News

POST TYPE

AUTOMOBILE

ရန်ကုန်နှင့် ခုံးကျော်တံတားများ
19-Sep-2016 tagged as တံတား

ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းသည့် နည်းလမ်းတစ်ခုအဖြစ် ရန်ကုန်မြို့တော်၌ ခုံးကျော်တံတားများ ဆောက်လုပ်ခဲ့ရာ ယင်းအပေါ် ယာဉ်မောင်းများနှင့် ခရီးသည်တို့၏ အမြင်အချို့ကို စုစည်းဖော်ပြအပ်ပါသည်။

“တံတားထိုးလိုက်လို့ ပိုပိတ်သွားတာမျိုးက ပိုဆိုးတယ်”
ဦးထွန်းလင်း (ခရီးသည်တင် ယာဉ်မောင်း)

လက်ရှိမှာ ခုံးကျော်တံတားတွေ ဆောက်ပေးထားတယ် ဆိုပေမယ့် လမ်းကတော့ ပိတ်နေတာပဲ။ ဘာလို့လဲဆိုတော့ ကားတွေကလည်း အရင်ကထက် ပိုများလာတယ်လေ။ အဲဒီတော့ ဘယ်နေရာဖြစ်ဖြစ် ပိတ်နေတာက များတယ်။ ရုံးချိန်တို့ ဘာတို့ဆို ကားတွေ အရမ်းကျပ်တယ်။ အရင်ကဆို နေ့ခင်းနေ့လယ်ဆို သွားလို့လာလို့ ရသေးတယ်။ အခုကျ ကားက နေ့ခင်းနေ့လယ်လည်း မထူးတော့ဘူး။ ကားက တောက်လျှောက်ပိတ်နေတာ။ 

ကျွန်တော်တို့ကားက ခုံးကျော်တံတားပေါ်ဆို မြေနီကုန်းတံတားကနေ ဖြတ်ရတယ်။ မြေနီကုန်း ခုံးကျော်တံတား ဆိုရင်ကတော့ အတော်လေးကို အသုံးဝင်တယ်လို့ ပြောလို့ရတာပေါ့နော်။ ဒါပေမဲ့ လှည်းတန်းခုံးကျော်တံတားလို ဟာမျိုးကျ အသုံးမဝင်ပြန်ဘူး။ တံတားအဆုံးကျ အောက်ကလာတဲ့ ကားတွေရော အပေါ်ကလာတဲ့ ကားတွေပါ စုပြုံပြီး အဲဒီနေရာမှာ ယာဉ်ကြောမရှင်းသွားတဲ့အပြင် ပိုဆိုးသွားတယ်။ ဒီဘက်ဆို ဆင်ရေတွင်းနားလောက် အထိကို ပိတ်သွားတာ။ 

နောက်ပြီး လက်ရှိဆောက်ပေးထားတဲ့ တံတားအရေအတွက်နဲ့ ရှိနေတဲ့ ကားအရေအတွက်က မမျှဘူး။ အရင်က ကားမောင်းရတာ အဆင်ပြေပေမယ့် အခုဆို ကားမောင်းရတာ မောင်းချင်စိတ်လည်း မရှိဘူး။ လမ်းပိတ်ရင် ကားကြီးထားပြီး ထွက်ပါပြေးချင်လာတာ။ အခုဟာက တံတားထိုးပေးလည်း ပိတ်နေတာပဲ။ မထိုးပေးလည်း ပိတ်နေတာပဲ။ တံတားထိုးလိုက်လို့ ပိုပိတ်သွားတာမျိုးက ပိုဆိုးတယ်။ မထိုးဘဲပိတ်တာက ဘာမှမဖြစ်ဘူး။

နောက်တစ်ခု တံတားထိုးလိုက်မှ ပိုဆိုးသွားတယ် ဆိုတာက အရင်တုန်းကမှ သူ့ပွိုင့်လေးနဲ့သူ ရပ်ပြီး သွားလို့လာလို့ ရသေးတယ်။ အခုကျ တံတားပေါ်ကသွားတဲ့ ကားနဲ့ အောက်ပွိုင့်လွတ်လာတဲ့ ကားနဲ့ ဆုံလို့ရှိရင် ဘယ်လိုမှ တိုးမရတော့ဘူး။ ပြန်ပြီးတော့ ပိတ်သွားတာပဲ။ ဒါပေမဲ့ ဘုရင့်နောင်ဘက်မှာ တံတားနှစ်ထပ် ဆောက်ပေးတာတွေ ဆိုရင်တော့ အရင်ကထက် ယာဉ်ကြောပိုရှင်းလာတယ်လို့ ပြောလို့ရတယ်။ အရင်ကဆို အဲဒီနားမှာတင် တစ်နာရီကျော်ကျော်လောက် အချိန်ကုန်သွားတာ။ ခုဆို အဲဒီလောက် အချိန်မကြာတော့ဘူး။ အဲဒါက ဘာလို့လဲဆို သူက နှစ်ထပ်တံတားဖြစ်တဲ့ အတွက် သွားရလာရတာ အတော်လေး အဆင်ပြေသွားတယ်။ 

တံတားဆောက်ပေးတယ် ဆိုတာကလည်း လက်ရှိ ယာဉ်လမ်းကြောပေါ် မူတည်ပြီး အသုံးဝင်တယ် မဝင်ဘူး ကွာသွားတာမျိုးပေါ့။ နောက်ထပ် တံတားတွေ ဆောက်ပေးမယ်ဆို ခုလို တစ်ထပ်လေးတွေ ဆောက်တာထက် နှစ်ထပ်တံတားလိုမျိုး ဆောက်တာက ပိုပြီးကောင်းလာမယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု မရှိဘဲ မောင်းနေမယ် ဆိုရင်တော့ တံတားတွေ ဘယ်လောက်ဆောက်ပေးပေး ယာဉ်ကြောက ခုလိုပဲ ပိတ်မြဲအတိုင်း ပိတ်နေမှာပဲ။ ဒါကြောင့်မို့ ကျောသားရင်သား မခွဲခြားဘဲ စည်းကမ်းကို ကြပ်ကြပ်မတ်မတ်လေး လုပ်ပေးစေချင်ပါတယ်။                                                                         
“အားနည်းချက်ကတော့ တကယ်လိုအပ်နေတဲ့ ခုံးကျော်တံတားတွေက နည်းနေတာ”
မအိမ့်ချိုသာ (ခရီးသည်)

ခုံးကျော်တံတားတွေက အသုံးဝင်ပါတယ်။ လက်ရှိ ခုံးကျော်တံတားသာ မရှိရင် တာမွေမှာ အချိန်သိပ်ကုန်တယ်။ နောက် ရွှေဂုံတိုင်လည်း အရင်ကထက် နည်းနည်းရှင်းသွားတယ်။ လက်ရှိမှာ ခုံးကျော်တံတား မရှိတဲ့ နေရာမျိုးတွေဆို ဆိုးဆိုးရွားရွား ကားပိတ်တယ်။ အဲဒီလို နေရာမှာ ခုံးကျော်တံတား ရှိလိုက်ရင် ပိုအဆင်ပြေသွားနိုင်တယ်။

ခုံးကျော်တံတားတွေ ရှိလာတဲ့အတွက် လမ်းတွေ အရမ်းကြီး မချောင်လာဘူးလို့ တခြားလူတွေ ပြောတာကျတော့ တကယ်တမ်း ခုံးကျော်တံတားတွေကြောင့် ဆိုတာထက် စည်းကမ်းမရှိတာများလို့။ Taxi တွေရော၊ Bus ကားတွေပါ စည်းကမ်းမရှိကြဘူး။ နောက်တစ်ခုက ယာဉ်ထိန်းရဲ အင်အားကလည်း နည်းနေတာလည်း ပါတယ်။ ပေါက်တောဝတို့၊ လသာတို့မှာဆို ယာဉ်ထိန်းရဲတွေက ဘတ်စ်ကားတွေကို အရမ်းသတိထားရတယ်။ အဲဒီလိုမျိုး စည်းမဲ့ကမ်းမဲ့နဲ့ မောင်းပြီး မိုက်ရိုင်းတာတို့ကြောင့် လမ်းတွေပိတ်နေရတာ။ လက်ရှိ ညီမအနေနဲ့ ရုံးသွားရင် တံတားနှစ်စင်း ဖြတ်ရတယ်။ အင်းစိန်ဈေး ခုံးကျော်တံတားနဲ့ လှည်းတန်းခုံးကျော် တံတားတွေက နေ့တိုင်းဖြတ်နေရတာ။

ခုံးကျော်တံတားတွေ ဆောက်ပေးတာက တကယ်တမ်းက ထိရောက်ပါတယ်။ ရန်ကုန်မှာက ကားတွေများလာပြီး ကားလမ်းကျဉ်းလာတယ်။ ခုံးကျော်တံတားတွေ ရှိတဲ့အတွက် တံတားအဆင်းလို နေရာမျိုးမှာကျ သွားပိတ်တာမျိုး ရှိပေမယ့် ရုံးတက်ရုံးဆင်းချိန်တွေလောက်ပဲ အပိတ်များတာပါ။ တံတားတွေ ဆောက်လိုက်တဲ့အတွက် Taxi နဲ့ သွားတဲ့အခါ ပိုပြီးသိသာတယ်။ လမ်းဆုံမှာ ဆောက်ပေးထားတဲ့အတွက် ပွိုင့်တွေမှာ တအားမစောင့်ရတော့ဘူး။ အားနည်းချက်ကတော့ တကယ်လိုအပ်နေတဲ့ ခုံးကျော်တံတားတွေက နည်းနေတာ။ ဟိုင်းဝေးသွားမယ့် ကွေ့ဖို့မလိုတဲ့ ကားတွေက ခုံးကျော်တံတားကနေသွားဖို့ ပိုလိုတယ်။ နောက် ဥက္ကံ၊ သုံးဆယ်သွားတဲ့ ကားတွေက  ၅၁ နဲ့ မှတ်တိုင်အပြိုင် ရပ်နေတော့ ခုံးအဆင်းမှာ မှတ်တိုင်ရှိနေရင် အကုန်ပိတ်ကုန်တော့တာ။ ဒါကြောင့် တံတားအဆင်းလို နေရာမျိုးတွေမှာ မှတ်တိုင်တွေ မထားသင့်ဘူး။    
                                                                      
“တံတားတွေဆောက်မယ် ဆိုရင် တကယ်အသုံးဝင်မယ့် တံတားမျိုးကို ဆောက်ပေးစေချင်ပါတယ်”
ဦးနိုင်ထွန်း (အငှားယာဉ်မောင်း)

ခုံးကျော်တံတားတွေ ရှိလာတဲ့အတွက် လမ်းဆုံလမ်းခွလို နေရာမျိုးတွေမှာ ကားမောင်းရတာ ပိုပြီး အဆင်ပြေလာတယ်။ ယာဉ်ကြော သိသိသာသာကြီး ချောင်လာတာမျိုး မဟုတ်ပေမယ့် အရင်ကထက်စာရင် သွားရလာရတာ ပိုပြီးကောင်းလာတယ်။ အရင်ကဆို တာမွေအဝိုင်းထိပ်လို နေရာမျိုးမှာ အချိန်တော်တော်ပေးရတယ်။ အခုကတော့ အရင်ကလောက် အချိန်မကုန်တော့ဘူးပေါ့။ ဒါပေမဲ့ ဆိုးတာက တံတားအဆင်းမှာ ပြန်ပိတ်သွားတာကတော့ ဆိုးတယ်။ နောက် တံတားတွေကို အခုထက်ပိုပြီး ရှည်အောင် ဆောက်ပေးရင် ပိုပြီးအဆင်ပြေမယ် ထင်တယ်။ အရှည်ဆိုတာက တံတားအဆင်းဆို ကားလမ်းပိတ်မသွားနိုင်တဲ့ အနေအထားလောက်အထိ ရောက်အောင်ထားပြီး ဆောက်ပေးသင့်တယ်လို့ မြင်ပါတယ်။ ဥပမာ- လှည်းတန်းခုံးကျော်တံတားတို့ ဘာတို့ဆို ဘာမှမထူးခြားဘူး။ ယာဉ်ကြောက ပိတ်မြဲပိတ်ဆဲပဲ။ ခုံးကျော်တံတား ဆောက်ပေးလို့ အဆင်ပြေသွားတဲ့ နေရာတွေက မြေနီကုန်းလို နေရာမျိုးတွေ၊ တာမွေအဝိုင်းထိပ်လို နေရာမျိုးတွေ၊ နောက် ဘုရင့်နောင် ခုံးကျော်တံတားလို နှစ်ထပ်တံတားတွေ ဆောက်ပေးလိုက်တာကတော့ ယာဉ်ကြောပိတ်နေတာတွေကို အတော်လေးတော့ လျှော့ချပေးနိုင်တဲ့အတွက် အသုံးဝင်တယ်လို့ ပြောလို့ရတယ်။ ဖြစ်နိုင်ရင် ဘုရင့်နောင်ဘက်မှာလို နှစ်ထပ်ခုံးကျော်တံတားတွေ ဆောက်ပေးတာ သွားရလာရတာ ပိုပြီးအဆင်ပြေတယ်။ 

ဒါကြောင့် တံတားတွေဆောက်မယ် ဆိုရင် တကယ်အသုံးဝင်မယ့် တံတားမျိုးကို ဆောက်ပေးစေချင်ပါတယ်။ ဒါမှလည်း လက်ရှိ ယာဉ်ကြောပိတ်နေတာတွေကို သက်သာလာမှာပါ။ လက်ရှိမှာ တံတားတွေ ဆောက်ပေးလိုက်တာ မှန်ပေမယ့် တစ်ဖက်မှာကျတော့လည်း ကားတွေက ပိုများလာတဲ့အတွက် တံတား ဆောက်ပေးထားတာက အရင်ကလို အတိုင်းပဲ ယာဉ်ကြောက ပိတ်နေဆဲ ဖြစ်နေတာ။ အဓိက လမ်းဘေးမှာ ကားမရပ်ရရင်တော့ ယာဉ်ကြောတွေ ပိုချောင်လာမယ်။ အခုက လမ်းဘေးမှာ ကားတွေအများကြီး ရပ်တဲ့အတွက် ခြောက်လမ်းသွားဆို လမ်းက ခြောက်လမ်းလုံး သွားလို့ မရဘူး။ လေးလမ်းလောက်၊ တစ်ခါတလေ နှစ်လမ်းလောက်ပဲ မောင်းလို့ရတယ်။ နောက်တစ်ခုက ကားရပ်စရာ နေရာတွေ ရှားတာ။ ဒါတွေကို စနစ်တကျလုပ်မယ်။ တံတားအဆင်းလို နေရာမျိုးမှာ ယာဉ်ကြောပိတ်နေတာတွေကို မပိတ်အောင် လုပ်ပေးသင့်ပါတယ်။    

ခိုင်ချယ်ရီထွန်း