News

POST TYPE

AUTOMOBILE

Yangon Water Bus ၏ နေဝင်ချိန်ကြည့်ခရီးစဉ်
03-May-2018
“ညနေပိုင်း မြစ်ကြောင်းတစ်လျှောက် ရန်ကုန်မြို့ရဲ့ နေဝင်ဆည်းဆာအလှကို ခံစားနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်”
ဦးငွေဖြိုးပိုင် (မန်နေဂျာ၊ တင့်တင့်မြန်မာကုမ္ပဏီ)

Yangon Water Bus အနေနဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ တွံတေး ရွှေဆံတော်ဘုရား ခရီးစဉ်၊ ကျောက်တန်းရေလယ် ဘုရားခရီးစဉ်ကို ဘုရားဖူးယာဉ်အဖြစ် နှစ်ထပ်သင်္ဘောနဲ့ ပြေးဆွဲပေးနေတာ ဖြစ်တယ်။ အခုထပ်ပြီးတော့ ညနေပိုင်း Sunset ခရီးစဉ်အဖြစ် ရန်ကုန်ပင်လယ်ဝအလှကို ကြည့်ရှုနိုင်မယ့် ခရီးစဉ်သစ်ကို ပြေးဆွဲပေးတာ ဖြစ်ပါတယ်။ ဒီခရီးစဉ်က သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ ပြေးဆွဲပေးမှာဖြစ်တဲ့အပြင် အထူးခရီးစဉ်အဖြစ် အစိုးရရုံးပိတ်ရက်တွေ၊ နေ့ထူးနေ့မြတ်တွေမှာလည်း အလျဉ်းသင့်သလို ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ ညနေပိုင်း မြစ်ကြောင်းတစ်လျှောက် ရန်ကုန်မြို့ရဲ့ နေဝင်ဆည်းဆာအလှကို ခံစားနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဗိုလ်တထောင်ဆိပ်ကမ်းက စတင်ထွက်ခွာမှာ ဖြစ်တယ်။ အချိုရည်နဲ့ သရေစာမုန့်တွေ အပါအဝင် ပြည်တွင်းခရီးသည်တစ်ဦး ၃၀၀၀ ကျပ်၊ နိုင်ငံခြားသားတစ်ဦး အမေရိကန်ဒေါ်လာ ၅ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။ Water Bus ဆိပ်ကမ်းမှာ လက်မှတ်ဝယ် နိုင်သလို YWB Page Messenger မှာလည်း နံနက် ၇ နာရီက ည ၇ နာရီအတွင်း ဘွတ်ကင်လုပ်နိုင်ပါတယ်။
 
“တစ်ခေါက်စီးမှ သုံးထောင်ပဲရှိတာဆိုတော့ စီးပျော်တယ်”
ကိုငြိမ်းဝေ (ခရီးစဉ်အတွင်း လိုက်ပါစီးနင်းသူ)

ဒီနေဝင်ချိန်ကြည့် သင်္ဘောကို အစ်ကိုကစီးမယ်လို့ ခေါ်တာရယ်၊ ကိုယ်တိုင်လည်း တစ်ခါမှမစီးဖူးသေးတဲ့အတွက် လာပြီးစီးဖြစ်သွားတာပါ။ နောက်အလုပ်က လူတွေ တော်တော်များများလည်း သွားစီးနေကြတာဆိုတော့ စီးကြည့်ချင်တာနဲ့ စီးဖြစ်သွားတာပါ။ သူတို့က ရန်ကုန်မြစ်ဝအထိ ရောက်တယ်၊ သွားစီးကြည့်၊ ပျော်ဖို့ကောင်းတယ်ဆိုပြီး ပြောတယ်။ အခု ကျွန်တော်စီးကြည့်တော့လည်း ကောင်းပါတယ်။ တစ်ခေါက်စီးမှ သုံးထောင်ပဲ ရှိတာဆိုတော့ စီးပျော်တယ်။ အခု စီးဖြစ်သွားတာကလည်း ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ သူတွေထဲက မလာဖြစ်တော့လို့ ကျွန်တော်တို့ရတာ။ သင်္ဘောကသေးတဲ့အတွက် နည်းနည်းခါတာလေးတော့ ရှိတယ်။ လက်မှတ်ခလည်း ဈေးသိပ်မကြီးတဲ့အတွက် နောက်အခေါက်တွေလည်း သူငယ်ချင်းတွေနဲ့ လာစီးချင်ပါသေးတယ်။ အခုမှ ပြေးဆွဲတာရယ်၊ အခုက လှိုင်းနည်းနည်းရှိနေတဲ့အတွက် ပင်လယ်ဝအထိ မသွားဘဲ ရန်ကုန်မြို့နားတစ်ဝိုက် ပတ်စီးရတာဆိုတော့ ပင်လယ်ဝဘက်ကို ထပ်စီးကြည့်ချင်သေးတယ်။ နောက်တစ်ခုက မိသားစုနဲ့လာစီးရတာထက် သူငယ်ချင်းတွေနဲ့ လာစီးရတာ ပိုပျော်ဖို့ကောင်းမယ်လို့ ထင်ပါတယ်။ 

“ဒီလိုမျိုးလေး သဘာဝလေလေးရှူပြီး သင်္ဘောပတ်စီးရတာ ပိုပြီးစိတ်အပန်းပြေတယ်လို့ ခံစားရတယ်” 
မအေးမြတ်မြတ်ဖြိုး (ခရီးစဉ်အတွင်း လိုက်ပါသူ)

ဒီသင်္ဘောအကြောင်းကို သူငယ်ချင်း နှစ်ယောက်က Facebook မှာ တွေ့တယ်။ ဒါကို သူငယ်ချင်း အချင်းချင်း Mention ခေါ်ပြီး ဒီအားလပ်ရက် သွားစီးကြမလားနဲ့ အဖော်ညှိရင်း သူငယ်ချင်းတွေ အဖွဲ့လိုက် လာစီးဖြစ်သွားတာပါ။ ပြောမယ်ဆိုရင် ရန်ကုန်မှာက ဒီလိုအစီအစဉ်လေးတွေက ရှားတယ်လေ။ ပေးရတဲ့ဈေးကလည်း သုံးထောင်ဆိုတော့ ဈေးလည်း သက်သာတယ်။ အခုလာစီးကြည့်တာတော့ ပျော်စရာ ကောင်းတယ်။ အားနည်းချက်ကကျတော့ အစားအသောက်ပေါ့နော်။ သူတို့သုံးတဲ့ခွက်တွေက တစ်ခါသုံးခွက်တွေ ဖြစ်တဲ့အတွက် သင်္ဘော တစ်ခေါက် တစ်ခေါက်ဆို အမှိုက်တွေ အများကြီး ထွက်မယ်။ အဲဒီအတွက် ပတ်ဝန်းကျင် ညစ်ညမ်းတယ်။ ဒါတော့ ပြင်လို့ရရင် ပြင်စေချင်ပါတယ်။ ပလတ်စတစ်ခွက်တွေ၊ ဖော့ဘူးတွေအစား စက္ကူဘူးလေးတွေ အစားထိုးပေးမယ်ဆို ပိုပြီးကောင်းမယ်လို့ အကြံပေးချင်ပါတယ်။ နောက်အားသာချက်က ရန်ကုန်မြို့ထဲမှာပဲနေပြီး Shopping Mall တွေပတ်လိုက်၊ မုန့်တွေစားလိုက်နဲ့စာရင် ဒီလိုမျိုးလေး သဘာဝလေလေးရှူရတာ ပိုပြီးစိတ်အပန်းပြေတယ်လို့ ခံစားရတယ်။ ပြီးရင် တစ်နေရာတည်းမှာပဲ လူတွေလည်းစုပြီး စကားပြောဖြစ်တယ်။ သဘာဝအလှတွေကို ခံစားလို့ရတဲ့အတွက် ဒီလိုလေးတွေ လုပ်ပေးထားတာ သဘောကျပါတယ်။ 

ခိုင်ချယ်ရီထွန်း