News

POST TYPE

AUTOMOBILE

မီးပေးစနစ် အကြောင်း
19-Mar-2018



ကားတစ်စီးမှာ အရေးကြီးတဲ့ အရာတွေထဲက တစ်ခုဖြစ်တဲ့ Distributorless Ignition Systems (DIS) ဆိုတဲ့ မီးဖြန့်ဝေပေးတဲ့စနစ်အကြောင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ကားတစ်စီးမှာ မီးပေးတဲ့ စနစ်က ဘယ်လိုအလုပ်လုပ်ပုံ၊ ဘယ်လိုနည်းစနစ်တွေ ရှိပုံ၊ ဒီစနစ်ရဲ့ အားသာချက်၊ အားနည်းချက်တွေအပါအဝင် DIS စနစ် ဘယ်လိုအရေးပါလဲဆိုတာကို စာဖတ်ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်ပါရစေ။

DIS သမိုင်း

ဓာတ်ဆီအင်ဂျင်မှာသုံးတဲ့ Distribution Ignition System(Point-type) စနစ်ကို ၁၉၀၇ ခုနှစ်ကတည်းက ပညာရှင် Mr. Charles ဆိုသူက ပထမဆုံး တီထွင်ဖော်ထုတ်ခဲ့ပါတယ်။ မော်တော်ယာဉ်သမိုင်းမှာတော့ ခေတ်ဦးပိုင်း Ignition System မှာ Point-type Distributor စနစ်ကို နှစ်ပေါင်း ၇၀ ကျော်လောက် သုံးစွဲလာခဲ့တာပါ။ သုံးစွဲရင်းနဲ့ ဒီစနစ်ရဲ့အားနည်းချက်၊ ချွတ်ယွင်းချက်တွေကို ကျော်လွှားနိုင်ဖို့ အီလက်ထရွန်နစ်မီးပေးစနစ် (Electronic Ignition System) ကို အမေရိကန်တွေက ၁၉၇၂ ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။ ဒီစနစ်မှာ Braker-Point နေရာကို သံလိုက်စွမ်းအားနဲ့ မီးဖြတ်ပေးတဲ့ Transistor သုံး မီးပေးစနစ်ဖြစ်ပါတယ်။ မီးဖြန့်ဝေဖို့ Distributor ကိုတော့ သုံးနေရပါသေးတယ်။

၁၉၈၅ ခုနှစ်ရောက်မှ Distributor ယူနစ်တစ်ခုလုံးကို လုံးဝဖယ်ရှားလိုက်ပြီး DIS ကို ပညာရှင် Mr. Padeack က တီထွင်နိုင်ခဲ့ပါတယ်။ ဒီနေ့ခေတ်ပေါ် ဓာတ်ဆီကားတွေမှာ မီးပေးစနစ်ကောင်းနေတာ Mr. Padeack ရဲ့ ကျေးဇူးကြောင့်ပါပဲ။ ဒီနေ့ခေတ်ပေါ်ကား တစ်စီးရဲ့ စက်ဖုံးလှန်ကြည့်လိုက်ရင် ကာပရိုက်တာ (Carbrital) တွေ၊ ဒစ်စတီဗျူတာ (Distributor) တွေ၊ ပလပ် (Plug) ကြိုးတွေ မမြင်ရတော့ပါဘူး။ Distributor စနစ်ကို မော်တော်ယာဉ်တွေမှာ မသုံးတော့တာ  ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင် ကားတစ်စီးမှာ Injector တစ်လုံးချင်းက ပစ္စတင် (Piston) တစ်လုံးချင်းကို ဆီဖျန်းပေးပါတယ်။ Distributor နေရာမှာ ကွန်ပျူတာက ထိန်းချုပ်ပါတယ်။ Distributor ကို ဖယ်လိုက်တဲ့အတွက် ပိုတိကျအားကောင်းတဲ့ မီးပေးစနစ်တွေ ဖြစ်လာပါတယ်။ Distributor မလိုတဲ့၊ မပါတဲ့ မီးပေးစနစ်ကို Distributorless Ignition System လို့ ခေါ်တာပါ။ နည်းပညာမြင့်လာတာကြောင့် ခေတ်ပေါ်ကားအင်ဂျင်တွေ ဆီစားသက်သာလာပါတယ်။ Exhaust Emission ထုတ်လွှတ်မှု သိသိသာသာ လျော့ကျသွားသလို အင်ဂျင်စက်သံတွေလည်း ပိုပြီးညင်သာ ညက်ညောလာပါတယ်။

ခေတ်ဟောင်း Distributor စနစ်မှာ အားနည်းချက်တွေ အများကြီးပါပဲ။ Ignition က တစ်လုံးတည်းပဲပါတယ်။ မီးဖြတ်ပေးတာက  Point Type ဆိုတော့ ပွိုင့်စားသွားရင် ကွိုင်က မီးထွက်နည်းတယ်။ Distributor အုံရဲ့ Cap ဖုံးရေစိုသွားရင် မီးပျောက်သွားပြီး ကားဆရာတွေ မကြာခဏ ဒုက္ခရောက်ရပါတယ်။ ကွိုင်ပူလာရင်လည်း မီးထွက်မကောင်းဘူး။ ကွန်ဒစ်ဆာမကောင်းရင် ပွိုင့်ထိပ်တွေ မီးစားသွားသလို ပွိုင့်ထိပ်တွေ ကော်ပတ်စားပေးရတဲ့ဒုက္ခ၊ ပွိုင့်ပြန်ချိန်ရတဲ့ဒုက္ခ၊ မီးတိုင်မင် (Ignition Timing) စောလွန်းတာ၊ နောက်ကျတာတွေကို ပြန်ချိန်ပေးတဲ့ဒုက္ခ ဒီလိုမျိုးဒုက္ခတွေကို ဝါရင့် ကားဆရာတွေ ကောင်းကောင်းခံစားဖူးမှာပါ။ CNG ဓာတ်ငွေ့ပြောင်းသုံးတော့ ပလပ်မီးပွင့်တဲ့ Spark မီးပွားအားကောင်းကောင်း လိုလာပါတယ်။ Point Type နဲ့ သွားနေလို့မရတော့ပါဘူး။ ဒီစနစ်နေရာမှာ Transistor မီးပေးစနစ်ကို ပြောင်းသုံးခဲ့ကြပါတယ်။ ကားသမားတွေ ခေါ်ကြတာတော့ I.C ကျောပိုးအိတ်နဲ့ Magnet သံလိုက်စနစ်လို့ ပြောကြပါတယ်။ ဒီစနစ်က Braker-Point စနစ်ထက် ကွိုင်မီးထွက်အား ပိုကောင်းပါတယ်။ ဒါပေမဲ့ Distributor ကိုတော့ သုံးနေရပါသေးတယ်။

၁၉၈၅ ခုနှစ်လောက်မှာ Distributor စနစ်ကို တော်လှန်ပြီး Distributorless Ignition System (DIS) ကို အသုံးပြုလာပါတယ်။ ဒီစနစ်က Distributor စနစ်ရဲ့ အားနည်းချက်တွေ ကျော်လွှားနိုင်အောင် ဖန်တီးထားပါတယ်။

DIS စနစ် ဘယ်လိုအလုပ်လုပ်လဲ

Ignition System တစ်ခုရဲ့ လုပ်ဆောင်ချက်က ၂ ခုရှိပါတယ်။ ပလပ်ထိပ်မှာ မီးပွား (Spark) ဖြစ်ပေါ်စေပြီး လေနဲ့လောင်စာဆီအရောကို မီးလောင်ကျွမ်းစေဖို့နဲ့ အင်ဂျင်လည်ပတ်နှုန်း ပြောင်းလဲနေတဲ့အပေါ်မှာ မူတည်ပြီး မီးတိုင်မင် (Ignition Timing) လိုအပ်သလို ပြောင်းလဲပေးဖို့ပဲ ဖြစ်ပါတယ်။ အင်ဂျင်လည်ပတ်နှုန်း (RPM) မြင့်လာရင် မီးတိုင်မင်စောပေးရပါတယ်။ Advanced Timing လို့ခေါ်ပါတယ်။ Distributor စနစ်မှာ မီးကွိုင်ကထွက်လာတဲ့ High Voltage ဟာ ရိုတာ (Rotor)၊ Distributor Cab ဖုံး၊ ပလပ်ကြိုးတွေကနေ ပလပ်အသီးသီးကို ရောက်လာပါတယ်။ မီး ကွိုင် (Igition Coil) ကနေ ပလပ်ကိုမီးရောက်အောင် အဆင့်ဆင့်ဖြတ်သန်းရတဲ့အတွက် အားနည်းချက်တွေရှိပါတယ်။ Distributor Cab ဖုံး အက်ကွဲနေမယ်၊ ရေငွေ့ရိုက်ပြီး စိုထိုင်းနေမယ်၊ ပလပ်ကြိုးတွေပေါက် ပြဲနေမယ်ဆိုရင် ကွိုင်ဆီမီးမရောက်တော့ပါဘူး။ ဒါဆိုရင် မီးအားနည်းတာ၊ မီးပျောက်နေတာတွေ ဖြစ်တတ်ပါတယ်။

DIS စနစ်မှာ မီးတိုင်မင်ကို Ignition Control Unit (ICU) နဲ့ Engine Control Unit တွေက ထိန်းချုပ်ပေးတယ်။ ခေတ်ဟောင်း Distributor စနစ်ဖွဲ့စည်းပုံက Mechanical Device ဖြစ်တဲ့အတွက် တုံ့ပြန်မှုနှေးကွေးတယ်။ မတိကျဘူး။ DIS စနစ်မှာတော့ အီလက်ထရွန်နစ်နည်းနဲ့မို့ တိကျမြန်ဆန်တယ်။ ပလပ်မီးပြင်းအား၊ မီးပွားအား အားလုံးလောင်ကျွမ်းသလို ပြည့်ဝတဲ့လောင်ကျွမ်းမှုဖြစ်မှ ကာဗွန်မိုနောက်ဆိုက် အဆိပ်ဓာတ်ငွေ့တွေ မဖြစ်နိုင်တာ။ DIS စနစ်မှာ ပလပ်တစ်လုံးကို မီးကွိုင်တစ်လုံးချင်းစီကနေ သီးသန့်မီးပေးပါတယ်။ တချို့စနစ်တွေမှာဆိုရင် မီးလောင်အားကောင်းအောင် Piston တစ်လုံးကို ပလပ် ၂ လုံးတောင် မီးပေးတတ်ပါတယ်။ မီးပေးစနစ်ရဲ့ Distributor စနစ်ဟောင်းမှာဆိုရင် မီးပေးစနစ်တစ်ခုလုံးမှာDIS Ignition Coil က တစ်လုံးတည်းက မီးကို ရှိသမျှပလပ်အားလုံး မျှပြီးသုံးရတော့ မီးပွားအားနည်းစေပါတယ်။ မီးကွိုင်တစ်လုံးက ထုတ်ပေးနိုင်တဲ့ High Voltage က ၁၈၀၀၀ ကနေ ၂၅၀၀၀ လောက်ပဲရှိပါတယ်။ DIS စနစ်မှာတော့ မီးကွိုင်တွေ သီးသန့်သုံးတဲ့အတွက် ဗို့အား ၄၀၀၀၀ ကျော်ထွက်တဲ့အတွက် ပလပ်မီးအားလည်း ပိုကောင်းပါတယ်။

DIS စနစ်မှာ မီးတိုင်မင်ကို အဆုံးအဖြတ်ပေးတာ Ignition Control Unit(ICU) နဲ့ Engine Control Unit (ECU) တို့က လုပ်ဆောင်ပေးပါတယ်။ အင်ဂျင်မှာတပ်ဆင်ထားတဲ့ Magnetic Crankshaft Sensor နဲ့ Crankshaft Position Sensor တို့ကနေ ပေးပို့နေတဲ့ သတင်းအချက်အလက်တွေအရ Piston တစ်လုံးချင်းကို Compression Stroke ပြီး ဆုံးခါနီးမှာ ပလပ်မီးပွားဖြစ်ပေါ်ဖို့ တိုင်မင်ကိုက် မီးပေးပါတယ်။ အင်ဂျင်လည်ပတ်နှုန်း၊ အခြေအနေတွေ အပေါ်မူတည်ပြီး မီးတိုင်မင်စောပေးတာ (Advanced Timing)၊ မီးချပေးတာမျိုးကိုလည်း ICU နဲ့ ECU တို့ကပဲ လုပ်ပေးပါတယ်။

DIS စနစ်ရဲ့ အားသာချက်များ

- မီးတိုင်မင် (Ignition Timing) ကို လူက ချိန်ညှိပေးစရာမလိုပါဘူး။

- DIS စနစ်မှာ Motor တွေ Cap  ဖုံးတွေ ဖယ်ရှားထားပါတယ်။

- Distributor မပါတော့တဲ့အတွက် လည်ပတ်နေတဲ့အစိတ်အပိုင်းတွေ ပွန်းစားပျက်စီးမှု၊ ပြုပြင်ထိန်းသိမ်းမှုတွေ မရှိတော့ပါဘူး။

- Distributor စနစ်မှာလို ရေစိုလို့ မီးပျောက်သွားတဲ့ဒုက္ခ၊ မီးမမှန်တဲ့ဒုက္ခတွေမရှိတော့တဲ့အတွက် DIS စနစ်က ရေကြောက်စရာ မလိုတော့ပါဘူး။

- Distributor စနစ်သုံး မီးပေးစနစ်မှာ တကယ်အားနည်းချက်က Distributor ရဲ့ ယူနစ်ပါပဲ။ ဒီယူနစ် တစ်ခုလုံးကို ဖယ်ရှားလိုက်တဲ့အတွက် ပြဿနာတွေ ငြိမ်းသွားပါတယ်။ 

DIS စနစ်မှာပါဝင်တဲ့ အစိတ်အပိုင်းများ

DIS စနစ်မှာ (၁) ECU ဆိုတဲ့ Engine Control Unit (၂) ICU ဆိုတဲ့ Ignition Control Unit (၃) (Sensor) ဆင်ဆာတွေ rankshaft Position Censor နဲ့ Camshaft Position Sensor (၄) Ignition Coil တို့ပဲ ဖြစ်ပါတယ်။

DIS ရဲ့ ထူးခြားချက်များ

ဒီစနစ်က မီးပွားပြင်းအားကောင်းတဲ့အတွက် ဆီစားသက်သာပြီး အင်ဂျင်စွမ်းဆောင်အားလည်း ကောင်းပါတယ်။ Emission ထွက်တာနည်းသွားသလို မီးတိုင်မင် ချိန်ညှိပေးစရာလည်းမလိုပါဘူး။ ကွိုင်ပူတဲ့ ပြဿနာမရှိဘူး။ ပြုပြင်ထိန်းသိမ်းစရိတ်သက်သာပါတယ်။ မီးတိုင်မင်ကို အင်ဂျင်လိုအပ်ချက်အတိုင်း ICU နှင့် ECU တို့က ထိန်းချုပ်ပေးပါတယ်။

DIS စနစ်မှာ မီးကွိုင်တစ်လုံး၊ ပလပ်တစ်လုံးနှုန်း သုံးထားတာကြောင့် မီးပွားပြင်းအားကောင်းတယ်။ လောင်စာတွေ အပြည့်အဝလောင်ပါတယ်။ Distributor စနစ်ဟောင်းက မိုင် ၁၂၀၀၀ လောက် မောင်းပြီးတိုင်း ပွိုင့်တွေ၊ ကွန်ဒက်ဆာတွေ၊ Distributor တွေ ပြန်စစ်ရတာ၊ ပြန်ချိန်ရတာတဲ့ ဒုက္ခတွေ DIS မှာ မရှိတော့ပါဘူး။ DIS က မိုင် ၅၀,၀၀၀-၆၀,၀၀၀ လောက်မောင်းပြီးမှ ပလပ်တွေ စစ်ဆေးရတာပါ။ ဓာတ်ဆီအညံ့သုံးရင်တော့ ပလပ်ကို ဒုက္ခပေးတတ်ပါတယ်။ အောက်တိန်းမြင့်တဲ့ဆီသုံးရင်တော့ ပလပ်တွေ ကြာကြာခံသလို ပလက်တီနမ်ပလပ်အကောင်းစားသုံးရင်တော့ ပလက်သက်တမ်းကြာကြာခံနိုင်ပါတယ်။

အရင်က DIS စနစ်မှာ ပလပ်ကြိုးတွေသုံးခဲ့ သေးပေမယ့် ခေတ်ပေါ် Model မြင့်ကားတွေမှာတော့ ပလပ်ကြိုးတွေ လုံးဝမသုံးတော့ပါဘူး။ အင်ဂျင်ရေစိုမှာလည်း စိုးရိမ်စရာမလိုတော့ပါဘူး။ Coil-One-Plug Direct Ignition စနစ်ကြောင့် ပိုကောင်းတဲ့ မီးပေးစနစ်ကို ဖြစ်ပေါ်စေပါတယ်။

အခုတင်ပြပေးခဲ့တာကတော့ ကားတစ်စီးမှာ မီးပေးစနစ် ဘယ်လိုအလုပ်လုပ်နေလဲဆိုတဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။

ဟိန်းမြတ်စိုး

Reference- Online? Distributorless Ignition System Wiki