရမချင်း သုံးလရုံးထိုင်နိုင်ဖို့ ကုန်လှောင်ရုံ အဟောင်းလေးတစ်ခုထဲမှာ နေရာအပေးခံခဲ့ရပါတယ်။ သူဟာ စားပွဲတစ်လုံးနဲ့ တယ်လီဖုန်းတစ်လုံးသားရှိတဲ့ သူ့အိမ်နိမ့်စံဘဝကို တစ်မနက်သာရောက်သွားခဲ့ပြီး စိတ်ဆင်းရဲကြီးစွာနဲ့ ပြန်ထွက်သွားခဲ့ပါတယ်။ နောက်ပိုင်း စိတ်ဓာတ်အကြီးအကျယ်ကျပြီး နေ့ရောညပါအရက်ချည်း ဖိသောက်နေခဲ့ပါသေးတယ်။ ကော့ကာဟာ သူ့ဘဝကို နာကျည်းခဲ့လို့ နောက်ဆုံး သူ့ကိုယ်သူပဲ သတ်သေရမလား၊ သူ့ကိုအလုပ်ဖြုတ်ခဲ့တဲ့ ဟင်နရီ့ကိုပဲ သွားသတ်ရမလားဆိုတာ ဝေခွဲမရအောင်ဖြစ်ခဲ့တဲ့အထိပါပဲ။ ကော့ကာရဲ့ အလုပ်ဖြုတ်ခံရပုံကတော့ ဖို့ဒ်အကြီးအကဲ ဟင်နရီဖို့ဒ်နဲ့ ငြိခဲ့လို့ပါပဲ။

Chrysler ဥက္ကဋ္ဌဖြစ်လာခြင်း
ဒီလိုနဲ့ လေလွင့်နေရာမှ နောက်ရက်သတ္တပတ် အနည်းငယ်ဖြစ်တဲ့ ၁၉၇၈ ခုနှစ် နိုဝင်ဘာလအရောက်မှာတော့ Chrysler ကားကုမ္ပဏီရဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ဒီနေရာကို သူရခဲ့တဲ့အချိန်ဟာ ကံကောင်းလွန်းလို့တော့ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ Chrysler ဟာ စီမံခန့်ခွဲမှုအမှားတွေကြောင့် ပြိုလဲလုနီးပါးအထိ စီးပွားရေးကျဆင်းနေတဲ့အချိန် ဖြစ်ပါတယ်။ Chrysler ကို သူရောက်ပြီး တစ်နှစ်အကြာမှာ ဒေဝါလီခံရလုနီးပါးအထိတောင် ဖြစ်ခဲ့ရပါတယ်။

ကော့ကာဟာ Chrysler ရဲ့ ဥက္ကဋ္ဌရာထူးကို လက်ခံရာမှာ ကုမ္ပဏီတစ်ခုလုံးကို သူ့သဘောအတိုင်း ပြင်ဆင်ဖွဲ့စည်းခွင့်ရခဲ့ပါတယ်။ အဲဒီနေရာမှာ သူက အင်္ဂလန်ဝန်ကြီးချုပ် ဝင်စတန်ချာချီလို ဆေးပြင်းလိပ် ကြိုက်တဲ့အတွက် Chrysler ရဲ့ အစည်းအဝေးခန်းမထဲမှာ ဆေးလိပ်မသောက်ရဆိုတဲ့ စည်းကမ်းကို ပြင်ပေးခဲ့ရပါတယ်။ တကယ်တော့ အဲဒီအချိန်မှာ Chrysler ဟာ နာမည်သာကျန်ပြီး အခြေအနေအားလုံးက ဝါးအစည်းပြေသလို ဖြစ်နေခဲ့ပါတယ်။ Chrysler ရဲ့ အုပ်ချုပ်မှုဒါရိုက်တာတွေဟာ ကုမ္ပဏီလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ပုံနဲ့ လုပ်ငန်းတိုးတက်မှု အခြေအနေတွေကို အမှန်အတိုင်းမသိကြပါဘူး။ အမှာစာမရှိဘဲ ကားတွေအများကြီး စွတ်ထုတ်ထားကြလို့ ရောင်းမထွက်တဲ့ကားတွေ စုပုံနေပါတယ်။ ကားဝယ်လိုသူရဲ့ အကြိုက်ကို ခန့်မှန်းပြီး ပေးပို့မှာကြားတဲ့ပုံစံတွေအတိုင်း မထုတ်လုပ်ကြပါဘူး။ ဇုန်မန်နေဂျာတွေရဲ့ စိတ်ကူးအတိုင်း ကားတွေကိုထုတ်လုပ်နေကြတာပါ။ ရုံးစည်းကမ်းဆိုတာလည်း နားမလည်ကြဘဲ ကော့ကာအရှေ့တောင် ကော်ဖီခွက်ကိုင်ပြီး ဟိုလျှောက်ဒီလျှောက်လုပ်နေတဲ့ သူတွေတောင် ရှိနေခဲ့ပါတယ်။ အဲဒီလိုနဲ့ Chrysler ဟာ နှစ်စဉ်အရှုံးပေါ်နေရပါတယ်။ 

ဒါကြောင့် အုပ်ချုပ်ရေးအကြီးအကဲတွေကိုခေါ်ပြီး ကုမ္ပဏီရဲ့ ဒီအခြေအနေဆိုးတွေကို မသိကြဘူးလားလို့ မေးရတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေဆိုးတွေကို ဖြေရှင်းဖို့ ကော့ကာဟာ အပိုတွေဖြစ်နေတဲ့ ဟာတွေကို လျှော့ချတဲ့အနေနဲ့ ဖြုတ်ထုတ်သတ်လုပ်ခဲ့ရပါတယ်။ အဲဒီနေရာမှာ Chrysler ရဲ့ ဒုဥက္ကဋ္ဌ ၃၅ ဦးမှာ ၃၃ ဦးအထိဖြုတ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ချောင်ထိုးခံထားရတဲ့သူတွေကို ပြန်လည်ခန့်အပ်ခဲ့ပါတယ်။ ခရိုင်စလာကို ပြန်လည်ထူထောင်နိုင်ဖို့ အလုပ်သမား ၇၀၀၀ ကို အလုပ်ကနေ ရပ်စဲပစ်ခဲ့ရပါတယ်။ ဒီအလုပ်ဟာ သူ့ဘဝအတွက် အခက်အခဲဆုံးဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ခရိုင်စလာကုမ္ပဏီဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိ သက်သာခဲ့ပါတယ်။

ခရိုင်စလာကို ကယ်တင်ခြင်း 
အဲဒီနောက် ကော့ကာဟာ ကားသစ်တစ်စီး တီထွင်ဖို့အတွက် ကြိုးစားခဲ့ပေမယ့် ဒေဝါလီခံလုဆဲဆဲ ကုမ္ပဏီမှာ ကားသစ်တစ်စီးထုတ်ဖို့အတွက် ငွေလုံးငွေရင်း မရှိတာကြောင့် အခက်အခဲများစွာ တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ရောင်းမထွက်ဘဲရှိနေတဲ့ ငွေရပေါက်အနေနဲ့ ကားတွေကို လျှော့ဈေးနဲ့ ရောင်းထုတ်ပစ်ရပါတော့တယ်။ ဒါပေမဲ့ မလုံလောက်ခဲ့ပါဘူး။ ဒီကြားထဲ ကုမ္ပဏီကနေပေးဖို့ရှိတဲ့ အကြွေးရှင်တွေကလည်း ခရိုင်စလာပြိုလဲတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် ထပ်မံစောင့်ဆိုင်းဖို့ စိတ်မရှည်ကြတော့ပါဘူး။ ဒါပေမဲ့ ကော့ကာဟာ ဇွဲမလျှော့ဘဲ ခရိုင်စလာဟာ ဒီအခက်အခဲတွေကြားထဲကနေ ပြန်လည်ရှင်သန်လာမယ်လို့ ယုံကြည်နေခဲ့ပါတယ်။ အဲဒီနောက် ၁၉၇၈ အီရန် အရေးအခင်းကြောင့် ဓာတ်ဆီဈေး နှစ်ဆမကမြင့်တက် သွားတဲ့အပြင် အမေရိကန်မှာ နှစ်ငါးဆယ်အတွင်း တစ်ခါမှမကြုံဖူးတဲ့ စီးပွားပျက်ကပ်ကို ကြုံခဲ့ရပြန်ပါတယ်။ အဲဒီလို အခက်အခဲတွေကြုံနေပေမယ့်လည်း ဥက္ကဋ္ဌ ရာထူးကနေထွက်ဖို့ စိတ်ကူးထဲတောင် မရှိခဲ့ပါဘူး။

အဲဒီလိုနဲ့ ခရိုင်စလာမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပေးဖို့ ငွေရင်းနှီးသူတွေနဲ့ ၁၉၇၉၊ ၈၀ ခုနှစ်တွေမှာ အကြိမ်ပေါင်းတစ်ရာကျော် တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ လောင်စာဈေးကောင်းလို့ ချမ်းသာနေကြတဲ့ အာရပ်တွေနဲ့ဆက်သွယ်ပေးမယ့် ကြားပွဲစားတွေနဲ့လည်း ချိတ်ဆက်ကြိုးစားခဲ့ပါသေးတယ်။ အာရပ်အဖွဲ့တစ်ဖွဲ့နဲ့ဆိုရင် အကြိမ်ပေါင်း ၁၅၆ ကြိမ်အထိ ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ငွေအရင်းအနှီး ရနိုင်ဖို့အတွက် ကော့ကာတွေ့ဆုံခဲ့တဲ့အထဲမှာ ကမ္ဘာ့နာမည်အကြီးဆုံး လက်နက်ကုန်သည် ဆော်ဒီသူဌေး အက်ဒနန် ခါရှော့ဂီကိုလည်း တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီနောက် ခရိုင်စလာကို ဗော့စ်ဝက်ဂွန်ကားကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်ဖို့ ညှိနှိုင်းကြိုးပမ်းခဲ့ပါသေးတယ်။ အောင်မြင်မလိုလိုဖြစ်ပြီး စတော့ရှယ်ယာဈေးကွက်မှာ ရှယ်ယာဈေး ၁၁ ဒေါ်လာကနေ ၁၄ ဒေါ်လာအထိ မြင့်တက်ခဲ့ပေမယ့် နောက်ဆုံး အဆင်မပြေခဲ့ပြန်ပါဘူး။

ကော့ကာဟာ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းလို့ မအောင်မြင်တဲ့အဆုံးမှာ အမေရိကန်အစိုးရကို ချဉ်းကပ်ဖို့လုပ်ပါတော့တယ်။ အဲဒီအချိန် အမေရိကန်ရဲ့ စီးပွားရေးမူဝါဒက လွတ်လပ်တဲ့စီးပွားရေးဈေးကွက် စနစ်ဖြစ်တဲ့အတွက် အစိုးရရဲ့အကူအညီ ယူလို့မရတဲ့အချိန်ပါ။ အဲဒါကြောင့် ကော့ကာရဲ့အကြံကို ရုတ်တရက်ကြည့်မယ်ဆိုရင် အံမကျလှတဲ့ ပြောင်းပြန်ဖြစ် နေပါတယ်။ အရင်းရှင်စီးပွားရေးရဲ့ ဥပဒေသကိုက ကြံ့ခိုင်သူ အနိုင်ရစတမ်း မဟုတ်လား။ ခရိုင်စလာဟာ အကျပ်အတည်းနဲ့ လုံးဝရင်ဆိုင်နေရတဲ့အတွက် မလွှဲမရှောင်သာ အခြေအနေရောက်နေလို့ အစိုးရဆီ ဇွတ်မှိတ်ချဉ်းကပ်ရပါတယ်။

ဖို့ဒ်မှာလုပ်ခဲ့စဉ်က စီးပွားရေးလုပ်ငန်းတွေမှာ အစိုးရက ဝင်မစွက်ဖက်အောင် ချုပ်ကိုင်ခြယ်လှယ်မှုကို ဆန့်ကျင်တိုက်ဖျက်ဖို့ ဝါရှင်တန်က ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းခဲ့ဖူးပါတယ်။ အခုတော့ အစိုးရဆီက အကူအညီတောင်းဖို့သွားတွေ့ရတာကြောင့် အခြေအနေ ၂ ခုဟာ ပြောင်းပြန်ဖြစ်နေခဲ့ပါတယ်။ အစိုးရအကြီးအကဲတွေက ကော့ကာကို ဘာကြောင့် ဒီနည်းလမ်းကို ရွေးရသလဲလို့ မေးခွန်းထုတ်ကြတော့ ကော့ကာက ရွေးစရာလမ်းမရှိတော့လို့လို့ ပြန်ဖြေခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ အစိုးရဆီက အကူအညီရဖို့ ကြိုးပမ်းနေချိန် ၁၉၇၉ ခုနှစ်မှာ အမေရိကန်သမ္မတ ဂျင်မီကာတာက မီလာကို ဘဏ္ဍာရေးဝန်ကြီး ခန့်လိုက်ပါတယ်။ ခရိုင်စလာကို ဒေဝါလီခံသင့်တယ်လို့ ပြောခဲ့ဖူးတဲ့ ဝန်ကြီးမီလာဟာ ကူညီထောက်ပံ့ဖို့ သဘောတူလာခဲ့ပါတယ်။ စီးပွားရေး နာလန်ထလာအောင် ကြံဆရေးဆွဲထားတဲ့ စီမံချက်တင်ပြ နိုင်ရင် ထောက်ပံ့ဖို့ သဘောတူလာပါတယ်။ အစိုးရ ကူညီမယ်ဆိုတဲ့သတင်းကြောင့် အမေရိကန်စီးပွားရေး လောကတစ်ခုလုံးက ဆန့်ကျင်ခဲ့ကြပါတယ်။

အမေရိကန် အမျိုးသားရေး ထုတ်ကုန်အသင်းကြီးကဆိုရင် ညီလာခံတစ်ခုကျင်းပပြီး ကန့်ကွက်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ တချို့ကလည်း ခရိုင်စလာကို ငွေထုတ်ချေးမယ့်အစီအစဉ်ကို ထောက်ခံခဲ့ကြတယ်။ ကော့ကာဟာ ပြည်သူနဲ့အစိုးရကြား သဘောတရားတွေ ငြင်းခုံဆွေးနွေးနေချိန်မှာ ခရိုင်စလာဟာ ပြိုကွဲပျက်စီးနေပြီဖြစ်တဲ့အကြောင်း၊ လက်တွေ့ဖြေရှင်းဖို့သာ အရေးကြီးနေချိန်ဖြစ်ကြောင်း၊ လွတ်လပ်တဲ့ စီးပွားရေးစနစ်ရဲ့ အနှစ်သာရဟာ ယှဉ်ပြိုင်ခြင်းပဲဖြစ်တယ်။ အခုလည်း ယှဉ်ပြိုင်နိုင်ဖို့ ခရိုင်စလာ ငွေလိုနေတယ်။ ယှဉ်ပြိုင်မှုရှိအောင် အစိုးရက ထောက်ပံ့သင့်တယ်။ ခရိုင်စလာပြိုကွဲသွားရင် အလုပ်သမားပေါင်း မြောက်မြားစွာ အလုပ်လက်မဲ့ဖြစ်မယ်။ ကားဈေးကွက်မှာ ဂျပန်ပြည်ထုတ်ကားတွေ တင်သွင်းရမှာမို့ မိအေး ၂ ခါနာဖြစ်မယ်လို့ လူသိရှင်ကြား မီဒီယာတွေကနေ ပြန်လည်ချေပခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ခရိုင်စလာကို ငွေထုတ်ချေးသင့် မချေးသင့် အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ကော့ကာကို ကိုယ်တိုင်အစစ်ဆေးခံရပါတော့တယ်။ ကော့ကာဟာ ပြစ်မှုကျူးလွန်ခံရတဲ့ တရားခံတစ်ယောက်လို နာရီပေါင်းများစွာကြာအောင် အစစ်ခံခဲ့ရပါတယ်။ လွှတ်တော်ကြားနာရေး ကော်မတီဝင်တွေရှေ့မှာ မေးသမျှမေးခွန်းကို ပြေလည်အောင် ဖြတ်ထိုးဉာဏ်နဲ့ တာဝန်ယူ ဖြေဆိုခဲ့ပါတယ်။ တရစပ်မေးခွန်းတွေကို မနားတမ်း လက်တန်းဖြေရတာပါ။ အစစ်ခံချက်တွေကို စာနယ်ဇင်းတွေမှာ ဖော်ပြကြသလို ရုပ်မြင်သံကြားတွေကနေ တိုက်ရိုက်ထုတ်လွှင့်ကြလေတော့ ကာတွန်းတွေနဲ့ သရော်ကြပြန်ပါတယ်။ ကော့ကာရဲ့ ဇနီးနဲ့သမီးတွေ ဈေးတို့ ကျောင်းတို့သွားတဲ့အချိန်မှာ အလှောင်ပြောင် ခံခဲ့ရတဲ့အထိပါပဲ။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာပဲ သူ့ဇနီး မေရီ ဆီးချိုရောဂါဖြစ်လို့ ဆေးရုံတင်ထားခဲ့ရပါတယ်။ အစည်းအဝေးတွေထိုင်ရတာ များလွန်းလို့ မူးလဲတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒီလိုအခက်အခဲတွေ ကြားကနေ သမ္မတဂျင်မီကာတာက ချေးငွေထုတ်ချေးဖို့ သဘောတူခဲ့ပါတယ်။

နောက်ဆုံး ခရိုင်စလာကို ငွေထုတ်ချေးမယ့် ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ ထောက်ခံမဲ ၂၇၁ မဲ၊ ကန့်ကွက်မဲ ၁၄၆ မဲနဲ့ အထက်လွှတ်တော်မှာ ထောက်ခံမဲ ၅၃ မဲ၊ ကန့်ကွက်မဲ ၄၄ မဲနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီဥပဒေဟာ ပြည်ထောင်စုအစိုးရအနေနဲ့ ငွေချေးဘုတ်အဖွဲ့တစ်ခုဖွဲ့စည်းပြီး ၂ နှစ်အတွင်း ခရိုင်စလာကို ဒေါ်လာသန်း ၁၅၀၀ ထုတ်ချေးဖို့ပဲဖြစ်ပါတယ်။ ချေးငွေအားလုံးကို ၁၉၉၀ ပြည့်နှစ်မှာ ပြန်လည်ပေးဆပ်ဖို့နဲ့ ပြုပြင်ဖွဲ့စည်းဖို့အချက်ပါပါတယ်။ အဲဒီလိုနဲ့ ခရိုင်စလာဟာ ဆိုးရွားတဲ့အခြေအနေက ရုန်းထွက်နိုင်ဖို့ ဆီစားသက်သာတဲ့ ရှေ့ယက်ကားဟာ မျှော်လင့်ချက် ရောင်ခြည်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ ကော့ကာဟာ ပုံစံသစ် ကားတစ်စီးကိုထုတ်ဖို့ စိုင်းပြင်းထားမှုဟာ အတော်ခရီးရောက်နေပြီလို့ ဆိုပါတယ်။ အဲဒီလိုနဲ့ ကော့ကာဟာ နောက်ဆုံးမှာ K လို့ အမည်ရတဲ့ ကားသစ်တစ်စီးကို ထုတ်လုပ်ခဲ့ပြီး ခရိုင်စလာကို ကယ်တင်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ ခရိုင်စလာကို အခြေအနေ ပြန်လည်တည့်မတ်နိုင်ခဲ့စဉ်မှာပဲ သူ့ဇနီးမေရီ ကွယ်လွန်ခဲ့ပါတယ်။ ခရိုင်စလာဟာ အစိုးရဆီမှာ တင်နေတဲ့အကြွေးတွေကို ၁၉၈၃ ခုနှစ် ဇူလိုင်မှာ ဆပ်မယ်လို့ ကြေညာနိုင်ခဲ့ပါတယ်။ အဲဒီနေ့ဟာ သူဖို့ဒ်ကုမ္ပဏီကထွက်တဲ့ ငါးနှစ်မြောက်နေ့နဲ့ တိုက်ဆိုနေခဲ့ပါတယ်။

အဲဒီလိုနဲ့ ကော့ကာဟာ ခရိုင်စလာကို အခက်အခဲမျိုးစုံကြားကနေ ကယ်တင်နိုင်ခဲ့ပြီး အမေရိကန် စီးပွားရေးလောကရဲ့ အကျော်ကြားဆုံးသူရဲကောင်း ဖြစ်လာခဲ့သလို သမ္မတလောင်းစာရင်းအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီလိုဇွဲနပဲကြီးပြီး အခက်အခဲတွေကို ရင်ဆိုင်အန်တုနိုင်ခဲ့တဲ့ ကော့ကာဟာ အခုဆို အသက် ၉၄ နှစ်ထဲ ရောက်နေပြီဖြစ်ပေမယ့် သက်ရှိထင်ရှား ရှိနေပါသေးတယ်။ အိုင်ယာကော့ဟာ တက်သစ်စလူငယ်တွေကို စေ့ဆော်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ သူ့ရဲ့အတ္ထုပ္ပတ္တိ စာအုပ်ကို ရေးခဲ့ပါတယ်။ ပြီးတော့ သူတို့ခေတ်အမေရိကန် ပြည်ထောင်စုမှာ ရှင်သန်လှုပ်ရှားနေကြတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ စိတ်ဝင်စားဖွယ် သည်းထိတ်ရင်ဖို ယှဉ်ပြိုင်ရတဲ့အကြောင်းတွေကို နားလည်စေချင်လို့ ရေးခဲ့တာဖြစ်ပါတယ်။ 

ဟိန်းမြတ်စိုး
(Reference- ၁၉၆၄ ခုနှစ်ထုတ် အိုင်ယာကော့ကောနှင့် ဝီလျံနိုဗက်စာအုပ်နှင့် Lee Iacocca Wiki) 


  • VIA