News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ဒေါင်းဝေနှင့် တွေ့ဆုံခြင်း
19-Feb-2018


“ကျွန်တော်က ကားဆို အမည်းကို ပိုကြိုက်တယ်”

ဒီတစ်ပတ်ရဲ့ Celebrities' Choice ကဏ္ဍမှာတော့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဒေါင်းဝေနဲ့ တွေ့ဆုံပြီး ကားနဲ့ပတ်သက်တဲ့ အကြောင်းလေးတွေ မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
DW : လက်ရှိစီးနေတာက Swift 2012 စီးနေပါတယ်။

Voice : ဝယ်ထားတာရော ကြာပြီလား။
DW : ဝယ်ထားတာ တစ်နှစ်၊ ၂ နှစ်လောက်တော့ ရှိပြီ။ ဒီကားလေးပဲ ဆက်စီးဖြစ်နေတာ။ ခရီးဝေးသွားလည်း ဒီကားလေးက အဆင်ပြေတယ်။ တစ်နိုင်ငံလုံးပတ်ပြီး သီချင်းဆိုတယ်။ ကားရိုက်တယ်ဆိုတော့ အဆင်လည်းပြေတယ်။ ဒီနေ့အထိ ဘာမှခြွင်းချက်မရှိဘူး။ ဒါကြောင့် ဒီကားလေးက ကိုယ့်အပေါ်ကောင်းနေတာနဲ့ မလဲဖြစ်တာ။

Voice : ဒီကားရဲ့အားသာချက်ကရော ဘာတွေရှိလဲ။
DW : သူ့ရဲ့အားသာချက်ကတော့ ဟိုင်းဝေးဆိုလည်း ကျွန်တော် အရှိန် ၁၂၀ လောက်နဲ့မောင်းလည်း အဆင်ပြေတယ်။ ငြိမ်နေတာပဲ။ 

Voice : ကားနဲ့ပတ်သက်ပြီး ခရေဇီဖြစ်တာမျိုးရော ရှိလား။
DW : ကားနဲ့ပတ်သက်ပြီး ခရေဇီဖြစ်တာတော့ အရောင်ပါ။ ကျွန်တော်က ကားဆို အမည်းကိုပိုကြိုက်တယ်။ ပြီးရင်လည်း ကားထဲမှာ အတွင်းခန်းလေး အလှဆင်တာတို့လည်း သဘောကျတယ်။

Voice : ကားထဲမှာကျတော့ရော ဘယ်လိုဆင်ဖြစ်တာများလဲ။ 
DW : ကားထဲမှာဆို ကားကို ထိုင်ခုံအစွပ်ကအစ အမည်းရောင်ပဲ စွပ်ထားတယ်။ သန့်ရှင်းရေးလည်း အမြဲတမ်းလုပ်ဖြစ်တယ်။ နှစ်ရက်ခြားတစ်ခါ တစ်ပတ်တစ်ခါတို့ ကားအတွင်းခန်းလေး အနံ့မွှေးမွှေးလေးဖြစ်နေတာ သဘောကျတယ်။ 

Voice : ခုနောက်ပိုင်းမှာ မော်တော်ယာဉ်တွေအားလုံး ဘယ်မောင်းတွေပဲ တင်သွင်းရတော့မယ်ဆိုတဲ့အပေါ်ရော ဘယ်လိုမြင်လဲ။ 
DW : အမြင်ကတော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ယာဉ်လမ်းအနေအထားတွေက မှားနေလို့ တစ်ဖက်ယာဉ်ကြောကို လမ်းအနေအထားနဲ့ ကြည့်ရတာက သိပ်အဆင်မပြေဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ညာပဲမောင်းလာတာဆိုတော့ ရုတ်တရက်ပြောင်းလိုက်မယ်ဆို အဆင်မပြေလောက်ဘူး။ ကွေ့တွေဘာတွေကျရင်တော့ အရှိန်ကို ဂရုစိုက်ရတယ်။ 

Voice : ကားဆို ဘယ်လိုအမျိုးအစားမှဆိုပြီး သတ်မှတ်ထားတာမျိုးရှိလား။
DW : အဲဒီလိုမျိုးရယ်တော့ မသတ်မှတ်ထားပါဘူး။ ကိုယ်နဲ့အဆင်ပြေတယ်၊ ခဏခဏ မပြင်ရဘူး၊ အဲဒီလိုဆို သဘောကျတယ်။ 

Voice : ကိုယ်တိုင်လည်း မောင်းနေတာဆိုတော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။ 
DW : ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်မှုက များနေတာတော့ များနေတာပဲ။ အဓိကကကတော့ သူဟာနဲ့သူ ကြပ်ကြပ်မတ်မတ်လုပ်ရင်တော့ လိုက်နာလာကြမှာပါ။ ဒါပေမဲ့ တစ်ခါဖမ်းလိုက်၊ မဖမ်းလိုက်နဲ့လုပ်နေတာတွေ၊ အခုဆို မြို့လယ်ကောင်မှာတောင် ဆိုင်ကယ်တွေစီးနေတာ။ အဲဒါကျတော့ မဖမ်းတော့ဘူးလား။ ဥပဒေက ဥပဒေပဲ။ တိတိကျကျမလုပ်ရင် မရဘူး။ လိုင်းကားတွေဆိုလည်း အဲဒီလိုပဲ။ အတင်းလုမောင်းနေတာ။ သူတို့ပဲ ရှောင်နေရတာ။ သူတို့ပဲ ကြောက်နေရတာ။ တစ်ခါတလေ ယာဉ်စည်းကမ်းဖောက်ဖျက်တာကို ယာဉ်ထိန်းရဲတစ်ယောက်လုံးရှိနေတာတောင် မဖမ်းဘူးဆိုတော့လည်း ရန်ကုန်မြို့တွင်းမှာ ဆိုင်ကယ်က တရားဝင်စီးခွင့်ပြုလိုက်ပြီလားလို့ မေးချင်ပါတယ်။

ခိုင်ချယ်ရီထွန်း