POST TYPE

AUTOMOBILE

ဘေးကင်းစွာ ကားမောင်းနှင်နိုင်ဖို့ဆိုရင်
23-Apr-2018 tagged as



တစ်ပတ်အတွက်တော့ ဘေးကင်းစွာ ကားမောင်းနှင်နိုင်စေဖို့ ကားမမောင်းခင်မှာ ဂရုစိုက်သင့်တဲ့အရာတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ သတိမမူ ဂူမမြင်ဆိုတဲ့ မြန်မာစကားပုံရှိတဲ့အတိုင်း ကားမောင်းကျွမ်းကျင်သူပဲဖြစ်ဖြစ်၊ မကျွမ်းကျင်သေးတဲ့သူပဲဖြစ်ဖြစ် သတိမမူမိမှာစိုးတဲ့အတွက် ကားမမောင်းခင် ဘာတွေလုပ်သင့်လဲဆိုတာတွေကို တင်ပြပေးလိုက်ပါတယ်။ ကားမထွက်ခင် ဘာတွေကိုလုပ်သင့်လဲ။ ဒါက ရိုးရှင်းတဲ့မေးခွန်းတစ်ခုပါပဲ။ ဒါက မေးလိုက်မယ်ဆိုရင် ကားနဲ့ ရင်းနှီးကျွမ်းဝင်တဲ့သူတိုင်း ပါးစပ်နဲ့ဖြေတတ်မယ့် မေးခွန်းလေးတစ်ခုပါပဲ။ အခုက ကားမထွက်ခင် လုပ်ရမှာတွေကို နည်းစနစ်ကျကျ ဘယ်လိုလုပ်ရမလဲဆိုတာကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ကားမထွက်ခင် သတိထားရမှာတွေက စတီယာရင်ပေါ် လက်တင်ပုံ၊ ယာဉ်မောင်းခုံချိန်ညှိမယ်၊ နောက်ကြည့်မှန်ချိန်ညှိမယ်၊ ထိုင်ခုံခါးပတ်ပတ်မယ် စတာတွေကို ဘယ်လိုနည်းစနစ်ကျကျ လုပ်ရမလဲ ကြည့်လိုက်ကြရအောင်။

စတီယာရင်ပေါ် လက်တင်ပုံ

ကားမောင်းကျွမ်းကျင်ရင် ကျွမ်းကျင်လာသလို သတိလက်လွတ်ဆိုသလို စတီယာရင်ကို ယာဉ်မောင်းစိတ်ကြိုက် ကိုင်မောင်းတတ်ကြပါတယ်။ တချို့က လက်တစ်ဖက်တည်း ကိုင်ပြီးမောင်းတာမျိုး၊ လက်တစ်ဖက်က အရာဝတ္ထုတစ်ခုခု ကိုင်ဆောင်မောင်းနှင်တာမျိုး၊ ပြတင်းပေါက်ပေါင်ပေါ်လက်တင်ပြီး မောင်းနှင်တာမျိုး အပါအဝင် ပုံစံအမျိုးမျိုးနဲ့ မောင်းနှင်တတ်ကြပါတယ်။ အဲဒီလိုပုံစံတွေထက် နိုင်ငံတကာယာဉ်အန္တရာယ် လုံခြုံရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေက စတီယာရင်ကိုင်တွယ်မောင်းနှင်ပုံကို တညီတညွတ်တည်း သတ်မှတ်ပေးထားတာကတော့ နာရီလက်တံ ၂ နာရီနဲ့ ၁၀ နာရီပုံစံ ဖြစ်ပါတယ်။ ဒီပုံစံမှာ ဘယ်လက်က ၁၀ နာရီ နေရာမှာထားပြီး ညာလက်က ၂ နာရီနေရာမှာထားပြီး မောင်းရမှာဖြစ်ပါတယ်။ ဒီပုံစံက ဘေးအကင်းဆုံးနဲ့ ရုတ်တရက်ကြုံလာနိုင်မယ့် အန္တရာယ်တွေကို ရှောင်လွှဲနိုင်မယ့်အပြင် အကွေ့တွေမှာဆိုရင်လည်း အလွယ်တကူ ကွေ့နိုင်မှာ ဖြစ်ပါတယ်။

ယာဉ်မောင်းထိုင်ခုံချိန်ညှိခြင်း

ထိုင်ခုံချိန်ညှိပြီး မောင်းတဲ့နေရာမှာဆိုရင် ယာဉ်မောင်းအမျိုးမျိုးက ပုံစံအမျိုးမျိုးနဲ့ မောင်းနှင်တတ်ကြပါတယ်။ ဒီလိုမောင်းနှင်တဲ့နေရာမှာ ရုတ်တရက်အခြေအနေတွေကို ပြန်လည်တုံ့ပြန်တဲ့နေရာတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်စေတတ်ပါတယ်။ အခုခေတ်ပေါ် ကားတော်တော်များများမှာတော့ ထိုင်ခုံချိန်ညှိတာကို အလိုအလျောက်စနစ်နဲ့ ထည့်သွင်းပေးလာသလို Memory စနစ်တွေလည်း ထည့်သွင်းပေးထားတဲ့အတွက် ကိုယ်မောင်းနေကျကားတစ်စီးကို တစ်ခါချိန်ညှိပေးလိုက်ရုံနဲ့ နောက်တစ်ခါချိန်ညှိစရာ မလိုတော့ပါဘူး။ ဒါပေမဲ့ ခန္ဓာကိုယ်အရွယ်အစားအမျိုးမျိုး၊ အရပ်အမြင့်အမျိုးမျိုးရှိတဲ့အတွက် အဲဒီပေါ်မှာအခြေခံပြီး ယာဉ်မောင်းထိုင်ခုံကို ချိန်ညှိရမှာဖြစ်ပါတယ်။ နည်းစနစ်ကျကျ ထိုင်ခုံချိန်ညှိပုံကို ကြည့်လိုက်ကြရအောင်။ နည်းစနစ်ကျကျ မောင်းနှင်နိုင်မယ့် ထိုင်ခုံချိန်ညှိပုံမှာ ဆိုရင် စတီယာရင်ဦးပိုင်းနဲ့ ကိုယ့်ရဲ့ပါးစပ်နဲ့က တစ်တန်း တည်းဖြစ်နေရမှာဖြစ်သလို နောက်ကို အရမ်းမလျှောစေရသလို အရမ်းလည်း မမတ်ရပါဘူး။ ယာဉ်မောင်းသူ သက်သောင့်သက်သာလည်းဖြစ်အောင် နောက်ကို အနည်းငယ်လျှောထားစေရပါတယ်။ အကောင်းဆုံးကတော့ အထက်ကပြောခဲ့သလို ယာဉ်မောင်းရဲ့ မေးစေ့က စတီယာရင်ထိပ်ပိုင်းနဲ့ တစ်တန်းတည်း ဖြစ်နေဖို့လိုပါတယ်။ စတီယာရင် အကွာအဝေးကတော့ စတီယာရင်ပေါ်မှာ ယာဉ်မောင်းရဲ့ လက်ကောက်ဝတ်က ကပ်လျက်အနေအထားနဲ့ ခြေထောက်က ဘရိတ်ကို လုံးဝ မိအောင်နင်းနိုင်ရမယ့် အခြေအနေဖြစ်နေပါမယ်။

နောက်ကြည့်မှန် ချိန်ညှိခြင်း

ခေတ်ပေါ်ကားတွေ တော်တော်များများကတော့ ဘက်မှန်ချိန်ပေးဖို့ မလိုပါဘူး။ ဘက်မှန်အခေါက် အသိမ်း ခလုတ်လေးတွေလည်း ပါလာသလို ခလုတ်ကလေးဖွင့်လိုက်ရုံနဲ့ အလိုအလျောက် ချိန်ညှိပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး ဘက်မှန်ချိန်ညှိတဲ့နေရာမှာလည်း လူစီးကားတွေမှာဆိုရင် အရင်ကလို ကားပေါ်မှာ တစ်ယောက်ကနေပြီး တစ်ယောက်က ဘက်မှန်ကိုကိုင်ပြီး လှည့်ပေးနေစရာမလိုဘဲ ကားထဲကနေ တစ်ယောက်တည်း စိတ်ကြိုက်ချိန်ညှိနိုင်နေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ဆီက မြို့တွင်းဘတ်စ်ကားတွေကတော့ အထက်ကပြောတဲ့ တစ်ယောက်ကထိုင်ပြီး တစ်ယောက်က လှည့်ပေးရတဲ့နည်း ရှိနေတုန်းပါပဲ။ ဒီလိုဆိုတဲ့အခါမှာ နည်းစနစ်ကျကျ ဘက်မှန်ချိန်ညှိပုံကဆိုရင် နောက်ကကားကို ဘယ်ဘက်ဘက်မှန်ကပဲကြည့်ကြည့် မြင်နေရအောင် ချိန်ညှိထားဖို့ လိုအပ်ပါတယ်။ နောက်ကကားကို ယာဉ်မောင်းရဲ့ ဘယ်ဘက် ဘက်ကြည့်မှန်ကပဲဖြစ်ဖြစ်၊ ညာဘက် ဘက်ကြည့်မှန်ကပဲဖြစ်ဖြစ်၊ အတွင်းခန်းထဲက ဘက်ကြည့်မှန်ကပဲဖြစ်ဖြစ် မြင်သာထင်သာရှိနေစေအောင် ချိန်ညှိရမှာဖြစ်ပါတယ်။ နောက်ကကားကို ဘက်မှန်တစ်ခုခုက မမြင်ရဘူးဆိုရင်တော့ ဒီနည်းက ဘက်မှန်ချိန်ညှိနည်း မှားနေပြီဖြစ်ပါတယ်။ 

ထိုင်ခုံ ခါးပတ်ပတ်ခြင်းရဲ့ အကျိုးကျေးဇူး

နိုင်ငံတကာမှာဆိုရင်တော့ ကားပေါ်တက်ပြီးတာနဲ့ ခါးပတ်ပတ်တဲ့အကျင့်ကို ယာဉ်မောင်းအပါအဝင် ရှေ့ခုံမှာထိုင်တဲ့သူတွေ တော်တော်များများ ဂရုတစိုက်လုပ်တတ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီအကျင့်ကိုလုပ်စေဖို့ မော်တော်ယာဉ်ဥပဒေထည့်ပြီး ဒဏ်ကြေးတပ်ပြီး ပြီးခဲ့တဲ့နှစ်ပိုင်းတွေကစပြီး လုပ်နေပါပြီ။ ဒါပေမဲ့ ယာဉ်မောင်းအချို့က ခါးပတ်ပတ်တာကို သဟဇာတဖြစ်သေးတဲ့ပုံစံတော့ မဟုတ်သေးပါဘူး။ ယာဉ်ထိန်းရဲလစ်ရင်လစ်သလို ဖြုတ်ပြီးမောင်းတတ်ကြပါတယ်။ ဒီလိုဖြုတ်မောင်းရတဲ့အကြောင်းအရင်းက ရာသီဥတုပူပြင်းတာရယ်နဲ့ ကားမောင်းရတာ မလွတ်လပ်ဘူးဆိုတဲ့ အကြောင်းပြချက်တွေ ပြတတ်ကြပါတယ်။ ခါးပတ်ပတ်မောင်းဖို့အတွက် ဒီမှာ ကမ်ပိန်းတွေ များစွာပြုလုပ်လာကြပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ခါးပတ်မပတ်ဘဲ ကားမောင်းရင် သေဆုံးနိုင်ခြေ နှစ်ဆရှိနိုင်ပါတယ်။ ခါးပတ်ပတ်မောင်းရင် သေဆုံးနိုင်ခြေနည်းမှာ ဖြစ်ပါတယ်။ ရှေ့ခုံက လူတွေအတွက် ၅၀ ရာခိုင်နှုန်းနဲ့ နောက်ခုံက လူတွေအတွက် ၇၅ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ခြေ လျော့ကျစေပါတယ်။ 

ထိုင်ခုံခါးပတ် ပတ်နည်း

- သင့်နားထင်ဟာ ထိုင်ခုံခေါင်းပိုင်းရဲ့ အလယ်မှာရှိနေရပါမယ်။

- ထိုင်ခုံခါးပတ်ကြိုးအပေါ်ပိုင်းဟာ ညှပ်ရိုးရဲ့အပေါ်မှာ ရှိနေရပါမယ်။

- ထိုင်ခုံကို နောက်အရမ်းမမှီရပါဘူး။

- ထိုင်ခုံအောက် ခါးပတ်ကြိုးဟာ လူနဲ့ကပ်ပြီး ထိနေရပါမယ်။

ကိုယ်ဝန်ဆောင်များ ယာဉ်စီးမည်ဆိုပါက

ကိုယ်ဝန်ဆောင် ယာဉ်မောင်းသူနဲ့ လိုက်ပါစီးနင်းသူ အမျိုးသမီးတွေ အန္တရာယ်ကင်းစေဖို့ဆိုရင် ခါးပတ်ကို အမြဲပတ်ဖို့လိုပါတယ်။ ပြီးတော့ ခါးပတ်ကို နေရာမှန်မှန်ပတ်တတ်ဖို့လိုပါတယ်။ ခါးပတ်ကို နေရာမှန်မှန်မပတ်မိရင် အထဲက သန္ဓေသားကို အန္တရာယ်ဖြစ်စေပါတယ်။ လိုက်ပါစီးနင်းမယ့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ စတီယာရင်၊ လေအိတ်တွေနဲ့ ဝေးရာမှာ တတ်နိုင်သမျှ လိုက်ပါစီးနင်းကြပါ။ 

ကိုယ်ဝန်ဆောင်ယာဉ်မောင်းများ ခါးပတ်ပတ်နည်း

ကိုယ်ဝန်ဆောင်ယာဉ်မောင်းတွေ ခါးပတ်ပတ်မောင်းမယ်ဆိုရင် အကောင်းဆုံးနည်းလမ်းကတော့ ခါးပတ်ကြိုးကို ဗိုက်ရဲ့အပေါ်ဘက်နဲ့ အောက်ဘက်တွေမှာပဲ ပတ်ပါ။ ဗိုက်ပေါ်တွေ လုံးဝ (လုံးဝ) မပတ်ရပါဘူး။

ကလေးများအတွက် ထိုင်ခုံ

အခုနောက်ပိုင်းခေတ်တွေမှာဆိုရင် ကားစက်ရုံထုတ်ကတည်းကနေ ကလေးတွေအတွက် လုံခြုံမှုရှိစေမယ့်ထိုင်ခုံတွေ တပ်ဆင်ထုတ်လုပ်ပေးလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ကလေးတွေအတွက်ထိုင်ခုံဟာ အသက်ကိုကယ်တင်နိုင်ပါတယ်။ ဒီထိုင်ခုံတွေကြောင့် တစ်နှစ်အောက်ကလေးသေဆုံးမှုကို ၇၀ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး ကလေးငယ်တွေ သေဆုံးမှုကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။ ကလေးသီးသန့် ထိုင်ခုံရွေးဝယ်မယ်ဆိုရင် ကလေးရဲ့အရပ်နဲ့ အလေးချိန်ကို ကိုယ်ညီစေမယ့် ထိုင်ခုံတွေကို ရွေးဝယ်ဖို့လိုပါတယ်။ ပြီးရင် ကားနောက်ခုံကို သေချာစွာထားပါ။ ISOFIX ဆိုတဲ့ လုံခြုံမှုမြင့် ကလေးထိုင်ခုံတွေကို သုံးမယ်ဆိုရင်လည်း ယာဉ်စီးနင်းခြင်းကြောင့် ကလေးတွေ အသက်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ကလေးတွေရဲ့ ထိုင်ခုံတွေမှာဆိုရင် ထိုင်ခုံဘက်ကို ကလေးမျက်နှာလှည့်ထားတဲ့ပုံစံ၊ ကားရဲ့ရှေ့ကို ကလေးမျက်နှာလှည့်ထားတဲ့ပုံစံဆိုပြီး ၂ မျိုးရှိတဲ့အပြင် နောက် ၂ မျိုးနဲ့လည်း လိုက်ပါစီးနင်းစေနိုင်ပါတယ်။

ကားထဲက အိမ်မွေးတိရစ္ဆာန်တွေ

အိမ်မွေးတိရစ္ဆာန်ချစ်တတ်သူတွေအနေနဲ့ ကိုယ် ကားမောင်းအပြင်ထွက်တဲ့နေရာကို ခေါ်ဆောင်သွားတတ်သူတွေ ရှိတတ်တဲ့အတွက် အိမ်မွေးတိရစ္ဆာန်တွေကို ကားထဲခေါ်သွားမယ်ဆိုရင် ဘေးကင်းစေဖို့ လိုပါတယ်။ အများစုကတော့ ခွေးနဲ့ ကြောင်တွေကို ယာဉ်မောင်းသူတွေနဲ့အတူ ခေါ်သွားတတ်ကြပါတယ်။ သူတို့ဘေးကင်းစေဖို့အတွက် တိရစ္ဆာန်သယ်ဆောင်ခုံဟာ စိတ်အချရဆုံးပါပဲ။ ဒီတိရစ္ဆာန်သယ်ဆောင်ခုံကို ကားရဲ့ ထိုင်ခုံနောက်ဘက် ဒါမှမဟုတ် ထိုင်ခုံအောက်တွေမှာ သေချာ သိမ်းထားပါ။ ဘယ်လိုခေါ်ဆောင်သွားသင့်တယ်၊ ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာတွေ၊ ဘယ်လို ထိန်းသိမ်းထားသင့်လဲဆိုတာတွေကိုတော့ တိရစ္ဆာန် ဆရာဝန်ဆီမှာ အကြံဉာဏ်တောင်းခံပါ။

ဒါတွေကတော့ ယာဉ်မောင်းတွေနဲ့ ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းသူတွေအတွက် ဘေးကင်းပြီး လိုရာခရီးကို ချောမွေ့စွာ ရောက်နိုင်စေဖို့ ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ ခါးပတ်ပတ်တာပဲဖြစ်ဖြစ်၊ ထိုင်ခုံချိန်ညှိတာပဲဖြစ်ဖြစ်၊ ဘက်မှန်ချိန်ညှိတာပဲဖြစ် ဖြစ် နည်းစနစ်ကျကျမလုပ်တတ်သေးဘူး။ မကျသေးဘူးလို့ ထင်တယ်ဆိုရင် အခုဒီစာလေးဖတ်ပြီး ပြုပြင်နိုင်ပါပြီ။ 

ဟိန်းမြတ်စိုး

Reference - Ford Myanmar

  • TAGS