News

POST TYPE

AUTOMOBILE

သင့်ကား ရေလည်အုံ ကောင်း မကောင်း ဘယ်လိုသိနိုင်မလဲ
18-Sep-2016 tagged as


ရေလည်အုံ မကောင်းရင် ဘာတွေ ဖြစ်မလဲ

ကားဝပ်ရှော့အခေါ် ရေလည်အုံလို့ ခေါ်လိုက်တာပါ။ တကယ်တော့ ရေလည်အုံဆိုတာ အင်ဂျင်ကို အအေး ပေးတဲ့ (Cooling System) ထဲမှာ အရေးပါတဲ့ Water Pump ပါ။ ဟိုတစ်နေ့က ဝပ်ရှော့ကို ကားတစ်စီး ရောက်လာတယ်။

အင်ဂျင် Heat အရမ်း တက်နေတယ်။ ဘာဖြစ်နေတယ် မသိလို့ဆိုပြီး လာစစ်ပါတယ်။ ကျွန်တော့်ဆရာနဲ့ စစ်မယ်ဆိုပြီး အင်ဂျင်ဖုံး လှန်လိုက်တော့ အင်ဂျင်ခန်း တစ်ခုလုံး ရေတွေနဲ့ ရွှဲနေပါတယ်။ ကြည့်လိုက်တော့ ရေတိုင်ကီ (Radiator) အပေါ်က ပေါက်ပြီး ရေတွေ ယိုနေပါတယ်။ အဲဒါနဲ့ ရေတိုင်ကီ အဖုံးကိုလဲခိုင်း၊ ရေပြန်ထည့်ပြီး စက်နှိုး လိုက်တဲ့အခါမှာတော့ ရေတွေ လျော့သွားတာနဲ့ ရေလည်အုံ (Water Pump) ကို စစ်လိုက်တော့ ရေလည်အုံ ပျက်ပြီး ရေတွေ ယိုနေတာ တွေ့ရပါတယ်။ အင်ဂျင်ရဲ့ အအေးပေးတဲ့ စနစ်မှာ အဓိက ကျတဲ့ ရေလည်အုံနဲ့ ရေတိုင်ကီ ပျက်နေမှတော့ ဒီအင်ဂျင် Heat တက်တယ်ဆိုတာ မထူးဆန်းပါဘူး။

အခု ပြောချင်တာက ကားရေလည်အုံ ပျက်ရင် ဘယ်လို လက္ခဏာတွေ ပြတတ်သလဲ၊ ဘာတွေ ဖြစ်တတ်သလဲ။ ရေလည်အုံ ဘယ်နားမှာ ရှိသလဲ ဆိုတာလေးတွေကို ကားမောင်းသူတွေ အနေနဲ့ မိမိကား ရောဂါလေးတွေကို သိပြီး ကြီးကြီးမားမား အပျက်အစီးတွေ မဖြစ်ခင် အချိန်မီ ပြုပြင် ထိန်းသိမ်းနိုင်အောင် ပြောချင်တာပါ။

ရေလည်အုံ (Water Pump)

ကားတစ်စီးရဲ့ အင်ဂျင်ဟာ အတွင်းပိုင်း မီးလောင် ပေါက်ကွဲတဲ့ (Internal Combustion Engine) မို့ အင်ဂျင် ပုံမှန် လည်ပတ်နိုင်ဖို့ သတ်မှတ် အပူချိန် တစ်ခု အတွင်းမှာ ထိန်းထားရပါတယ်။ ပြောချင်တာက မပူလွန်း မအေးလွန်းအောင် ထိန်းထားမှ အင်ဂျင်ပုံမှန် လည်ပတ်နိုင်မယ်လို့ ဆိုလိုတာပါ။ အဲဒီနေရာမှာ အင်ဂျင်ရဲ့ အပူချိန် မလွန်ကဲအောင် ထိန်းသိမ်းထားတဲ့ အအေးပေးစနစ် (Cooling System) လုပ်ငန်းမှာ ပါဝင် လုပ်ဆောင်နေတဲ့ ပစ္စည်းတွေ ရှိပါတယ်။

အဲဒါတွေကတော့ ရေတိုင်ကီ (Radiator)၊ ရေလည်အုံ(Water Pump)၊ ပန်ကာ(Fan)၊ သာမိုစတတ် (Thermostat)၊ ရေပြန်ဘူး (Coolant Reservoir) အစရှိသဖြင့် အဓိက ပစ္စည်းတွေနဲ့ အခြား အသေးစိတ် ဆက်စပ် ပစ္စည်းတွေ ပါဝင် ပါသေးတယ်။

အဲဒါတွေထဲကမှ ရေလည်အုံ(Water Pump) က အဓိက အလုပ်လုပ်ရတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ အဲဒီ ရေလည်အုံဟာ Impeller လို့ ခေါ်တဲ့ ဒလက်နဲ့ လည်ပတ်တဲ့ ပန့်ဖြစ်ပြီး အင်ဂျင်ရှေ့ခြမ်းလို့ ခေါ်တဲ့ တိုင်ပင်ဘတ် ကြိုး (Timing Belt) ကာဗာတွေအောက်မှာ တည်ရှိပါတယ်။ အဲဒီ ရေလည်အုံခေါ် ပန့်ကို မောင်းနှင်ပုံက အင်ဂျင်ကို မောင်းနှင်တဲ့ Belt ကြိုးနဲ့ တွဲဖက် မောင်းနှင်ပါတယ်။ အင်ဂျင် Belt ကြိုးလည်ရင် ရေလည်အုံ လိုက်လည်တဲ့ သဘောပါပဲ။ အဲဒီလို လည်တော့ ပန့်မှာပါတဲ့ ဒလက်တွေက ရေ ဒါမှမဟုတ် Coolant တွေကို အင်ဂျင်ထဲကို စီးဆင်းစေပြီး အင်ဂျင် အပူချိန်ကို လျှော့ချပေးတာပါ။

ရေလည်အုံ (Water Pump) ကို အကြမ်း အသုံးခံနိုင်အောင် ပြုလုပ်ထားပါတယ်။ ပုံမှန်အားဖြင့် ရေလည်အုံ (Water Pump) တစ်လုံးဟာ မိုင် ၉ဝ,ဝဝဝ ကနေ မိုင် ၁၂ဝ,ဝဝဝ အထိ ခံပါတယ်။ တချို့ကားတွေကတော့ အခြေအနေ အမျိုးမျိုးကြောင့် အဲဒီလောက် မိုင်မရောက်ခင်ဘဲ ပျက်စီး တတ်ပါသေးတယ်။

ရေလည်အုံ (Water Pump) ပျက်စီးမယ်ဆိုရင် ပြသမယ့် လက္ခဏာတွေ

ရေလည်အုံ ပျက်စီးမယ်ဆိုရင် ရေ ဒါမှမဟုတ် Coolant တွေက Timinng Belt ကြိုးကာဗာအောက်မှာ ယိုကျခြင်း၊ စိမ့်ကျနေခြင်းများ ဖြစ်တတ်ပါတယ်။ ရေလည်အုံ ပျက်စီးလာပြီဆိုရင် ဖြစ်တာ များတာကတော့ လည်ပတ်နေတဲ့ ရေတွေ Coolant တွေ မယိုအောင်ထိန်းတဲ့ ရေလည်အုံ (Water Pump) ရဲ့ Gasket တွေ သက်တမ်းလွန် ပြီးပျက်စီးတာ ဒါမှမဟုတ် အပူချိန်ကြောင့် ပျက်စီးပြီး ရေနဲ့ Coolant တွေ စိမ့်ထွက်လာတာတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီလို လက္ခဏာတွေ စတွေ့ပြီဆို သင့်ကားရဲ့ ရေလည်အုံ လဲရတော့မယ့် လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။

ရေလည်အုံ ပူလီ (Pulley) ချောင်မယ်၊ အသံ ထွက်မယ်၊ ရေလည်အုံမှာရှိတဲ့ ပူလီကို ရှေ့နောက် ကစားကြည့်လို့ အဲဒီဟာက ကစားနေမယ်ဆိုရင် အဲဒါ အဲဒီ ရေလည်အုံရဲ့ ဘယ်ရင် (Bearing) တွေ ပွန်းစားနေပါပြီ။ မကြာခင် ပျက်စီးတော့မှာပါ။ အဲဒီဘယ်ရင် ပျက်စီးသွားမယ်ဆိုရင် ရေလည်အုံက မလည်ပတ်တော့ဘဲ အင်ဂျင် Heat တက်တာတွေ ဖြစ်လာတော့မှာပါ။

ကားဆရာတွေ သတိထားသင့်တာကတော့ ရေလည်အုံကနေ ညည်းသံတွေ၊ ကြိတ်သံတွေ ထွက်နေပြီ ဆိုတာကို သတိပြု နားစွင့် သင့်ပါတယ်။ စက်လည်နေချိန်မှာ ရေလည်အုံကို သွားထိစမ်းသပ်တာမျိုးကို ဆင်ခြင်ရမှာပါ။ (မှတ်ချက်- အသံ ထွက်တာကတော့ အမျိုးမျိုး ရှိပါသေးတယ်။ AC Compresson Power Steering Pump တို့ကလည်း ဖြစ်တတ်ပါတယ်)

ကားဒက်ရှ်ဘုတ်မှာပါတဲ့ Temperature Gauge က ပုံမှန်အလယ် Cold နဲ့ Hot ကြားထဲမှာ တည်ငြိမ် မနေဘဲ နိမ့်လိုက်မြင့်လိုက် အတက်အကျ မမှန် ဖြစ်လာမယ်။ အဲဒါဆိုရင် သင့်ကား ရေလည်အုံ (Water Pump) မှာ ပုံမှန် မဟုတ်တော့ဘဲ တစ်ခုခု Error တက်နေပါပြီ။

ရေလည်အုံ (Water Pump) ချို့ယွင်းနေတာတွေကို သတိ မပြုမိဘဲ ကား ဆက်မောင်းနေမယ် ဆိုရင်တော့ အနိမ့်ဆုံး အင်ဂျင် ပူတက်ပြီး ထိုးရပ်သွားတာကနေ အကြီးမားဆုံး အင်ဂျင် တစ်ခုလုံး ပျက်စီး သွားနိုင်ပါတယ်။

ဒါ့ကြောင့် သင့်ကားရဲ့ ရေလည်အုံကို အသေအချာ ဂရုစိုက်သင့်ကြောင်း တင်ပြလိုက်ပါတယ်။               

Source : Prime Auto Technology

  • VIA
  • TAGS