News

POST TYPE

AUTOMOBILE

ကားရေဆေးချိန် မပြုလုပ်သင့်သည့် အရာများ
12-Mar-2018 tagged as



ရာသီဥတုကလည်း တဖြည်းဖြည်း ပူပြင်းလာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ စာဖတ်ပရိသတ်ကြီးအတွက် ကားရေဆေးတဲ့အချိန်မှာ မလုပ်သင့်တဲ့၊ ရှောင်ရှားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

ကားရေဆေးချိန်မှာ မလုပ်သင့်တာနဲ့ လုပ်သင့်တဲ့အရာများ

ကားဆေးကြောရာမှာ မလုပ်သင့်တာနဲ့ လုပ်သင့်တာတွေကို ပထမဆုံးတင်ပြပါရစေ။ ဒါတွေက ကားတစ်စီး သန့်ရှင်းရေးပြုလုပ်ရာမှာ သတိမထားမိဘဲ မှားမိတဲ့အမှားလေးတွေ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့လည်း ကားလက်ဝယ်ရှိထားသူဖြစ်ရင် ဒီလိုအမှားမျိုးလေးတွေ လုပ်ကောင်းလုပ်မိခဲ့မိပါလိမ့်မယ်။ အခုဒီစာကို ဖတ်ပြီးရင်တော့ ရှောင်ရှားသင့်ပါပြီ။ နောက်ထပ် မမှားမိပါစေနဲ့တော့။

အပူဒဏ်မခံနိုင်

ပထမဆုံးအနေနဲ့ ကားရေဆေးမယ်ဆိုရင် ပူပြင်းပြီး အရိပ်အာဝါသမရှိတဲ့ နေရာမျိုးတွေမှာ မဆေးသင့်ပါဘူး။ အချိန်အနေနဲ့လည်း အလွန်ပူပြင်းတဲ့ နေ့လယ်ပိုင်းလိုအချိန်တွေမှာ မဆေးသင့်ပါဘူး။ ဒါက ဆေးကြောမယ့်သူအတွက်လည်း အန္တရာယ်ဖြစ်နိုင်ပါတယ်။ အပူနည်းနည်းလျော့တဲ့ မနက်ပိုင်း ဒါမှမဟုတ် ညနေပိုင်းလောက်ကို ရွေးချယ်သင့်ပါတယ်။ နောက်ထပ်သိထားရမယ့် အချက်တစ်ခုက မူလစက်ရုံထုတ်ထားကတည်းက ကားတွေအတွက် အသုံးပြုဖို့ထုတ်ထားတဲ့ Products အပူဒဏ်ကို ခံနိုင်လေ့မရှိပါဘူး။ ဒါကြောင့် ဒီလိုအပူထဲမှာ လုပ်မယ်ဆိုရင် အပူဒဏ်ကိုမခံနိုင်ဘဲ ရေငွေ့ပျံပြီး ရေမှတ် (Watermarks) တွေ၊ အစက်အပြောက် (Spots) တွေ ကျန်ခဲ့နိုင်ပါတယ်။

အိမ်သုံးဆပ်ပြာတွေနဲ့ မဆေးရန်

ကားကို မီးဖိုချောင်တွင်းသုံး ပန်းကန်ဆေး (သို့) အခြားဆပ်ပြာအမျိုးအစားများနဲ့ မဆေးသင့်ပါ။ ဒီလိုဆပ်ပြာတွေနဲ့ ဆေးကြောခြင်းဖြင့် PH Balance နဲ့ မညီတာ၊ လိုအပ်တာထက် ပိုပြင်းတာတွေကြောင့် ကားရဲ့အပေါ်ယံအလွှာ (Clear Coat Paint) ကို သိသိသာသာ ပျက်စီးစေပါတယ်။ ကား Wax တင်တဲ့နေရာမှာလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။ 

ကားဆေးဖို့ သီးသန့်ထုတ်ထားတာတွေနဲ့ ဆေးသင့်

အဲဒီလို ပန်းကန်ဆေးတဲ့ ဆပ်ပြာတွေနဲ့ ဆေးတာထက် ကားရေဆေးဖို့ သက်သက်လာတဲ့ ဆပ်ပြာအမျိုးအစား (Carwash) တွေကိုပဲ သုံးဖို့လိုပါတယ်။ ပန်းကန်ဆေးတဲ့ဆပ်ပြာတွေ၊ အဝတ်လျှော်ဆပ်ပြာတွေက ဈေးသက်သာလို့ ဆေးကြောတတ်ကြပေမယ့် ကြာရှည် ဒါတွေ သုံးစွဲတဲ့အခါမှာ ကားရဲ့ကိုယ်ထည်တွေကို ဒုက္ခကောင်းကောင်းပေးနိုင်ပါတယ်။

ကားရေဆေးနည်း

အခကြေးငွေပေးပြီး ကားဆေးတဲ့နေရာတွေ မြန်မာနိုင်ငံထဲမှာ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် ကားဆေးချင်သူတွေ၊ ဆိုင်ထက် ကိုယ်ကိုယ်တိုင်ဆေးတာကိုမှ ကျေနပ်အားရသူတွေအတွက် နည်းလမ်းလေးပေးလိုက်ပါရစေ။

ကဲ ကားဆေးလိုက်ကြပါစို့။ အရင်ဆုံး ကားဆေးဖို့အတွက် ပုံးနှစ်ပုံးကို ဘေးနားမှာ အရန်သင့်ထားပေးပါ။ ပထမပုံးကို ဆပ်ပြာထည့် သန့်စင်ဖို့အတွက်သုံးပါ။ ဒုတိယပုံးကို ရေဆိုးညှစ်ချဖို့ သုံးပါ။ ဒီပုံးတွေကို ပထမဆုံးနဲ့ အရေးတကြီးလုပ်ရမယ့်အချက်က ရေပုံးတွေကို ဖုန်၊ သဲ မကျန်အောင် အရင်ဆုံး သန့်ရှင်းပေးဖို့ပါ။ အဲဒါကိုမေ့ပြီး လုပ်မိလိုက်တဲ့အခါ ပုံးတွေထဲမှာ ဖုန်ရှိနေရင် ကိုယ့်ကားကို သန့်စင်စေချင်လို့ ဆေးတာညစ်ပတ်သွားနိုင်ပါတယ်။ ဒါပေမဲ့ သဲ ဒါမှမဟုတ် ကျောက်စရစ်ခဲသေးသေးလေးတွေ ပါလာမယ်ဆိုရင် မတော်တဆ ကားကို ဆေးကြောတဲ့အဝတ်ထဲ အဲဒါတွေပါလာရင်တော့ အစင်းကြောင်းလိုအရာတွေ ဖြစ်တတ်လို့ အရင်ဆုံး သတိထားဖို့လိုပါတယ်။ နောက်တစ်ချက်က ကားဆေးဖို့ အင်္ကျီ ဒါမှမဟုတ် ဘောင်းဘီ အဝတ်အဟောင်း၊ စွပ်ကျယ်၊ မီးဖိုချောင်သုံး ရေမြှုပ်တွေကို မသုံးပါနဲ့။ ကိုယ့်ကားကို သက်တမ်းရှည်ရှည်နဲ့ လူမြင်ကောင်းအောင် အကြာကြီးသုံးချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို ဂရုတစိုက် လုပ်ဆောင်စေချင်ပါတယ်။ ကားဆေးဖို့၊ ဖုန်သုတ်ဖို့အတွက် အကောင်းဆုံးကတော့ ပျော့ပျောင်းတဲ့ Microfiber Towel တွေပါပဲ။ ကားဆေးဖို့အတွက် သီးသန့်ထုတ်တဲ့ Towel လေးတွေ ကားပစ္စည်းဆိုင်တွေမှာ ရောင်းပါတယ်။ မသုတ်ခင် Towel ကို အရင်ဆုံးခါပြီးမှသုံးပါ။ ကားကို အပေါ်ကနေ အောက်ဘက်ကိုဆေးပါ။ အောက်မှာရှိတဲ့ ဖုန်တွေ၊ ကျောက်စရစ်ခဲ သေးသေးလေးတွေ Towel မှာကပ်ပြီး အပေါ်ပိုင်းကို မထိစေချင်လို့ပါ။

နောက်တစ်ချက်ကတော့ မြေကြီးပေါ်ကျသွားတဲ့ Towel ကိုခါပြီး ပြန်မသုတ်ပါနဲ့။ နောက်တစ်ထည်ကို အသုံးပြုပေးပါ။ သဲမှုန့်တွေ၊ ဖုန်မှုန့်တွေနဲ့ ကျောက်ခဲသေးသေးလေးတွေက သင့်ကားကို အဝိုင်းအမှတ် (Whirl Marks) တွေ ဖြစ်သွားစေတတ်လို့ပါ။ ဒီလိုဖြစ်သွားရင် ကားက ကြည့်ရတာ အရုပ်ဆိုးသွားမှာဖြစ်သလို ကိုယ်နောက်တစ်စီးပြောင်းချင်လို့ပဲဖြစ်ဖြစ်၊ မလိုအပ်တော့လို့ ရောင်းချင်တာပဲဖြစ်ဖြစ် ကိုယ့်ကြိုက်ဈေးမရနိုင်တော့သလို ဈေးနှိမ်ခံနိုင်ရပါတယ်။

စတီယာရင်တွေ Wax တင်ရင်

နောက်ပြီး Steering Wheel တွေ ဂီယာတံတွေကို Wax တင်တဲ့အခါ ခြောက်အောင်တစ်ခါတည်း လုပ်ခဲ့ပါ။ အရေးအကြောင်းဆို ချော်တတ်ပါတယ်။ လက်ကထွက်တဲ့အဆီနဲ့ မပြောင်တဲ့ Wax နဲ့ သွားတွေ့ရင် ချောပြီး စတီယာရင်ကိုင်ရတာ အဆင်မပြေဖြစ်တတ်ပါတယ်။ 

(Polishing) နဲ့ (Waxing)

နောက်ပြီး တော်တော်များများက ကားအရောင်တင်ခြင်း (Polishing) နဲ့ ဖယောင်းတင်ခြင်း (Waxing) တွေကို အတူတူပဲလို့ ထင်တတ်ကြတယ်။ တကယ်တော့ ကား Polishing ဆိုတာ ကားရေဆေးပြီးတဲ့အခါ အရောင်ပိုထွက်လိုတာ၊ တချို့ကားဒဏ်ရာတွေကို ဖုံးလိုတာတွေကြောင့် သုံးရတာဖြစ်ပါတယ်။ ကား Waxing လုပ်တာကတော့ ကားရဲ့အပေါ်မှာ အလွှာသစ်တစ်ခုလိုဖြစ်စေပြီး သဲ၊ ဖုန်တွေကို ကာကွယ်ပေးတာပါ။

ကားသန့်ရှင်းရေးလုပ်ရမယ့်အချိန်

ကြည့်လိုက်လို့ ကားက တောက်ပြောင်နေတိုင်း သန့်ရှင်းနေတာ မဟုတ်ပါဘူး။ ကားအရောင်တော်တော်များများမှာ အမည်းကလွဲပြီး အရောင်တော်တော်များများက ဖုန်တက်နေရင် သိပ်မသိသာတတ်ပါဘူး။ သေသေချာချာ ကိုင်ကြည့်၊ ပွတ်ကြည့်မှသာ ဖုန်တက်နေမှန်း သိတတ်တာပါ။ ကြမ်းနေတဲ့ ဖီလင်ရနေရင် ကားဖုန်သုတ်ပေးဖို့ လိုအပ်နေပါပြီ။ ကားမှန်ကိုသုတ်ဖို့ သတင်းစာ ဒါမှမဟုတ် သီးသန့်ထုတ်ထားတဲ့ Synthetic- Chamois ကို အသုံးပြုနိုင်ပါတယ်။ မိုးရေစိုနေတဲ့အချိန်၊ မိုးတွင်းဘက် မိုးရွာလို့ မှန်တွေမှာ ရေငွေ့ရိုက်တာတွေကို သန့်ရှင်းရာမှာ သတင်းစာလို စက္ကူမျိုးတွေက တော်တော်လေး အသုံးဝင်ပါတယ်။ ကားဆရာတော်တော်များများက သတင်းစာတွေကို ဆောင်ထားတတ်ကြပါတယ်။ စာဖတ်ပရိသတ်ကြီးအနေနဲ့လည်း မိုးတွင်းဘက် ကားမောင်းမယ်ဆိုရင် သတင်းစာဆောင်မထားတတ်ဘူးဆိုရင် လာမယ့်မိုးတွင်းမှာ ဆောင်ထားလိုက်ပါ။ အဲဒါမှ ကြည်လင်နေတဲ့မှန်ကို ရမှာဖြစ်သလို ရှေ့ကမြင်ကွင်းနဲ့ ဘေးနောက်မြင်ကွင်းတွေကို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား မြင်နိုင်မှာပါ။ 

Wiper သန့်ရှင်းရေး

အားလုံးသိတဲ့အတိုင်း Wiper ဆိုတာကတော့ ရှေ့၊ နောက်မှာရှိတဲ့ မှန်တွေကို ကြည်လင်စေဖို့အတွက် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူကချည်း ရှင်းလင်းရေးလုပ်ပေးနေတာဖြစ်တဲ့အတွက် သူ့ကိုလည်း သန့်ရှင်းရေးလေး ပြန်လုပ်ပေးသင့်ပါတယ်။ ဥပမာ-တစ်ပတ်တစ်ခါ ဒါမှမဟုတ် နှစ်ပတ်တစ်ခါလောက်တော့ Wiper အောက်က ဖုန်တွေကိုလည်း သန့်ရှင်းဖို့လိုပါတယ်။

အထက်က ဖော်ပြခဲ့တာတွေကတော့ ကားသန့်ရှင်းရေးလုပ်တဲ့အခါမှာ လုပ်သင့်တာလေးတွေနဲ့ မလုပ်သင့်တဲ့ ရှောင်ရှားသင့်တဲ့အရာတွေပဲ ဖြစ်ပါတယ်။ စာဖတ်ပရိသတ်ကြီးအနေနဲ့ အရင်က အပေါ်ကတင်ပြခဲ့တဲ့ အမှားမျိုးတွေကို အရင်က ပြုလုပ်မိခဲ့တယ်ဆိုရင် ပြင်ဖို့သင့်သလို ကောင်းတဲ့အချက်လေးတွေကို မလုပ်ခဲ့ဖူးဘူးဆိုရင်လည်း လိုက်လုပ်ဖို့သင့်ပါတယ်လို့ တိုက်တွန်းလိုက်ပါရစေ။

ဟိန်းမြတ်စိုး

  • TAGS