News

POST TYPE

AUTOMOBILE

YBS နှင့် ညပိုင်းခရီးစဉ်
01-Mar-2018 tagged as

 YBS နှင့် ညပိုင်းခရီးစဉ်

“ညပိုင်းစီးနင်းမှု အဆင်ပြေအောင် ည ၁၀ နာရီအထိ ယာဉ်လိုင်းများ အားလုံး ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်” 
ဒေါက်တာမောင်အောင် (ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ YRTA အတွင်းရေးမှူး)

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ခရီးသည်တင်ယာဉ်လိုင်းတွေ၊ ခရီးသွား ပြည်သူတွေ ညပိုင်းစီးနင်းမှု အဆင်ပြေအောင် ည ၁၀ နာရီအထိ ယာဉ်လိုင်းများ အားလုံး ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်။ ခရီးသည်တွေ အိမ်ပြန်ခရီးမှာ ကားမရှိတော့လို့ ကားကြော ပြတ်နေတယ်လို့ ခရီးသည်တွေဆီက ပြန်ကြားနေရတယ်။ ဒါက ယာဉ်စီးရေတွေ များလာရင် အဆင်ပြေနိုင်မှာ ဖြစ်သလို ည ၁၀ နာရီအထိ ပြေးပေးလိုက်ရင်လည်း ဒီအခက်အခဲက ဖြေရှင်းနိုင်မှာဖြစ်တယ်။ ခရီးသည်တင် ယာဉ်လိုင်းတွေ ည ၁၀ နာရီအထိ ပြေးဆွဲတာကို မတ်လမှာစနိုင်အောင် လုပ်ဆောင်နေပါတယ်။ အခု ယာဉ်လိုင်းတာဝန်ခံတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီ။ မကြာခင်အချိန်မှာ ဘယ်လမ်းကြောင်းကို YBS ယာဉ်လိုင်းနံပါတ်က ဦးစားပေး ဆောင်ရွက်မယ်ကို အသေးစိတ် ထုတ်ပြန်ပေးမယ်။ အခုက ယာဉ်လိုင်း အားလုံး ည ၁၀ နာရီအထိ မပြေးတာ မဟုတ်ဘူး။ အများပိုင်ယာဉ်လိုင်း ကုမ္ပဏီလက်အောက်က လိုင်းတွေက အများစုပြေးနေကြတယ်။ သို့သော် မပြေးတဲ့လိုင်းတွေလည်းရှိနေလို့ တစ်ပြေးညီဖြစ်အောင် ဆောင်ရွက်မှာဖြစ်တယ်။ ကြားကားများ ပပျောက်ဖို့က ယာဉ်စီးရေ တိုးလာဖို့ လိုအပ်တယ်။ အများပိုင်ယာဉ်လိုင်း ကုမ္ပဏီ ဖွဲ့စည်းနိုင်ဖို့လည်း လိုအပ်နေပါတယ်။ လက်ရှိယာဉ်စီးရေ ၁၀၀၀ ကျော် ထပ်တိုး ပြေးဆွဲဖို့လည်း ရှိနေပါပြီ။

“ဂိတ်ဆုံးမပြေးဘဲ လမ်းမှာတင် အထိုင်ချပြီး အောက်ဆိုက်ကားအနေနဲ့ ငွေပိုယူနေတာတွေက မဖြစ်သင့်ပါဘူး”
ကိုမင်းလတ်နောင် (ခရီးသွားပြည်သူ) 

ကျွန်တော့်အမြင်အရဆို ည ၁၁ နာရီလောက်အထိကို ပြေးဆွဲပေးသင့်ပါတယ်။ ဒါပေမဲ့ တစ်ဖက်က ကားမောင်းသူတွေဘက်ကကြည့်ရင် အလုပ်ချိန် အရမ်းများနေတယ်။ ဒါကိုလေ့လာကြည့်ရင် ကား ကုမ္ပဏီတွေရဲ့ စီမံခန့်ခွဲမှုကို စောင့်ကြည့်ရမယ်။ သူတို့ ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတာမျိုးပေါ့လေ။ လူတစ်ယောက်က အလုပ်ချိန် အရမ်းများနေတယ်၊ အိပ်ရေး မဝတာမျိုးတွေကနေ စိတ်အခြေအနေကို မထိန်းသိမ်းနိုင်တာတွေ၊ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်။ တကယ်လို့ စီမံခန့်ခွဲမှု ကောင်းကောင်းနဲ့ အကျိုးစီးပွားလည်း ရှိရမယ်၊ ခရီးသွားပြည်သူတွေ အဆင်ပြေ ချောမွေ့အောင်လည်း ဝန်ဆောင်မှုကောင်းတွေ ပေးလာမယ်ဆို ကြိုဆိုရမယ့်အရာပါ။ အဓိက ပြောချင်တာက စီမံခန့်ခွဲမှုပါ။ ကားသမားတွေလည်း အလုပ်ချိန် သက်သက်သာသာနဲ့ အဆင်ပြေရမယ်။ ခရီးသွားတွေလည်း ညဘက် ကားမရှိတာမျိုး မဖြစ်ပေါ်အောင် စီမံနိုင်မယ်ဆိုရင် အတိုင်းထက်အလွန် ကြိုဆိုပါတယ်။ ကျွန်တော်တို့ မြင်ရတာတော့ ဒီလိုမဟုတ်ဘူး။ ဥပမာ- ည ၉ နာရီအထိ ဆွဲပေးမယ်ပြောရင် ၈ နာရီကျော်၊ ၉ နာရီအကြားမှာ ကားတစ်စီး ထားမယ်။ ၆ နာရီနဲ့ ၈ နာရီကြားမှာ ကားဆက်ပြတ်ပြီး ဂိတ်ဆုံးမပြေးဘဲ လမ်းမှာတင် အထိုင်ချပြီး အောက်ဆိုက်ကားအနေနဲ့ ငွေပိုယူနေတာတွေက မဖြစ်သင့်ပါဘူး။ ကျွန်တော်ပြောချင်တာကတော့ နေ့နဲ့ ည ၂ ဆိုင်းအဖြစ်နဲ့ ည ၁၁ လောက်အထိ ပြေးဆွဲပေးဖို့ ပြောချင်ပါတယ်။

“ရုံးတက် ရုံးဆင်းချိန်တွေမှာ ယာဉ်အရေအတွက် ပိုမိုပြေးဆွဲပေးဖို့လည်း လိုအပ်ပါလိမ့်မယ်” 
ဒေါ်ဝင်းမင်းအေး ( ပြည်သူတစ်ဦး) 

YBS ယာဉ်လိုင်းတွေ အရင်က ည ၈ နာရီအထိပဲ ပြေးဆွဲပေးခွင့်ပြုရာကနေ အခု ၁၀ နာရီအထိ ပြေးဆွဲခွင့်ပြုပေးမယ် ဆိုတာကို မူအားဖြင့် ကြိုဆိုပါတယ်။ ရန်ကုန်လို ၂၄ နာရီ သက်ဝင်လှုပ်ရှားနေတဲ့မြို့မှာ ဖြစ်နိုင်ရင် အများပြည်သူသုံး လိုင်းကားတွေကို နေ့ဒရိုင်ဘာ၊ ညဒရိုင်ဘာနဲ့ ၂၄ နာရီ ပြေးဆွဲပေးမယ်ဆို ပြည်သူတွေ သွားရေးလာရေးအတွက် အင်မတန် အထောက်အကူ ဖြစ်မှာပါ။ အစိုးရအနေနဲ့ အချိန်ကို တိုးချဲ့တာနဲ့အတူ အခြားကိစ္စရပ်တွေကိုပါ ပူးတွဲ ကြပ်မတ်ပေးဖို့တော့ လိုပါလိမ့်မယ်။ ယာဉ်မောင်းတွေ မူးယစ်သောက်စားထားခြင်း မရှိဖို့၊ သတ်မှတ်ငွေကြေးထက် ပိုမကောက်ဖို့၊ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ပြေးဆွဲပေးဖို့ စတဲ့အချက်တွေကို ကြပ်မတ်ပေးဖို့ပါပဲ။ ယာဉ်ပြေးဆွဲချိန် တိုးချဲ့သလို ရုံးတက်ရုံးဆင်းချိန်တွေမှာ ယာဉ်အရေအတွက် ပိုမိုပြေးဆွဲပေးဖို့လည်း လိုအပ်ပါလိမ့်မယ်။ နောက်ပြီး မှတ်တိုင်ပတ်ဝန်းကျင်မှာ ရာဇဝတ်မှုတွေ မဖြစ်ပွားအောင် ကြိုတင်စီမံထားဖို့လည်းလိုမယ်။ အကြောင်း တစ်စုံတစ်ရာရှိပါက တိုင်ကြားနိုင်မယ့် နေရာ၊ ဖုန်း နံပါတ်တွေကိုပါ ပံ့ပိုးပေးမယ်ဆို ပြည်သူတွေအတွက် လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်လို့ အကြံပြုချင်ပါတယ်။

ခိုင်ချယ်ရီထွန်း

  • TAGS