News

POST TYPE

AUTOMOBILE

သရုပ်ဆောင်နှင့် တေးသံရှင် လမင်းကဗျာနှင့် တွေ့ဆုံခြင်း
19-Mar-2018


“ကားဆိုရင် တိုယိုတာပဲကြိုက်တယ်”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ သရုပ်ဆောင်ပိုင်းကနေ တေးသံရှင်ဘက်ကို စတင်ခြေလှမ်းလှမ်းနေတဲ့ လမင်းကဗျာနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်း မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

Voice : ညီမ လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။ 
LMK : ညီမ လက်ရှိစီးနေတာက Toyota Axi ပါ။ တစ်ခါတလေတော့ Alphard စီးပါတယ်။

Voice : ဝယ်ထားတာရော ကြာပြီလား။
LMK : မနှစ်က သင်္ကြန်ပြီးတုန်းကမှ ဝယ်ထားတာပါ။

Voice : ဒီကားရဲ့အားသာချက်တွေက ဘာတွေရှိလဲ။
LMK : ဒီကားရဲ့အားသာချက်က 1.3 ပါ။ ဒီကားမှာက အင်ဂျင်ပါဝါ 1.3 နဲ့ 1.4  1.5 အစားစားရှိတယ်။ ဒီကားကတော့ 1.3 ပေါ့။ Eco Mode လည်းပါတယ်ဆိုတော့ ဆိုးတော့မဆိုးဘူးပေါ့။ စီးရတာတော့ အဆင်ပြေပါတယ်။ Saloon Type ဆိုတော့ စီးရတာ ငြိမ့်ငြိမ့်ညောင်းညောင်လေးလည်း ရှိတယ်။ 

Voice : မိန်းကလေးတွေအတွက် ကားဝယ်မယ်ဆိုရင်ရော ဘယ်လိုကားမျိုးကို ညွှန်ပေးချင်လဲ။
LMK : မိန်းကလေးတွေအတွက်ကတော့ ဆလွန်းလေးတွေကတော့ အသင့်တော်ဆုံးလို့ထင်တယ်။ ကားသေးသေးလေးတွေဆိုတော့ အဝင်အထွက်လေးတွေကအစ၊ ကားပါကင်ထိုးတာကအစ အဆင်ပြေတယ်။ 

Voice : ကားပေါ်မှာ ခရေဇီဖြစ်တာလေးတွေရော ရှိလား ညီမ။ 
LMK : ရှိပါတယ်။ ရှိတယ်ဆိုတာ လမင်းက ကားကို သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်လောက် လဲနေတာ။ အခုဆို လမင်းလဲစီးနေတာ ရှစ်စီးလောက်ရှိပြီ။ ဝါသနာပါတယ်ရှင့်။ 

Voice : စီးခဲ့တဲ့ကားတွေလည်း များတယ်ဆိုတော့ ဘယ်ကားကိုအကြိုက်ဆုံးလို့ ခံစားရလဲ။ 
LMK : ဘယ်ကားကို အကြိုက်ဆုံးလဲဆို ပွင့်ပွင့်လင်းလင်းပြောရရင် CRV ကားကို အကြိုက်ဆုံးပဲ။ အဲဒီကားလေးက တော်တော်ကောင်းတယ်။ ရောင်းသာ ရောင်းလိုက်ရတာ နှမြောတယ်။ မော်ဒယ်လ်နိမ့်လို့သာ ရောင်းလိုက်တာ။ 

Voice : ကားစီးတဲ့အခါမှာရော ဘယ်လို Brand မျိုးမှ စီးချင်တာဆိုပြီး သတ်မှတ်ထားတာမျိုးရှိလား။ 
LMK : ညီမကတော့ ကားဆိုရင် တိုယိုတာပဲကြိုက်တယ်။ 

Voice : ကားနဲ့ပတ်သက်ပြီး ပုံမှန်ထိန်းသိမ်းတာမျိုးရော လုပ်လေ့ရှိလား။ 
LMK : ရှိပါတယ်။ ကားကို အာမခံကုမ္ပဏီအပ်ထားတာတို့ ဘာတို့တော့ရှိတယ်။ နောက်ပြီး ကားကို သုံးရက်တစ်ခါ၊ တစ်ပတ်တစ်ခါလောက်တော့ ရေဆေးတာတို့တော့ လုပ်ဖြစ်တယ်။ ကျန်တာတော့ သိပ်မလုပ်ဖြစ်ဘူး။

Voice : ဝပ်ရှော့တို့ ဘာတို့မှာ ပုံမှန်စစ်ဆေးတာမျိုးရော လုပ်လေ့ရှိလား။ 
LMK : လုပ်လေ့ရှိပါတယ်။ ပုံမှန်အတိုင်းကတော့ ညီမတို့နဲ့လည်းနီးတဲ့ စိတ်ချရတဲ့ ကိုကြီးကျော်ဆိုင်မှာ လုပ်ဖြစ်တာများတယ်။ 

Voice : ခရီးသွားရင်ရော ဘာတွေစစ်လေ့ရှိလဲ။
LMK : ခရီးသွားတော့မယ်ဆိုရင်တော့ ဆီရေလေစစ်တယ်။ အောက်ပိုင်းစစ်တယ်။ နောက် အရေးအကြီးဆုံးက တာယာပေါ့နော်။ တာယာကိုတော့ သေချာစစ်တယ်။ နည်းနည်းဟောင်းတာနဲ့ လဲလိုက်တာပဲ။ 

ခိုင်ချယ်ရီထွန်း