News

POST TYPE

AUTOMOBILE

ရန်ကုန်ရှုခင်းကြည့် မင်္ဂလာဘတ်စ်
26-Mar-2018

“ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်၊ အင်းလေးတို့မှာ မင်္ဂလာဘတ်စ်လုပ်ငန်းတွေကို ချဲ့ထွင်ပြီးတော့မှ အမြန်ဆုံး အကောင်အထည်ဖော်လုပ်ဆောင်သွားမှာဖြစ်ပါတယ်”

ဦးဇော်မြင့်ထူး (Aquamarine Ecotoursim Development ကုမ္ပဏီ၊ ဒါရိုက်တာ) 

မြို့အလှကို လိုက်လံကြည့်ရှုမယ့် မင်္ဂလာဘတ်စ်ကို မတ်လ ၁၈ ရက်က စတင်မိတ်ဆက်ခဲ့ပါတယ်။ မင်္ဂလာဘတ်စ်ကို Aquamarine Ecotoursim Development ကုမ္ပဏီက လုပ်ဆောင်တာဖြစ်ပါတယ်။ မင်္ဂလာဘတ်စ်ကိုလုပ်ရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံရဲ့ ခမ်းနားထည်ဝါလှတဲ့ မြို့ဟောင်းတွေ၊ စေတီပုထိုးတွေကို လိုက်လံလေ့လာဖို့ဖြစ်တယ်။ နောက် ရန်ကုန်မြို့တော်မှာရှိတဲ့ ကိုလိုနီခေတ်က အဆောက်အအုံတွေအားလုံးကို ပိုမိုများပြားတဲ့ လူတွေသိရှိဖို့အတွက် ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။ အခု ရန်ကုန်မှာ စနေပြီ။ မကြာခင်မှာ ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်၊ အင်းလေးတို့မှာ မင်္ဂလာဘတ်စ်လုပ်ငန်းတွေကို ချဲ့ထွင်ပြီးတော့မှ အမြန်ဆုံးအကောင်အထည်ဖော် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ခရီးသည်တွေအတွက် လုံခြုံရေးကို ဂရုစိုက်လုပ်ဆောင်မှာဖြစ်တဲ့အပြင် ခရီးသည်တွေဆီက ပြန်ကြားမယ့်အချက်ကို အမြန်ဆုံး တုံ့ပြန်ပေးပြီး ဖြေရှင်းပါ့မယ်။ ဆားဗစ်အပိုင်းကိုလည်း တစ်နေ့ထက်တစ်နေ့ ပိုကောင်းအောင်လုပ်ရမယ်။ လုံခြုံရေးအပိုင်းကို ဦးစားပေးလုပ်ဆောင်မှာဖြစ်လို့ အသုံးပြုမယ့် ကားအပါအဝင် မင်္ဂလာဘတ်စ်ပေါ်မှာစီးနင်းနေတဲ့ ခရီးသွားဧည့်သည်တွေအားလုံးကိုလည်း အသက်အာမခံကြေး ဝယ်ဆောင်မှာဖြစ်တယ်။ လက်မှတ်ခအနေနဲ့ ပြည်တွင်းခရီးသည် အနေနဲ့ လူကြီး ကျပ်တစ်သောင်း၊ ကလေး ကျပ်ရှစ်ထောင်၊ နိုင်ငံခြားသားခရီးသည်အနေနဲ့ လူကြီး ၁၅ ဒေါ်လာ၊ ကလေး ၁၀ ဒေါ်လာအဖြစ် လျာထားတယ်။

“ကျွန်တော်သာဆို ဘတ်စ်ကားတစ်ထောင်ဖိုးစီးပြီး မုန့်လျှောက်စားမှာပေါ့”



ကိုအဲလက်စ်  (Myanmar Note အွန်လိုင်းမီဒီယာ၊ အယ်ဒီတာ)

မင်္ဂလာဘတ်စ် အမိုးဖွင့်အပန်းဖြေယာဉ်က ရည်ရွယ်ချက်ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်ထင်တာကတော့ နိုင်ငံခြားသားတွေအတွက်တော့ အတော်အလုပ်ဖြစ်ပါလိမ့်မယ်။ ကျွန်တော်သာဆို ဘတ်စ်ကားတစ်ထောင်ဖိုးစီးပြီး မုန့်လျှောက်စားမှာပေါ့။ Yangon Water Bus တို့ ဆိုတာက လုံးဝကို Fresh ဖြစ်တယ်လေ။ ရန်ကုန်မြစ်ထဲမှာ။ နိုင်ငံခြားသား ခရီးသွားတွေအတွက်တော့ အတော်ကို စရိတ်ကျုံ့ပြီး ရန်ကုန်အကြောင်း ကောင်းကောင်းသိစေနိုင်ပါတယ်။ 

“နေရာ နှစ်နေရာလောက် ပိုထည့်ပေးရင်တော့ အဆင်ပြေနိုင်ပါတယ်” 



ကိုလင်းမြတ်အောင် (နည်းပညာတက္ကသိုလ်ကျောင်းသား)

ကျွန်တော့်အနေနဲ့ကတော့ ဒီအမိုးဖွင့် အပန်းဖြေယာဉ်လုပ်တာကတော့ တိုးရစ်တွေအတွက်တော့ ရန်ကုန်ရဲ့ အထင်ကရနေရာတွေကို အချိန်ကုန်ခံပြီး လိုက်ရှာနေစရာ မလိုတော့ဘူးပေါ့။ နိုင်ငံခြားသားတွေအတွက်တော့ တော်တော်လေးအဆင်ပြေမယ်လို့ မြင်ပါတယ်။ ပြည်တွင်းဘက်က လူတွေအတွက်ကြည့်တော့ ရန်ကုန်ကိုပတ်တာ လူကြီး တစ်သောင်း၊ ကလေး ရှစ်ထောင်ကတော့ များသလို ခံစားမိပါတယ်။ မြန်မာနိုင်ငံရာသီဥတုအတွက် စဉ်းစားပြီး မနက် ၇ နာရီ ညနေ ၅ နာရီထွက်တာက အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ခရီးစဉ်အနေနဲ့ကတော့ အနည်းငယ်တိုးချဲ့ပေးဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ တိုးချဲ့ပေးဖို့အဆင်မပြေလည်း လိုင်းအနည်းငယ် ထပ်တိုးပေးနိုင်ရင်လည်း အဆင်ပြေမယ် ထင်ပါတယ်။ ရန်ကုန်ဆိုတော့ သာကေတဘက်က မိကျောင်းမွေးမြူရေးကန်တို့၊ တိုင်းရင်းသားကျေးရွာတို့ဘက်ကလည်း စိတ်ဝင်စားစရာတွေပဲလို့ မြင်မိလို့ပါ။ နေရာ နှစ်နေရာလောက် ပိုထည့်ပေးရင်တော့ အဆင်ပြေနိုင်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ပို့ပေးတဲ့နေရာက အထူးအဆန်းမဟုတ်တော့ မစီးဖြစ်လောက်ပါဘူး။