News

POST TYPE

AUTOMOBILE

သရုပ်ဆောင်အလင်းရောင်နှင့် တွေ့ဆုံခြင်း
23-Apr-2018 tagged as အနုပညာ



“ကိုယ်နဲ့အဆင်ပြေနိုင်မယ့် ကိုယ်နဲ့သင့်တော်မယ့် ကားမျိုးလောက်ပဲ ရွေးဝယ်ဖြစ်တယ်”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ ရွှေကြာရုပ်ရှင်ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသားနေရာကနေ သရုပ်ဆောင်ရိုက်ကူးထားပြီး ပရိသတ်အားပေးမှုကိုရရှိထားတဲ့ သရုပ်ဆောင်အလင်းရောင်နဲ့တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်း မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
ALY : လက်ရှိ ကျွန်တော်စီးနေတဲ့ ကားအမျိုးအစားက KIA စီးနေပါတယ်။

Voice : ဝယ်ထားတာရောကြာပြီလား။ 
ALY : ဝယ်ထားတာတော့ ခြောက်လ၊ ခုနစ်လလောက်တော့ ရှိသွားပါပြီ။

Voice : ဒီကားရဲ့အားသာချက်လေးရော သိပါရစေ။
ALY : အားသာချက် ဘယ်လိုပြောရမလဲ။ ကျွန်တော် အရင်တုန်းက ဆလွန်းစီးတယ်။ နောက်ပိုင်း နယ်ဘက်ကို ကျွန်တော်ကားရိုက်တွေ သွားတဲ့အခါကျတော့ 4 Wheel က ပိုပြီးအဆင်ပြေတယ်။ Sorento က ပိုပြီးကျယ်တော့ ပစ္စည်းလည်းပိုဆံ့တယ်ဆိုပြီး သုံးဖြစ်တာ။

Voice : မောင်လေးအနေနဲ့ရော ကားအမျိုးအစား အများကြီးရှိတဲ့အထဲက ဘာလို့ဒီကားမျိုးအစားကို ရွေးဝယ်ဖြစ်သွားတာလဲ။
ALY : အင်း။ ကျွန်တော်ကားဝယ်ခါနီးမှာ တော်တော်များများလိုက်ကြည့်တယ်။ တချို့ကားတွေကျတော့လည်း ဒီဈေးနဲ့ကို ပုံမဆန်းဘူး။ ဒါပေမဲ့ KIA လေးကျတော့ နည်းနည်းကြွားကြွားရွားရွားလည်းရှိတယ်။ ပုံကလည်းခန့်တယ်။ ပြီးတော့ အဲဒီကောင်က ဆီစားလည်း သက်သာတယ်။ ကားက ခရီးတွေသွားရတာကောင်းတယ်။ အဝတ်အစားတွေလည်း သယ်သွားရတာဆံ့တယ်။ 

Voice : ယောကျာ်းလေးတွေအများစုက ကားတို့၊ ကင်မရာတို့ သဘောကျတာများတယ်။ အလင်းရောင်ကရော ကားအပေါ်မှာ ခရေဇီဖြစ်တာမျိုးရှိလား။
ALY : ကားပေါ်မှာ အရမ်းကြီးတော့ ခရေဇီမဖြစ်ဘူး။ ကျွန်တော်ကြိုက်တဲ့ Brand တွေတော့ရှိတယ်။ ဒါပေမဲ့ ဝယ်မစီးနိုင်သေးဘူး။ အဲဒီတော့ ကိုယ်နဲ့ အဆင်ပြေနိုင်မယ့် ကိုယ်နဲ့သင့်တော်မယ့်ကားမျိုးလောက်ပဲ ရွေးဝယ်ဖြစ်တယ်။ 

Voice : ဘယ်လိုကားမျိုးကို အလင်းရောင်ကြိုက်လဲ။
ALY : ကျွန်တော်ကြိုက်တာဆိုရင်တော့ ကျွန်တော်က ပြိုင်ကားအမျိုးအစားတွေ သဘောကျတယ်။ ဒါပေမဲ့ ပြိုင်ကားကျ ကျွန်တော့်အလုပ်နဲ့က အဆင်မပြေဘူး။

Voice : ပြိုင်ကားတွေမှာရော ဘယ်လို Brand တွေ သဘောကျလဲ။ 
ALY : နာမည်ကြီး Brand တွေ အကုန်ကြိုက်ပါတယ်။ 

Voice : နောက်ပိုင်းကျရင်ရော ဝယ်စီးသွားဖို့ အစီအစဉ်ရှိလား။
ALY : နောက်ပိုင်း ပိုက်ဆံတွေရှိလာရင်တော့ ဝယ်စီးဖြစ်မယ်ထင်ပါတယ်။

ခိုင်ချယ်ရီထွန်း