News

POST TYPE

AUTOMOBILE

အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော်နှင့် တွေ့ဆုံခြင်း
26-Mar-2018 tagged as



“ငြိမ့်ငြိမ့်ညောင်းညောင်း စီးရတာကို သဘောကျတယ်”

ဒီတစ်ပတ်ရဲ့ Celebrities' Choice ကဏ္ဍမှာတော့ MRTV 4  ရုပ်သံလိုင်းမှတစ်ဆင့် Presenter  လို့ လူသိများတဲ့ ကောင်းထက်ဇော်နဲ့ တွေ့ဆုံပြီး သူ လက်ရှိစီးနေတဲ့ ကားအမျိုးအစားအကြောင်း မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။ 
KHZ : လက်ရှိကတော့ Harrier 2014 Toyota ကို စီးနေပါတယ်။

Voice : ဝယ်ထားတာရော ကြာပြီလား။ ဘယ်တုံးက ဝယ်ဖြစ်သွားတာလဲ။
KHZ : မကြာသေးဘူး။ ညာမောင်းတွေ သွင်းခွင့်မရှိတော့ပါဘူးဆိုတဲ့ အမိန့်ထုတ်ပြန်တဲ့ နောက်ဆုံး နှစ်ရက်အလိုမှ လေလံအောင်တာ။ အဲဒါ နောက်ဆုံးနံပါတ်ပေါ့နော်။ ကျွန်တော့်နာမည်ပေါက်ပဲ။

Voice : ဒီကားရဲ့ အားသာချက်က ဘာတွေရှိလဲ။
KHZ : ဒီကားရဲ့အားသာချက်က Domestic ပေါ့။ Europe ဘက်တွေကို မသွင်းဘူး။ သူတို့က သူတို့ပြည်တွင်းသုံးပဲ ထုတ်တာဆိုတော့ အဲဒါကို ပိုကြိုက်တာပေါ့။ Lexus တို့ ဘာတို့ကကျ ပျက်တာ ပြင်တာတွေက နည်းနည်းဈေးကြီးတယ်။ ဒီဘက်က Toyota  Harrier ကျတော့ လုံးဝလုံးဝကို ထူးခြားတယ်။ သူတို့ ပြည်တွင်းသုံးတာဖြစ်တဲ့အတွက် ပစ္စည်းတွေကလည်း အရမ်းပေါတယ်။ အဲဒီလို အားသာချက်တွေ ရှိပါတယ်။

Voice : ရွေးချယ်စရာ အများကြီးရှိတဲ့အထဲက ဘာလို့ ဒီကားအမျိုးအစားကို ရွေးချယ်ဖြစ်သွားတာလဲ။ 
KHZ : အဓိက ကျွန်တော် အရင်က Crown စီးတာ။ Crown စီးပြီးသွားတဲ့သူ တော်တော်များများ မေးကြည့်လိုက်ပါ။ ဘယ်လိုပြောရမလဲ။ ငြိမ့်ငြိမ့်ညောင်းညောင်းစီးရတာကို သဘောကျတယ်။ အဲဒီလို အရသာခံစားပြီးသွားချိန်မှာ ခုန်ဆွခုန်ဆွဟာမျိုးကြီးကို ဘယ်လောက်ပဲ ဈေးကြီးဈေးကြီး သိပ်ပြီးမငြိမ့်ညောင်းရင် မစီးချင်တော့ဘူး။ အဲဒီလိုဆိုတော့ ကျွန်တော် ပြန်ပြီး ကြည့်တဲ့အချိန်မှာ ကျွန်တော် SUV စီးချင်တယ်။ ဘာလို့လဲဆို ကျွန်တော် လူကောင်ကြီးနေတယ်။ Crown စီးတုန်းက ဆလွန်းဆိုတော့ ဘယ်လိုပြောရမလဲ။ လူကြီးက ကြီးနေတယ်။ ပြီးတော့ ဆံပင်ထောင်ထားတော့ အမိုးနဲ့ ခေါင်းနဲ့ တိုက်နေတယ်။ ပြီးတော့ လူကကြီးနေတော့ ထွက်ရတာ ဝင်ရတာ၊ အဝတ်အစား ကားထဲမှာလဲရတာ အရမ်းခက်တယ်။ အဲဒီတော့ SUV ထဲကပဲ ဝယ်မယ်လို့ စဉ်းစားတယ်။ SUV ထဲမှာမှ လန်ခရူဇာနဲ့ Harrier နဲ့ကို စဉ်းစားတဲ့အခါ လန်ခရူဇာက အရမ်းကြီးတယ်။ ပြီးတော့ နည်းနည်းအသက်ကြီးတဲ့သူတွေ စီးတဲ့ပုံစံမျိုးဖြစ်တယ်။ ကျွန်တော့်ကို တော်ကြာ အဘိုးကြီးလို့မှတ်နေမှာစိုးတာနဲ့ နည်းနည်း SUV အသေးစားထဲကလိုက်ရှာတော့ RVR တို့၊ Harrier တို့။ BMW လို Europe ကားတွေ သိပ်မကြိုက်ဘူး။ 

Voice : ကားထဲမှာရော ခရေဇီဖြစ်လောက်တဲ့ ကားမျိုးရှိလား။ 
KHZ : ရှိတယ်။ ကားဆိုရင် Pearl White မှ ကြိုက်တာ။ ပြီးတော့ မီးလုံးလေးတွေလှတာ၊ မီးခွက်လေး တွေလှတာ၊ ပြီးတော့ ကားအချိုးအဆစ်လေးတွေလှတာ၊ ဘယ်လိုပြောမလဲ လုံးလုံးလေးတွေကြိုက်တယ်။ အဲလိုမျိုးပေါ့နော်။ Crown တုန်းကလည်း လုံးလုံးလေး။ အခု Harrier လည်း လုံးလုံးလေး။ အဲလိုမျိုးလေးတွေ ကြိုက်ပါတယ်။

Voice : လက်ရှိစီးနေတဲ့ကားကရော စီးရတာ အဆင်ပြေရဲ့လား။
KHZ : အင်း အတော်လေး အဆင်ပြေပါတယ်။ သူ့ရဲ့အားသာချက်က ၂၀၁၃ ရဲ့ အောက်က အမျိုးအစားကိုကျ ကားလောကမှာ ဖင်ကြီးမလို့ ခေါ်တယ်။ ကျွန်တော်က ၂၀၁၄ ဆိုတော့ ဖင်ကြီးမ မဟုတ်တော့ဘူး။ ရုပ်ပြောင်းဖြစ်သွားတယ်။ ရုပ်ကလန်းတယ်။ အဲဒါကိုမှ ကျွန်တော်က စကတ်တွေပါတာဖြစ်တဲ့အတွက် ပြိုင်ကားပုံစံမျိုးလည်းထွက်တယ်။ ပြီးတော့ Luxury ပုံစံမျိုးလည်းသွားတယ်။ နောက်တစ်ခုက မီးလုံးက သူ့ဘာသာသူ အော်တိုပါတာဗျ။ ဘယ်လိုလေးလည်း မသိဘူး။ မီးလုံးက မီးဖွင့်လိုက်ပြီဆို မီးတန်းသုံးတန်းက အော်တိုလင်းတယ်။ ပြီးတော့ နောက်ဘက်ကမီးခွက်က အရမ်းလှတယ်။ 

Voice : ကိုယ်တိုင်ကရော ကားကိုအလှဆင်ရတာ ဝါသနာပါလား။ 
KHZ : ကျွန်တော်ကိုယ်တိုင်ကလည်း ကားဆို သန့်သန့်ရှင်းရှင်းလေးစီးရတာ သဘောကျတယ်။ နောက်ပြီး စမတ်ကျကျလေး စီးချင်တာဖြစ်တဲ့အတွက်။ ပြီးတော့ ခဏခဏလည်း ဟိုဟာပျက်ပြန်ပြီ၊ ဒီဟာလဲ ရပြန်ပြီဆိုပြီး ဝပ်ရှော့လည်းပေးရတာမျိုး မလုပ်ချင်ဘူး။ တစ်ခါတည်း တကယ့်ကိုဉာဉ်ကောင်းတဲ့ကားကို ရွေးထားတာပါ။ အဲဒါကြောင့်လည်း အမည်ပေါက်နဲ့ သေသေချာချာ လေလံဆွဲပြီးကို ရွေးထားတာ။
 
ခိုင်ချယ်ရီထွန်း

  • TAGS