News

POST TYPE

AUTOMOBILE

တေးသံရှင် ခင်ဆုသျှင်နှင့် တွေ့ဆုံခြင်း
05-Mar-2018 tagged as အနုပညာ



“Sport Type တော့ မကြိုက်ဘူး။ ဒါပေမဲ့ ပြိုင်ကားတော့ မောင်းဖူးချင်တယ်”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ “ပဉ္စရူပရော့ခ်ဂီတ” တေးအယ်လ်ဘမ်မှာ ပါဝင်သီဆိုထားတဲ့ တေးသံရှင် ခင်ဆုသျှင်နဲ့တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်းလေးတွေ မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

Voice : ညီမ လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
KSS : ညီမလက်ရှိ Ford ကားစီးနေပါတယ်။

Voice : ဒီကားရဲ့ အားသာချက်တွေကရော ဘာတွေရှိလဲ။ 
KSS : ဒီကားရဲ့အားသာချက်က မြင့်တယ်။ ခရီးသွားလာရတာ အရမ်းအဆင်ပြေတယ်။ ဘယ်သွားသွား တောင်ပေါ်လမ်းပဲသွားမလား၊ နယ်ဘက်ပဲ ခရီးထွက်မလား အကုန်အဆင်ပြေတယ်။ ကားအမြင့်သာပြောတာ သူက လမ်းကြမ်းတွေဘာတွေဆိုလည်း အရမ်းမလူးတဲ့အခါကျတော့ စီးလို့အရမ်းကောင်းတယ်။ ဟိုင်းဝေးဆိုလည်း အရမ်းငြိမ့်တယ်။ ကားက လမ်းကြမ်းတွေသွားနိုင်တဲ့အပြင် Luxury ကားအမျိုးအစားလည်းဖြစ်တော့ စီးရတာအရမ်းငြိမ့်တယ်။ အဲကွန်းက ပတ်ပတ်လည်ပါတယ်။ နောက် မိသားစုလိုက် ခရီးထွက်မယ်ဆိုလည်း အရမ်းအဆင်ပြေတယ်။ နောက်တစ်ခုက ကားအရောင်ကလည်း နီညိုရောင်လေးက ညီမ အရမ်းကြိုက်တယ်။ 

Voice :  ကုမ္ပဏီပိုင်းကရော ဝန်ဆောင်မှုကောင်းလား ညီမ။ 
KSS : ကုမ္ပဏီပိုင်းကလည်း ဝန်ထမ်းတွေက ဝန်ဆောင်မှုကောင်းတယ်။ ညီမကိုယ်တိုင်လည်း အရမ်းသဘောကျတာနဲ့ ဒီကားလေးကို ဝယ်စီးဖြစ်သွားတာ။ နောက်ပြီး ကားအမြင့်ကလည်း ကိုယ့်အတွက် အရမ်းလိုအပ်ပါတယ်။

Voice : ဒီလိုဆိုရင် ညီမက ကားအမြင့်တွေ သဘောကျလို့စီးတာလား။ အလုပ်အတွက် အဆင်ပြေလို့ စီးတာလား။ 
KSS : ညီမကိုယ်တိုင်ကလည်း ကားအမြင့်တွေ သဘောကျတယ်။ အဆိုတော်လည်းဖြစ်တော့ ဒါလေးက အဆင်ပြေတယ်။ ပြောရမယ်ဆိုရင်တော့ ညီမက ဆလွန်းတွေလည်း အရမ်းသဘောကျတယ်။ နောက် ပြိုင်ကားလေးတွေလည်း သဘောကျတယ်။ မိန်းကလေးဆိုပေမယ့် ယောကျာ်းဆန်ဆန်လေးတွေ သဘောကျတယ်။ အိမ်ကဆို အမြဲပြောတယ်။ နင်က ရိုးရိုးကားမောင်းရမှာမဟုတ်ဘူး။ ပြိုင်ကားမောင်းရမှာလို့ ခဏခဏပြောတယ်။ ညီမကိုယ်တိုင်ကလည်း ကားမောင်းရင် စိတ်အရမ်းလောတယ်။ လောတဲ့အခါကျ အမြန်မောင်းမိတာလေးတွေရှိတယ်။ အမေဆို ညီမမောင်းတဲ့ကားဆို မစီးရဲဘူးတဲ့။ ညီမဘာသာဆိုရင်တော့ ဆလွန်းကားလေးတွေ သဘောကျတယ်။ 

Voice : အဲဒီလိုဆို ညီမအနေနဲ့ Luxury ကားတွေနဲ့ Sport Type ကားတွေဆို ဘယ်လိုကားမျိုးကို သဘောကျလဲ။
KSS : ညီမ Luxury ကားတွေကို ပိုသဘောကျပါတယ်။ Sport Type တော့ မကြိုက်ဘူး။ ဒါပေမဲ့ ပြိုင်ကားတော့ မောင်းဖူးချင်တယ်။ ကြောက်တယ်၊ မောင်းလည်းမောင်းဖူးချင်တယ်။ 

Voice : ကားနဲ့ပတ်သက်ပြီးတော့ရော အမှတ်တရတွေ ရှိခဲ့ဖူးလား။ 
KSS : အဲဒီလိုတော့ ထွေထွေထူးထူးမရှိပါဘူး။ ဒါပေမဲ့ အခုကားက မြို့ထဲမောင်းတာကျ သိပ်အဆင်မပြေဘူး။ အိမ်ကိုတော့ ကားအသေးလေးတစ်စီးလိုချင်တယ်လို့ ပူဆာထားတယ်။ ဒါကို အိမ်ကဝယ်ပေးတယ်ဆိုရင်တော့ အမှတ်တရဖြစ်မှာပေါ့။ 

ခိုင်ချယ်ရီထွန်း