News

POST TYPE

AUTOMOBILE

မော်တော်ယာဉ်စီးရေနှင့် ယာဉ်ထိန်းရဲအရေအတွက်
23-Apr-2018

“ယာဉ်ကြောကျပ်တည်းတာတွေ၊ ယာဉ်လမ်းရှင်းလင်းတာတွေကို ရှိတဲ့အင်အားနဲ့ အဆင်ပြေအောင် ဆောင်ရွက်နေပါတယ်”

ရဲမှူး မျိုးအောင်မြင့် (အမှတ် ၈ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ ခွဲမှူးရုံး)

ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို အဓိက ကြီးကြပ်ဆောင်ရွက်ရတာပါ။ ယာဉ်လမ်းအန္တရာယ်တွေမဖြစ်အောင် ပညာပေးတွေ ခဏခဏလုပ်ပါတယ်။ ရန်ကုန်မှာ ယာဉ်ထိန်းအင်အားက ၁၃၀၀ ကျော်ပဲရှိတာပါ။ ယာဉ်ကြောကျပ်တည်းတာတွေ၊ ယာဉ်လမ်းရှင်းလင်းတာတွေကို ရှိတဲ့အင်အားနဲ့ အဆင်ပြေအောင် ဆောင်ရွက်နေပါတယ်။ လူစည်ကားတဲ့ မြို့တွင်းခြောက်မြို့နယ်ကိုတော့ ဦးစားပေးဆောင်ရွက်နေတာပေါ့။ မော်တော်ဆိုင်ကယ်ဆိုရင် စည်ပင်နယ်နိမိတ် ၃၁ မြို့နယ်ကို လုံးဝစီးခွင့်မပြုပါဘူး။ ဒါပေမဲ့ စီးတဲ့သူတွေရှိနေတယ်။ ယာဉ်ထိန်းကတွေ့တာနဲ့ စစ်ဆေးအရေးယူပါတယ်။ တချို့မြို့နယ်တွေမှာဆိုရင် ပြည်သူတွေ လိုအပ်ချက်အရ ဆိုင်ကယ်ကယ်ရီကို စီးနေရတာလည်း ရှိပါတယ်။ နားလည်မှုနဲ့ စီးနေကြတာပေါ့။ ယာဉ်ထိန်းရဲတွေက မြို့နယ်တွေကို နယ်မြေယာဉ်ထိန်းရဲနဲ့ အလှည့်ကျ စစ်ဆေးဖမ်းဆီးတာကို တာဝန်ယူဆောင်ရွက်နေပါတယ်။ ယာဉ်ထိန်းမရှိတဲ့အချိန် စည်းကမ်းချိုးဖောက်တဲ့သူက ထပ်မံချိုးဖောက်တာပါပဲ။



“ကင်မရာစောင့်ကြည့်စနစ်တွေကို လုံလုံလောက်လောက် ထားဖို့လိုမယ်” 

ဦးရဲဇွန်အောင် (ခရီးသည်)

လက်ရှိ ယာဉ်စည်းကမ်းဖောက်ဖျက်မှုနှုန်းနဲ့ဆို ယာဉ်ထိန်းရဲတွေ ဒီထက်ပိုရှိဖို့လိုတယ်။ အနည်းဆုံး နှစ်ဆလောက်ပဲ။ ရှိတဲ့လူတွေကိုလည်း အလုပ်ကို အလုပ်နဲ့တူအောင် လုပ်ချင်စိတ်ရှိလာအောင် လေ့ကျင့်ပေးထားဖို့လိုမယ်။ ကင်မရာစောင့်ကြည့်စနစ်တွေကို လုံလုံလောက်လောက် ထားဖို့လိုမယ်။ ဒီလိုမှမဟုတ်ရင် ယာဉ်စည်းကမ်းထိန်းသိမ်းရာမှာ အဆင်မပြေနိုင်ဘူး။ တကယ်လည်း စည်းနဲ့ကမ်းနဲ့အညီ အရေးယူမှုတွေ လုပ်ဖို့လည်းလိုမှာပေါ့။ ခုဆို ရဲမလုံလောက်တော့ ပြည်သူလည်း အဆင်မပြေဘူး။ ရှိတဲ့လူတွေကလည်း ရှိတဲ့အင်အားလေးနဲ့ မျှလုပ်နေရတော့ ဘယ်နေရာမှလည်း ကာဗာမဖြစ်ဘူး။



“တကယ်အန္တရာယ်ကင်းရှင်းကြဖို့အတွက်ကိုရော ဖိဖိစီးစီးလုပ်ကြရဲ့လားဆိုတာပဲ”

ကိုနိုင်ဝင်းထွဋ် (မန္တလေးမြို့ ကိုယ်ပိုင်ယာဉ်မောင်း)

တကယ်ရှုပ်တဲ့ ဈေးချိုဘက်တွေနဲ့ တခြားမိန်းလမ်းတွေမှာကျ တစ်ခါတစ်ခါ အရမ်းပိတ်နေတာမျိုး ရှိတယ်။ တစ်ခါတလေ ယာဉ်ထိန်းတွေ ရှင်းပေးနေတာရှိပေမယ့် တစ်ခါတလေ မရှိဘူး။ ဘာလို့မရှိလည်း မသိပေမယ့် အဲဒီလိုမရှိရင် တော်တော်ဒုက္ခရောက်တယ်။ ဟိုဘက်ဒီဘက် အတင်းလမ်းလုပြီး မောင်းကုန်ကြတော့ မလိုအပ်ဘဲ ပိုရှုပ်သွားရော။ ယာဉ်ထိန်းမလုံလောက်တာထက် ရှိတဲ့အနေအထားမှာတင် စနစ်တကျ ဖိဖိစီးစီးမရှိတာဘဲ ထင်တယ်။ အခုပုံစံအတိုင်းက ယာဉ်ထိန်းတိုးလာလည်း တိုးလာတာပဲရှိမှာ။ ညဘက်တွေဆို တချို့မီးပွိုင့်တွေကလွဲပြီး တစ်မြို့လုံးစာအနေနဲ့ ယာဉ်ထိန်းအနေအထား အတော်လေးအားနည်းတယ်။ အဲဒီတော့ ညဘက်တွေမှာကျ လုံးဝကြီး စည်းပျက်ကမ်းပျက်ဖြစ်သွားတယ်။ ဦးထုပ်မဆောင်းတော့ဘူး။ မီးနီလည်း ဖြတ်ချင်ဖြတ်မယ်။ စစ်မယ့်သူမရှိတော့ လိုင်စင်မရှိဘဲလည်း တက်မောင်းရင်မောင်းနေမှာပဲ။ ရှင်းရှင်းပြောရရင် စည်းကမ်းပျက်တွေကို ဒဏ်ရိုက်ဖို့လောက်ပဲ လုပ်နေမယ့်အစား တကယ်အန္တရာယ်ကင်းရှင်းကြဖို့အတွက်ကိုရော ဖိဖိစီးစီးလုပ်ကြရဲ့လားဆိုတာပဲ။