News

POST TYPE

AUTOMOBILE

ဆူးလေ - လေဆိပ် YBS
19-Feb-2018
“ဆူးလေ - ရန်ကုန် လေဆိပ်ကို ယာဉ်စီးရေ ၅၀ နဲ့ ပြေးဆွဲမှာပါ” 
ဦးထွန်းတောက်ဝင်း (Omni Focus ကုမ္ပဏီ၊ အုပ်ချုပ်မှု ဒါရိုက်တာ)

ဆူးလေနဲ့ ရန်ကုန်လေဆိပ်ကို တိုက်ရိုက်ပြေးမယ့် အမြန်ယာဉ်လိုင်းက မတ်လဆန်းမှာ ပြေးနိုင်အောင် ဆောင်ရွက်နေတယ်။ လက်ရှိ အခက်အခဲက အဓိကအနေနဲ့ပြောရရင် ယာဉ်မောင်းတွေ မရှိသေးလို့။ ဒီလိုင်းအတွက် ယာဉ်မောင်းကောင်းတွေ ရှာနေတာပါ။ လာလျှောက်တဲ့ယာဉ်မောင်းက အယောက် ၂၀ လောက်ရှိပါတယ်။ သူတို့တွေကို သေချာစိစစ်ရွေးချယ်ပြီး ခန့်အပ်သွားမှာ ဖြစ်တယ်။ လေဆိပ်ကိုပြေးဆွဲတာဖြစ်လို့ ဝန်ဆောင်မှုအပိုင်းကို ဦးစားပေး ဆောင်ရွက်နေတာပါ။ နိုင်ငံခြားသား ခရီးသွားတွေပါ သေချာစီးနိုင်အောင် စီမံနေတယ်။ ဘတ်စ်ကား မှတ်တိုင်အနေနဲ့ ၁၀ ခုထားရှိမယ်လို့ ခန့်မှန်းထားတယ်။ အခုနေတော့ တစ်ရက်တာမှာ ယာဉ် ဘယ်အချိန် စပြေးမယ်၊ နောက်ဆုံး ဘယ်အချိန်အထိ ပြေးမယ်ဆိုတာ၊ ဘယ်ရက် စပြေးမယ်ဆိုတာရယ်ကို မသတ်မှတ်သေးဘူး။ ရက်နီးတဲ့အခါ ရက်တွေ၊ အချိန်တွေကို အတိအကျ ပြောပေးပါမယ်။ လမ်းကြောင်းအနေနဲ့တော့ ဆူးလေ-ရန်ကုန် လေဆိပ်ကို ယာဉ်စီးရေ ၅၀ နဲ့ ပြေးဆွဲမှာပါ။ ကမ္ဘာအေးဘုရားလမ်းကြောင်းအတိုင်း ပြေးမှာဖြစ်ပါတယ်။

“လေဆိပ်ကို သွားကြိုတဲ့လူတွေ အတွက်ကတော့ တော်တော်လေး အဆင်ပြေသွားလိမ့်မယ်” 
ကိုမင်းသူကျော် (ခရီးသည်)

ကောင်းတဲ့အချက်အနေနဲ့ ပြောရရင် ကားမရှိတဲ့လိုင်းမှာ ကားဆွဲပေးတာတော့ အဆင်ပြေတယ်။ လေဆိပ်ကို သွားကြိုတဲ့လူတွေ အတွက်ကတော့ တော်တော်လေး အဆင်ပြေသွားလိမ့်မယ်။ လေဆိပ်ဘက်မှာ အလုပ်လုပ်တဲ့သူတွေအတွက် အဆင်ပြေမယ်။ မကောင်းတဲ့အချက်ရယ်လို့တော့ မဟုတ်ဘူး။ အဆင်မပြေတဲ့အချက်ကတော့ ရှိနေဦးမယ်။ ခရီးသွားတွေအနေနဲ့ လေဆိပ် အသွား အပြန် Luggage တွေသာပါမယ်ဆို လမ်းစီးခရီးသည်ရယ်၊ တကယ်သာ YBS ကို အားကိုးမယ်ဆိုတဲ့ ခရီးသွားတွေရယ် တိုးတဲ့အချိန်မှာ ကားပေါ်မှာ တော်တော်လေး ဒုက္ခရောက်မယ်။ မြို့ထဲကကားတွေလို အပြည့် တင်မယ်ဆိုရင်ပေါ့ဗျာ။ သူ့ရဲ့ထိုင်ခုံအတိုင်း အတိအကျတင်မယ်ဆိုရင်တော့ ဒီပြဿနာက မရှိလောက်တော့ဘူးပေါ့။ Hand Carry လောက်နဲ့ပဲ ခရီးသွားတတ်တဲ့ သူတွေအတွက်လည်း ကောင်းကျိုးကတော့ ရှိနေမှာပဲ။ ယာဉ် စည်းကမ်း လမ်းစည်းကမ်းနဲ့အညီ မောင်းမယ်၊ လုံခြုံမှု အပြည့်အဝ ပေးနိုင်မယ်၊ သက်သောင့်သက်သာ ဖြစ်စေမယ်ဆိုရင်တော့ ဘယ်လိုင်းတိုးတိုး ကောင်းကျိုးတွေပဲ ဖြစ်လာဖို့ များပါတယ်။

“အိတ်လေးပြင်ပြီး ကားဂိတ်ထွက် စောင့်နေရုံပဲ”
ကိုရဲမျိုးအောင် (ခရီးသည်)

ဆူးလေကနေ လေဆိပ်အထိ YBS ပြေးဆွဲပေးသွားမယ်ဆိုတော့ ကားလမ်း အဆင်ပြေရင်တော့ ကောင်းမယ်ထင်တယ်။ ဒါပေမဲ့ လေဆိပ်သွားတဲ့သူ အများစုက အိတ်တွေ ပါတဲ့အတွက် တက္ကစီနဲ့ပဲ သွားကြတာများတယ်။ လမ်းကြောင်းက လူတချို့အတွက်ပဲ လိုမယ်ထင်တယ်။ လေယာဉ်ချိန်မီဖို့ကျ အထုပ်အပိုးတွေနဲ့ဆိုတော့ သိပ်တော့ စီးဖြစ်မယ် မထင်ဘူး။ ဝန်ဆောင်မှုတွေမှာ ကားဂိတ်ကနေ ပြေဆွဲပေးတဲ့ကားတွေလို စီစဉ်နိုင်မှရမယ်။ အိတ်တွေထားနိုင်ဖို့ လူတွေ သေချာစိစစ်ဖို့။ ဂိတ်တစ်ခုရပ်ရင် အချိန် ပေးရမယ်။ သာမန်ဘတ်စ်တွေလို လုပ်လို့တော့ မရလောက်ဘူးထင်တယ်။ အားလုံးက အထုပ်အပိုးနဲ့လာမှာဆိုတော့ ဒရိုင်ဘာ ကောင်းဖို့အပြင် စပယ်ယာလေးတစ်ယောက်လောက်တော့ လိုမယ်ထင်တယ်။ စီးမယ့် အထဲမှာ နိုင်ငံခြားသားတွေလည်း ပါလာနိုင်တယ်ဆိုတော့ ပစ္စည်းပျောက်တာတို့ ပြုတာတို့ဆို ရှက်စရာ ကောင်းတယ်။ ဒါက ကြိုတွက်ထားရမယ်။ စနစ်တကျနဲ့ ပြေးဆွဲနိုင်ရင် ကောင်းပါတယ်။ တက္ကစီခသက်သာ သွားမယ်။ ကျွန်တော်တို့လို သာမန် ဝန်ထမ်းတွေအတွက် ပိုကောင်းတာပေါ့။ အိတ်လေးပြင်ပြီး ကားဂိတ် ထွက်စောင့်နေရုံပဲ။ စပယ်ယာက အိတ်တွေနေရာ စီစဉ်ပေးမယ်။ ကိုယ်က ကားပေါ်မှာ မတ်တတ်ရပ်လိုက်ရလည်း ပြဿနာမရှိဘူး။

ခိုင်ချယ်ရီထွန်း