News

POST TYPE

AUTOMOBILE

ကားနဲ့ပတ်သက်တဲ့ သတိထားရမယ့်အရာတွေ
05-Mar-2018


ကိုယ့်ရဲ့ကားကို သက်တမ်းရှည်ရှည် အသုံးပြုလိုသူများ၊ မကြာခဏ ဝပ်ရှော့ရုံမပို့လိုသူများအနေနဲ့ အခုဖော်ပြမယ့်အရာတွေကို သတိထားရှောင်ကြဉ်စေလိုပါတယ်။ ဒီလိုအချက်များအပြင် ကားမှာသုံးတဲ့ဆီတွေရဲ့ အရောင်တွေအကြောင်းနဲ့ ကားနဲ့ပတ်သက်တဲ့အရာတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

ကားမှာသုံးတဲ့ ဆီတွေရဲ့ အရောင်များ

- အညိုဖျော့ရောင်မှ အနက်ရောင်ဆိုလျှင် အင်ဂျင်ဝိုင်
- အနီရောင်ပါးပါး (သို့မဟုတ်) အညိုရောင်ထူထူဆိုလျှင် ဂီယာဆီ
- အနီရောင် (သို့မဟုတ်) အညိုဖျော့ရောင် ပါးပါးဆိုလျှင် ပါဝါစတီယာတိုင်ဆီ
- အကြည်ရောင်မှ ချွဲကျိသော အညိုရောင်ဆိုလျှင် ဘရိတ်ဆီ
- အဝါ၊ အစိမ်း (သို့မဟုတ်) ပျစ်ချွဲချွဲပန်းရောင်ဆိုလျှင် အင်ဂျင်အေးရေ (Coolant)
- အကြည်ရောင်ကျဲကျဲဆိုလျှင် ရေတို့ပဲဖြစ်ပါတယ်။

ဒီလိုအရောင်တွေကို ကြည့်ခြင်းဖြင့် ကားမှာသုံးတဲ့ဆီတွေကို အလွယ်တကူ ခွဲခြားနိုင်မှာဖြစ်သလို ကိုယ့်ကားရဲ့တစ်နေရာရာက ယိုစိမ့်နေပြီဆိုရင် ဒီလိုဆီအရောင်တွေကို ကြည့်ပြီးတော့လည်း ခွဲခြားသိနိုင်ပါတယ်။ ဒါ့အပြင် ဘယ်လိုနေရာတွေက ဘယ်လိုဆီတွေ စိမ့်ထွက်နိုင်လဲ၊ ဘယ်ဆီကတော့ ဘယ်လိုအရောင်ပြောင်းသွားရင် လဲလှယ်သင့်လဲဆိုတာကို ဆက်ကြည့်လိုက်ကြရအောင်။

ရေဆိုရင် ကားရှေ့အောက်ပိုင်းကနေ စိမ့်ထွက်တတ်ပြီး ဒီလိုစိမ့်ထွက်ရတာဟာ အဲကွန်းက ရေစုခြင်း ဒါမှမဟုတ် ကားမှန်ဆေးတဲ့စနစ်ကနေ စိမ့်တာတွေ ဖြစ်တတ်ပါတယ်။ ဘရိတ်ဆီတွေက ပုံမှန်အားဖြင့် အကြည်ရောင် ဒါမှမဟုတ် ချွဲကြည့်တဲ့အရောင်ရှိတတ်ပေမယ့် ကြည်လင်တဲ့အရည် (ဒါမှမဟုတ် အညိုဖျော့ရောင်) နဲ့ ဆီထူတဲ့အရောင်တွေ ဖြစ်နေတယ်ဆိုရင် ကိုယ့်ရဲ့ဘရိတ် ဒါမှမဟုတ် ကလပ်ဆီမှာ ကြီးမားတဲ့ ပြဿနာဖြစ်နေပြီဖြစ်တဲ့အတွက် ချက်ချင်းပြင်ဆင်သင့်ပါတယ်။ ဒီလိုအရည်တွေက ကားအောက်ပိုင်းက ဘီးနားတွေကနေ စိမ့်ထွက်တတ်ပါတယ်။ ကားရဲ့အင်ဂျင်ခန်းအောက်ကနေ အစိမ်း၊ သံချေးရောင် ဒါမှမဟုတ် လိမ္မော်ရောင်၊ အနည်းငယ်ပျစ်တဲ့ အရည်တွေ စိမ့်ထွက်နေတာဆိုရင် ဒါဟာ အင်ဂျင်အေးရေ (Coolant ရည်) တွေ ဖြစ်ပါတယ်။ ပြီးတော့ အင်ဂျင်အောက်တည့်တည့်ကနေ အညိုရောင် ဒါမှမဟုတ် အနက်ရောင်နဲ့ ချွဲကျိကျိအရည်တွေ စိမ့်ထွက်နေတယ်ဆိုရင်တော့ ဒါဟာ အင်ဂျင်ဝိုင်တွေဖြစ်ပါတယ်။ 

နောက်တစ်ခုကတော့ နောက်အင်ဂျင်ပါတဲ့ ကားတွေရဲ့အလယ်ကပဲဖြစ်ဖြစ်၊ ရှေ့အင်ဂျင်ပါတဲ့ ကားတွေရဲ့ ရှေ့ကပဲဖြစ်ဖြစ် အနီ ဒါမှမဟုတ် အညိုရင့်ရောင် (သို့မဟုတ် အစိမ့်ရင့်ရောင်) နဲ့ ချွဲကျိကျိအရည်တွေ စိမ့်ထွက်နေမယ်ဆိုရင်တော့ ဂီယာဆီကို ချက်ချင်းစစ်လိုက်ဖို့လိုပါပြီ။ ပုံမှန်အားဖြင့် ဂီယာဆီတွေက အနီရောင်ပါးပါး ဒါမှမဟုတ် အညိုရောင်ထူထူအရောင်တွေမှာ ရှိတတ်ပါတယ်။ နောက်ပြီး ကားရဲ့ မောင်းသူဘက်အင်ဂျင်ခန်းအောက်ကနေ ပယင်းရောင်၊ အကြည် (သို့မဟုတ်) အနီရောင်အရည်တွေ စိမ့်ထွက်နေပြီဆိုရင် ဒါဟာသတိထားစရာပါ။ သင့်ကားရဲ့ ပါဝါစတီယာတိုင်ဆီတွေမှာ ကြီးမားတဲ့ပြဿနာဖြစ်နေပါပြီ။ ဒါဟာ ချက်ချင်းပြင်ဆင်သင့်တဲ့ အခြေအနေဖြစ်ပါတယ်။ 

ဒါကတော့ ကားတစ်စီးမှာ အသုံးပြုရတဲ့ စက်ဆီတွေရဲ့ အရောင်တွေအလိုက်ခွဲခြားပုံနဲ့ သတိထားရမယ့်အရောင်တွေ၊ ပြင်ဆင်သင့်ရမယ့် အရောင်တွေကို ဘယ်လိုခွဲရမလဲဆိုတာ တင်ဆက်ပေးခဲ့တာပါ။ ဒီအရောင်တွေအလိုက် စာဖတ်ပရိသတ်ကြီးအနေနဲ့ ကိုယ့်ကားကို ပြုပြင်ထိန်းသိမ်းနိုင်ပါတယ်။ ဒါကိုသိထားလို့ မြန်မြန်တွေ့ပြီး မြန်မြန်ပြုပြင်လိုက်နိုင်မယ်ဆိုရင် မြန်မာစကားပုံအရ အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်ရမယ့်ကိန်း မဆိုက်နိုင်တော့ပါဘူး။ ကိုယ့်ကားရဲ့ တစ်နေရာရာက ယိုစိမ့်မှုဖြစ်နေတာကို မသိတာမျိုး၊ မသိလိုက်ဘာသာ နေလိုက်တာမျိုးနဲ့ ဘာအရောင်စိမ့်နေတာက ဘာဖြစ်တာကို ပြောနေတာမျိုးကို မသိဘူးဆိုရင် စကားပုံအတိုင်း အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်ရနိုင်ပါတယ်။

ကိုယ့်ရဲ့ကားကို သက်တမ်းရှည်ရှည်အသုံးပြုနိုင်ရန်

ကိုယ့်ရဲ့ကားကို သက်တမ်းရှည်ရှည် အသုံးပြုနိုင်ဖို့ဆိုရင် ဒီလိုအပြုအမူတွေ မဖြစ်မနေလုပ်ဖို့လိုပါတယ်။ ကြည့်လိုက်ကြရအောင်...

(၁) Filter ကို မကြာခဏလဲလှယ်ပါ။ 

Filter တွေ ကောင်းနေမှသာ ကိုယ့်ကားရဲ့ ဆီ ရေ လေ ဝိုင်တွေ ကောင်းကောင်းလည်ပတ်နိုင်မှာဖြစ်သလို ဒါမှလည်း ကိုယ့်ကားရဲ့ ကျန်းမာရေးက အမြဲတမ်းကောင်းမွန်နိုင်မှာပါ။ Filter တွေ မကောင်းတဲ့အခါ အပြင်ကပါလာမယ့် ဥပမာ - ဆီထဲက အညစ်အကြေးတွေ၊ အမှုန်အမွှားတွေကို မတားနိုင်ဘဲ ဆီပန့်တွေ၊ အင်ဂျက်တာတွေကို ဒုက္ခပေးတာအပြင် နောက်ဆုံး ကားရဲ့ အင်ဂျင်အထိကို ဒုက္ခရောက်သွားနိုင်ပါတယ်။ Filter လို့ ပြောတဲ့နေရာမှာ ကားရဲ့ လေစစ်တွေလည်း ပါဝင်ပါတယ်။ ဥပမာဆိုရရင် နှာခေါင်းပိတ်နေတဲ့ လူတစ်ယောက်ဟာ အသက်ကောင်းကောင်းမရှူနိုင်သလိုဘဲ ကားရဲ့လေစစ်မကောင်းတဲ့အခါ လေဝင်လေထွက်မကောင်းဘဲ အခြားထိခိုက်မှုမျိုးစုံကို ဖြစ်ပွားစေနိုင်ပါတယ်။

(၂) ပစ္စည်းအများကြီး မတင်ပါနဲ့

ကားတစ်စီးမှာ သတ်မှတ်ထားတဲ့ ခံနိုင်ဝန် အမြဲတမ်းရှိပါတယ်။ လူစီးယာဉ်မှာပဲဖြစ်ဖြစ်၊ ကုန်တင်ယာဉ်မှာပဲဖြစ်ဖြစ် သတ်မှတ်လူဦးရေ၊ သတ်မှတ်ကုန်စည် တင်ဆောင်ခွင့်တွေကို ထုတ်လုပ်တဲ့ကုမ္ပဏီက စမ်းသပ်ပြီးမှ ထုတ်လုပ်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့အတိုင်း လိုက်နာလုပ်ဆောင်ဖို့လိုပါတယ်။ ပစ္စည်းအများကြီးတင်တဲ့အခါ၊ လူအများကြီး တင်စီးတဲ့အခါ ဘာတွေဖြစ်လဲဆိုတော့ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံးအနေနဲ့ ကားမီးလောင်တာတွေ၊ ကားအဆွဲအရုန်း ခဏလေးကျသွားတာတွေ၊ သတ်မှတ်ကာလမတိုင်မီ ပျက်စီးရတာတွေ ဖြစ်တတ်ပါတယ်။ ဒါလည်း ရှောင်ကြဉ်ရမယ့် အဓိကအပြုအမူထဲမှာ ပါပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ကားတော်တော်များများကို သတ်မှတ်ထားတဲ့ ခံနိုင်ဝန်ထက် ပိုသုံးနေတာတွေကို မကြာခဏ မြင်တွေ့နေရတတ်ပါတယ်။ စာဖတ်ပရိသတ်ကြီးလည်း မြင်ဖူးကြမှာပါ။ ဥပမာ - လိုက်ထရပ်ယာဉ်တွေကို နောက်ခေါင်မိုးတွေ သတ်မှတ်အမြင့်ထက် များစွာမြှင့်ပြီး ပစ္စည်းတင်တာတွေမျိုး။

(၃) ဂီယာကို သင့်တင့်စွာပြောင်းပါ

ကားကို ကိုင်တွယ်မောင်းနှင်တဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ အရှင်းဆုံးအနေနဲ့ ကားမောင်းညင်သာသူနဲ့ ကားမောင်းကြမ်းတမ်းသူဆိုရင် နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ကားမောင်းညင်သာသူတွေကတော့ ဂီယာအပြောင်းအလဲလည်း ညင်သာကြပါတယ်။ ကားမောင်းကြမ်းတမ်းသူတွေကတော့ လမ်းပေါ်ကချိုင့်တွေ့လည်း မရှောင်ဘဲ စွတ်ရမ်းမောင်းတာမျိုး၊ ဂီယာအပြောင်းအလဲကို ဒုန်း၊ ဒိုင်းဆိုသလို ပြောင်းလဲမောင်းနှင်တာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ အဲဒီအခါကျတော့ ကိုယ့်ရဲ့ကားက မကြာခဏပျက်စီးပြီး သတ်မှတ်ကာလထက် ကျော်လွန်မသုံးစွဲရတဲ့အပြင် သတ်မှတ်ကာလမတိုင်မီ ချုံးချုံးကျသွားတာမျိုးတွေ ဖြစ်ရတတ်ပါတယ်။

(၄) တာယာဖိအားကို မကြာခဏစစ်ဆေးပါ

နောက်တစ်ချက်က ကိုယ့်ကားရဲ့တာယာတွေကို အမြဲတမ်းစစ်ဆေးနေဖို့လိုပါတယ်။ ဒါမှလည်း ကိုယ့်ကားရဲ့ တာယာဖိအားနည်းနေလား၊ များနေလားဆိုတာကို သိနိုင်မှာပါ။ ဒီလိုမစစ်ဆေးမိလို့ တာယာဖိအား နည်းနေတဲ့အချိန် မောင်းနှင်မိမယ်ဆိုရင် အချိန်မတိုင်မီ ခဏလေးပျက်စီးတာကို ကြုံတွေ့ရနိုင်သလို ဖိအားများနေတဲ့အချိန် မောင်းမယ်ဆိုရင် စလစ်ဖြစ်တာတွေ၊ ကိုယ့်ကားရဲ့အရှိန်ကို ထိန်းတဲ့အခါမှာ ခက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ ဒီစစ်ဆေးမှုကတော့ မကြာခဏ အရေးတကြီးပြုလုပ်ပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့အသက်အန္တရာယ်ကို ကာကွယ်ပြီးသားလည်း ဖြစ်တာမို့လို့ပါ။

(၅) ကားအရောင်ကို နေလောင်မှုမှ ကာကွယ်ပါ

နေအရမ်းပြင်းတဲ့နေရာတွေမှာ ကိုယ့်ကားကို ရပ်တန့်တာကို ရှောင်ကြဉ်သင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို အပူချိန်မြင့်တဲ့နိုင်ငံတွေမှာဆိုရင် ပိုပြီးသတိထားသင့်ပါတယ်။ ဒီလို ဂရုမထားဘဲ နေပူထဲမှာ ရပ်ထားတာပဲဖြစ်ဖြစ်၊ ပါကင်ရှားတဲ့နေရာမှာ မဖြစ်မနေမို့ နေပူထဲမှာ ရပ်ထားရတာမျိုးပဲဖြစ်ဖြစ် နေပူဒဏ်ကြောင့် ကိုယ့်ကားရဲ့ဆေးသားတွေကို ဒုက္ခပေးနိုင်ပါတယ်။ မူလစက်ရုံထုတ်ထက် အရောင်မှိန်သွားတာမျိုး၊ ဆေးသားတွေ ကွာကျတာမျိုးတွေအထိ ဖြစ်ပွားစေနိုင်ပါတယ်။ ခုနပြောသလို ရန်ကုန်လို ကားပါကင်ရှားတဲ့နေရာမျိုးမှာ မဖြစ်မနေရပ်ထားရမယ်ဆိုရင် ကတ်ထူပြား ဒါမှမဟုတ် နေပူဒဏ်ကို အတော်အသင့် ကာကွယ်နိုင်မယ့် အုပ်စရာတစ်ခုခုနဲ့ အုပ်ဆိုင်းထားသင့်ပါတယ်။

အထက်ကဖော်ပြခဲ့တဲ့အရာတွေကို မဖြစ်မနေ ဂရုစိုက်၊ သတိထားရမယ့်အရာတွေကို တင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါတွေအပြင် နေ့စဉ်ဂရုပြုရမယ့် အရာတွေ၊ သတိထားရမယ့်အရာတွေ များစွာရှိပါတယ်။ စာဖတ်ပရိသတ်ကြီးကို ဒီဟာတွေအပြင် တခြားဂရုစိုက်စရာတွေကို ဆက်လက်တင်ပြပေးသွားပါဦးမယ်။

ဟိန်းမြတ်စိုး