News

POST TYPE

AUTOMOBILE

အကောင်အထည်မပေါ်သေးသည့် YBS ကတ်စနစ်
02-Apr-2018

“အချိန်ယူပြီး လုပ်ရမယ်လို့ ထင်ပါတယ်”


ကိုတရုတ်လေး (Power Eleven ယာဉ်လိုင်းကုမ္ပဏီ၊ ဥက္ကဋ္ဌ)

အခုလက်ရှိကတော့ ကတ်စနစ်က အကောင်အထည်မပေါ်သေးဘူးပေါ့။ တကယ်တော့ ဒီလိုနည်းပညာပိုင်းနဲ့လုပ်ရတာက အရမ်းကိုခက်ခဲပါတယ်။ မလွယ်ကူနိုင်ဘူးဆိုတာသိတယ်။ ကြာနိုင်မယ်ဆိုတာလည်း သိပါတယ်။ အချိန်ယူပြီး လုပ်ရမယ်လို့ ထင်ပါတယ်။ အခုလက်ရှိ တင်ဒါအောင်တဲ့ကုမ္ပဏီက နည်းပညာပိုင်းတွေကို ဘယ်လိုတွေ စီမံဆောင်ရွက်နေရတယ်ဆိုတာတော့ မသိပါဘူး။ ခြောက်လလောက် နောက်ဆုတ်တယ်ဆိုတာတော့ သတင်းတွေမတွေ့သေးပါဘူး။ ဒီကတ်စနစ်က သေချာအချိန်ယူပြီးလုပ်မှ စနစ်တကျ ဖြစ်နိုင်မှာပါ။ တင်ဒါအောင်ကုမ္ပဏီကိုရွေးချယ်ပြီး သုံးလအတွင်း လုပ်မယ်လို့ YRTA က တာဝန်ရှိသူတွေက ပြောထားတာတော့ ကြားပါတယ်။ ကတ်စနစ်မှာ ဆောင်ရွက်ရမယ့် အချက်တွေများတော့ စောင့်ရမှာပေါ့။

“မဲပေးခဲ့တဲ့ပြည်သူတွေအပေါ် တာဝန်မကျေဘူးလို့ပဲ မြင်တယ်”



ကိုကြည်ရှိန် (နိုင်ငံတကာဆက်ဆံရေး ဘွဲ့လွန်ကျောင်းသား)

ကတ်စနစ်ကို YBS သက်တမ်း အခုအထိ အကောင်အထည်မဖော်နိုင်သေးတာ သူတို့အတော်ညံ့တယ်ပဲ ပြောရမှာပဲ။ အမှန်စကတည်းက ကတ်စနစ် လုပ်ခဲ့သင့်တယ်။ ဘာမှမပြည့်မစုံ ပလန်မရှိဘဲ YBS ကို စခဲ့တာလို့ပဲမြင်တယ်။ ဘတ်စ်ကားစီးတဲ့လူတိုင်းပဲ နစ်နာတယ်ဆိုတာထက် ဘတ်စ်ကားစီးခါနီး အနုတ် (အကြွေ) ရှာရတဲ့ ဒုက္ခတစ်ခုတိုးတယ်လို့မြင်တယ်။ ဆင်းရဲသားနဲ့ လူလတ်တန်းစားအတွက် အလုပ်အပိုရှုပ်တာပေါ့လေ။ သဘောက အစိုးရတစ်ရပ်အနေနဲ့ ကတိစကားမတည်တာ ဒီလကုန် လုပ်နိုင်မလုပ်နိုင် စကတည်းက ပညာရှင်တွေနဲ့ စနစ်တကျ တိုင်ပင်တွက်ဆသင့်တယ်။ မလုပ်နိုင်ရင် စကတည်းက ကတိမပေးခဲ့နဲ့။ နောက်ခြောက်လအတွင်းရော ဖြစ်လာနိုင်ခြေရှိတယ် မရှိဘူးဆိုတာကကျ ပြောရခက်သွားပြီ။ သူတို့ဘက်က အရင်ကတည်းက မလုပ်နိုင်ဘဲ ကတိတွေပေးပြီး လက်ရှိအချိန်ကျ မလုပ်ပေးနိုင်တဲ့အခါ ပြည်သူတစ်ယောက်အနေနဲ့ တာဝန်ရှိသူတွေအပေါ်ဘယ်လိုမြင်လဲဆို မဲပေးခဲ့တဲ့ ပြည်သူတွေအပေါ် တာဝန်မကျေဘူးလို့ပဲ မြင်တယ်။ ပိုက်ဆံကို ခြင်းတောင်းထဲ၊ ပုံးထဲထည့်ရတာ အတော်စိတ်ပျက်ဖို့ကောင်းတယ်။ ကျွန်တော်က ငွေ ၅၀၀ ပါတယ်ဆိုပါစို့။ ပေးရမှာ ၂၀၀၊ ၃၀၀ က ပုံးထဲကပြန်နှိုက်မရတော့ နောက်လူတွေတက်လာတာကိုစောင့်ပြီး ၃၀၀ ဖျက်ရတာမျိုး၊ ကိုယ်က စပယ်ယာလိုဖြစ်နေရော။ အဲဒီ ၃၀၀ မရမချင်း တက်လာတဲ့လူကို ကားခတောင်းရတာ သဘောမကျဘူး။

“လက်ရှိအခြေအနေမှာတော့ ပုံးထဲထည့်ရတာတော့ လက်ခံတယ်”



မခက်ရိပ်ညို (ပြည်သူတစ်ဦး)

ကတ်ကတော့ လူတိုင်းလက်လှမ်းမမီသေးဘူးထင်တယ်။ လောလောဆယ်ပေါ့။ အဲဒါကြောင့်လားတော့ မသိဘူး။ နောက်ခြောက်လအထိ အကြွေဆောင်ရမယ်လို့တော့ ထင်တာပဲ။ အင်းတခြားသူတွေတော့ ကားစီးခါးနီးရင် အကြွေမရှိရင်တော့ လဲတတ်တာတော့ တွေ့တယ်။ ပုံးထဲထည့်ရတော့ စပယ်ယာမရှိတော့ဘူး အဆင်ပြေတယ်။ တချို့ကားတွေကတော့ စပယ်ယာပါသေးတယ်။ တချို့ကားတွေက စပယ်ယာက ပိုက်ဆံလိုက်ကောက်တယ်။ ပုံးထဲကို မထည့်ရဘူး။ အဲဒါသဘောမကျဘူး။ ကတ်မပေါ်မချင်းပေါ့။ လက်ရှိအခြေအနေမှာတော့ ပုံးထဲထည့်ရတာတော့ လက်ခံတယ်။ တကယ်လို့ ကတ်စနစ်ထွက်လာရင်တော့ သူထွက်လာမှ အားနည်းချက် အားသာချက်သိမှာပဲ။

ခိုင်ချယ်ရီထွန်း