News

POST TYPE

AUTOMOBILE

ရန်ကုန်မှာ ယာဉ်မတော်တဆမှု ပိုများလာသလား
12-Sep-2016
ရန်ကုန်မြို့တော်တွင် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်နေသည့် အကြောင်းအရင်းများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းအချို့ကို လမ်းအသုံးပြုသူ ပြည်သူများနဲ့ ယာဉ်မောင်းအချို့၏ အမြင်များကို စုစည်းဖော်ပြအပ်ပါသည်။

“ကျွန်တော်တို့ဘက်က ဝန်ထမ်းတွေ တိုးချဲ့ထားမယ် ဆိုရင်တောင် ယာဉ်မောင်းသူတွေ အနေနဲ့ စည်းကမ်းကို ကိုယ်ကိုယ်တိုင် မလိုက်နာဘူး ဆိုရင်တော့ ခုလိုပဲ ယာဉ်တိုက်မှုတွေက ဖြစ်နေမှာပဲ”
တပ်ကြပ်ကြီး ခင်မြင့်မောင် (ယာဉ်ထိန်းရဲ)

ယာဉ်တိုက်မှုတွေ များလာလား၊ နည်းလားဆို အစ်ကို မြင်နေရတာကတော့ လက်ရှိမှာ များလာတာကို တွေ့ရပါတယ်။ များလာတယ်ဆိုတဲ့အတွက် ဘာပဲဖြစ်ဖြစ် ယာဉ်မောင်းသူတွေ အနေနဲ့ကတော့ ကားကို မောင်းနှင်တဲ့နေရာမှာ စည်းကမ်းတကျတော့ မောင်းနှင်ဖို့လိုမယ်။ ကားက အရမ်းများတယ်။ ကားအရမ်းကျပ်တယ် ဆိုပြီးတော့ မဆင်မခြင် မောင်းနှင်တဲ့သူတွေကြောင့် ယာဉ်တိုက်မှုတွေ ဖြစ်နေတာလည်း ပါတယ်။ လက်ရှိမှာတော့ ကားတွေ နည်းနည်းများလာလို့ ယာဉ်တိုက်မှုတွေတော့ များလာတာပေါ့နော်။ အဓိက ပြဿနာကတော့ ယာဉ်မောင်းတွေက ကားတွေ အရမ်းကျပ်လာရင် စိတ်ကမရှည်ကြတော့ဘူး။ စိတ်မရှည်တော့ စွတ်မောင်းကြတာ၊ မဆင်မခြင် မောင်းနှင်ကြတာပေါ့နော်။ အဲဒီလိုလူတွေကြောင့် ယာဉ်တိုက်မှုတွေ ဖြစ်တော့တာ။ 

နောက်တစ်ခုက နေ့ခင်းဘက်မှာ ကားတွေအရမ်းကျပ်လို့ မောင်းနှင်ကြတာ ရှိသလို ညပိုင်းကျတော့ ယာဉ်ကြောရှင်းလို့ဆိုပြီး အရှိန်တင်ပြီး မောင်းတဲ့သူတွေလည်း ရှိတယ်။ အဲဒီလိုဆိုတော့ ယာဉ်တိုက်မှုတွေက ဖြစ်နေဦးမှာပဲ။ ဒါကြောင့် နေ့ခင်းဘက်မှာပဲဖြစ်ဖြစ်၊ ညဘက် ကားမောင်းတဲ့အခါမှာ ဖြစ်ဖြစ် ကိုယ့်စည်းကမ်းနဲ့ကိုယ် မောင်းနှင်မယ်ဆို ယာဉ်တိုက်မှုတွေ လျော့ကျလာနိုင်ပါတယ်။ 

ကျွန်တော်တို့ အနေနဲ့ကတော့ ယာဉ်တိုက်မှုတွေ လျော့ကျလာအောင် အများပြည်သူ ခရီးသွားလာရေးအတွက် လွယ်ကူချောမွေ့အောင်ဆိုတာ ယာဉ်ကြောကျပ်တည်းတဲ့ နေရာတွေမှာ ကျွန်တော်တို့ အဖွဲ့ဝင်တွေက ကောင်းကောင်း ဆောင်ရွက်ပေးနေပါတယ်။ လက်ရှိမှာ ကားတွေကလည်း များလာတဲ့အတွက် ကျွန်တော်တို့ ဝန်ထမ်းတွေလည်း တိုးချထားနေတာပဲ။ တိုးချဲ့နေတယ် ဆိုပေမယ့် တချို့နေရာတွေမှာ အင်အားတော့ လိုတာပဲ။ ကျွန်တော့်တို့ဘက်က ဝန်ထမ်းတွေ တိုးချဲ့ထားမယ် ဆိုရင်တောင် ယာဉ်မောင်းသူတွေ အနေနဲ့ စည်းကမ်းကို ကိုယ်ကိုယ်တိုင် မလိုက်နာဘူး ဆိုရင်တော့ ခုလိုပဲ ယာဉ်တိုက်မှုတွေက ဖြစ်နေမှာပဲ။ ဘာပဲဖြစ်ဖြစ် တပ်ဖွဲ့ဝင်တွေ အနေနဲ့ကလည်း တပ်ဖွဲ့ဝင်တွေ တိုးချဲ့နေသလို ယာဉ်မောင်းသူတွေ အနေနဲ့လည်း စည်းကမ်းတကျ မောင်းနှင်မယ်ဆို ယာဉ်တိုက်မှုတွေ လျော့ကျလာနိုင်ပါတယ်။ ကိုယ်ပိုင်ကားမောင်းတဲ့သူပဲဖြစ်ဖြစ်၊ လိုင်းကားမောင်းတဲ့သူပဲဖြစ်ဖြစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလေးတွေကို လိုက်နာပြီးတော့ မောင်းတာ အကောင်းဆုံးပါ။ 

တချို့လိုင်းကားတွေကျတော့ မော်တော်ပီကယ် ရှိတဲ့ နေရာလောက်ပဲ စည်းကမ်းတကျမောင်းပြီး လစ်ရင်လစ်သလို စည်းကမ်း ဖောက်ဖျက်နေတာလေးတွေ ရှိတယ်။ အဲဒီအတွက် ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ အနေနဲ့ တာဝန်ကျတဲ့ နေရာတွေမှာ ပြည်သူကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနေသလို လိုင်းကားသမားတွေ အနေနဲ့ ကိုယ်ပိုင်စည်းကမ်းလေးတွေ လိုက်နာဖို့တော့ လိုမယ်လို့ ထင်ပါတယ်။

ကျွန်တော်အနေနဲ့ကတော့ ယာဉ်မောင်းတွေ အကုန်လုံးကို မှာချင်တာက ကားကျပ်တယ်ဆိုတဲ့ Feeling ကြီး မထားဘဲနဲ့ အများသူငါ သွားလာနေတဲ့ လမ်းပေါ်မှာ ကားဆိုတာ လူတိုင်း အသုံးပြုလာနိုင်ပြီ။ အဲဒီအပေါ်မှာ ကားကျပ်တယ်ဆိုတဲ့ အမြင်မျိုးမထားဘဲ အကုန်လုံး ကျပ်နေကြတာပဲ။ အစိုးရအနေနဲ့ကလည်း တံတားတွေဆောက်၊ လမ်းတွေချဲ့ပြီး ယာဉ်ကြောကျပ်တည်းမှုကို ပြေလျော့နိုင်ဖို့ ကြိုးစားနေကြတာပဲ။ အဲဒါကြောင့် အကုန်လုံး ဝိုင်းဝန်းကူညီကြပါလို့ တိုက်တွန်းချင်ပါတယ်။ 

“အခုယာဉ်တိုက်မှုတွေ ဖြစ်နေတာက ယာဉ်ကြောကျပ်တည်းပြီး ယာဉ်မောင်းတွေရဲ့ စိတ်တွေက မရှည်ဘဲ စိတ်တိုစိတ်ဆတ်ပြီး ရမ်းကားမောင်းနှင်မှုတွေကြောင့်လည်း ယာဉ်တိုက်မှုတွေ များပြားလာတယ်လို့ ထင်ပါတယ်”
ဦးညွန့် (ခရီးသည်)

ယာဉ်တိုက်မှုတွေ များနေတော့ ကြောက်မိပါတယ်။ လမ်းပေါ်ထွက်ရင်တောင် သိပ်ပြီးမလုံခြုံဘူး။ ဒီလိုဖြစ်နေတာတွေ နည်းသွားအောင်လို့ ဆိုရင် ကားတွေကို စည်းကမ်းတကျ မောင်းစေချင်ပါတယ်။ အခု လမ်းတွေပေါ်မှာ မောင်းနေတဲ့ ကားတွေက စည်းကမ်းမရှိဘူးလေ။ လုယက်မောင်းနေကြတာ။ ကျော်တဲ့ကားက ကျော်တက်နဲ့ တော်တော်ဆိုးဆိုး မောင်းနေကြတာ။ ဒီလိုမျိုး လုယက်ကျော်တက်ပြီး မောင်းနှင်ခြင်းတွေ မဖြစ်နိုင်အောင်လို့ YBRT (ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီ) လို အများပိုင် ကုမ္ပဏီတွေ ပေါ်ထွက်လာဖို့ လိုပါတယ်။ ဒါမှလည်း စည်းကမ်းတကျ မောင်းနှင်မှုတွေ ပြုလုပ်လာနိုင်မှာပါ။ ဒီလိုတွေ ထူထောင်ပေးမယ်ဆိုရင် အခုလက်ရှိဖြစ်နေတဲ့ ယာဉ်ကြောကျပ်တည်းမှုတွေ၊ ယာဉ်တိုက်ခိုက်မှုတွေ များလာတာတွေကို အကုန်လုံး မဖြေရှင်းနိုင်ပေမယ့် လျော့သွားမယ်လို့ ထင်ပါတယ်။ 

ပြီးတော့ အခုလက်ရှိ လမ်းမတွေကြောင့်လည်း ယာဉ်တိုက်မှုတွေက တစ်နေ့ထက်တစ်နေ့ များပြားလာရတာပါ။ အခု (ရန်ကုန်မြို့) လမ်းတွေကကျဉ်းပြီး ကားကများနေတယ်လေ။ အဓိကလမ်းတွေက တော်တော်ကျဉ်းနေတယ်လို့ ခံစားရတယ်။ ကျဉ်းတာက လမ်းမကြီးတွေက ပိုကျဉ်းမယ်ထင်တယ်။ ကားနဲ့လမ်းနဲ့က မမျှဘူး။ အခုယာဉ်တိုက်မှုတွေ ဖြစ်နေတာက ယာဉ်ကြောကျပ်တည်းပြီး ယာဉ်မောင်းတွေရဲ့ စိတ်တွေက မရှည်ဘဲ စိတ်တိုစိတ်ဆတ်ပြီး ရမ်းကားမောင်းနှင်မှုတွေကြောင့်လည်း ယာဉ်တိုက်မှုတွေ များပြားလာတယ်လို့ ထင်ပါတယ်။ ဒီအကြောင်းက အကုန်လုံး မဟုတ်ရင်တောင် နည်းနည်းတော့ ပါပါတယ်။                            

“ကားတွေလည်း များလာတဲ့အတွက် လူတွေက အချိန်တွေလုမယ်။ အတ္တတွေကြီးလာတော့ စည်းမဲ့ကမ်းမဲ့တွေ များလာတယ်။ အဲဒီလိုတွေကြောင့် ယာဉ်တိုက်မှုတွေ အဖြစ်များလာတာပါ”
ဦးညွန့်လှိုင် (အငှားယာဉ်မောင်း)

လက်ရှိယာဉ်တိုက်မှုတွေ ဖြစ်နေတယ် ဆိုတာက မဆင်မခြင် မောင်းနှင်သူတွေကြောင့် အဓိကဖြစ်တာ များတာပေါ့နော်။ နောက်တစ်ခုက အတ္တတွေ ကြီးလာတာလည်း ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အလျှော့ပေးမယ်၊ သည်းခံမယ်ဆိုတဲ့စိတ် မထားကြတော့ဘူး။ အဲဒီလို ဖြစ်နေတဲ့အတွက် ယာဉ်တိုက်မှုတွေ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတယ် မြင်တာပဲ။ ယာဉ်တိုက်မှုဖြစ်ရင် အဓိကက လူငယ်တွေ အဖြစ်များတယ် ဆိုပေမယ့် တစ်လောက စစ်တမ်းတွေ ထုတ်လိုက်တာ ဖတ်ရတာတော့ အသက်လေးဆယ်လောက်တွေ အဖြစ်များတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဦးတို့ ဒီအသက်အရွယ်တွေကျတော့ ကိုယ့်အသိတရားကိုက ဆင်ခြင်ပြီး မောင်းပါတယ်။ ဦးလေးတို့ကျ အသက်နှစ်ဆယ်၊ သုံးဆယ်ဝန်းကျင် အရွယ်တွေ တွေ့ရင် ဆင်ဆင်ခြင်ခြင်မောင်းဖို့ ဆုံးမရတယ်။ တစ်ယောက်က ခေါင်းထိုးဝင်လိုက်လို့ မင်းအတွက် ဘယ်လောက်နစ်နာမှာမို့လို့လဲ။ ရပ်ပေးလိုက်၊ ဟပေးလိုက်။ တချို့က လမ်းမှန်တယ်ဆိုပြီး အသားကုန် မောင်းကြတော့တာ။ ဦးရဲ့ခံယူချက်ကတော့ တစ်နေ့ Taxi မောင်းတာ ကိုယ့်အတွက် သိန်းနဲ့လည်း ချီမရဘူး။ သောင်းနဲ့လည်း ချီမရဘူး ဆိုပြီး လျှော့ပေးလိုက်တယ်။ 

ယာဉ်တိုက်မှုတွေ အဖြစ်များတာက ညပိုင်းတွေမှာဆို Taxi တွေ အဖြစ်များတာ တွေ့ရတယ်။ အဲဒီလို ဖြစ်တာမှာ ၇၅ ရာခိုင်နှုန်းက လူငယ်တွေ ဖြစ်တာ များတယ်။ မီးဝါ၊ မီးနီဖြတ်တယ်။ ဦးတို့ဆို ညပိုင်းမောင်းတယ်ဆို ကိုယ်ဖြတ်ရမယ့်ပွိုင့် မီးစိမ်းရင်တောင် ချက်ချင်းမဖြတ်သေးဘူး။ မီးနီက ဖြတ်လာမယ့်ကားကို စောင့်သေးတယ်။ ရှေ့မှာဖြစ်နေတာတွေ ကြုံနေရတော့။ အခုက ကားတွေလည်း များလာတဲ့အတွက် လူတွေက အချိန်တွေလုမယ်။ အတ္တတွေ ကြီးလာတော့ စည်းမဲ့ကမ်းမဲ့တွေ များလာတယ်။ အဲဒီလိုတွေကြောင့် ယာဉ်တိုက်မှုတွေ အဖြစ်များလာတာပါ။ အဓိကကတော့ ကိုယ်မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သည်းခံလိုက်။ သူ အရေးကြီးနေသလား။ သူ့ (တခြားကား) အခြေအနေ တစ်ချက်ကြည့်လိုက်ပေါ့။ ဦးတို့ အခုခံယူထားတာက ကိုယ်ကမှားပြီး မတိုက်သလို မှားပြီးလာ တိုက်မယ့်ကားကိုလည်း ကိုယ်ကရှောင်နိုင်အောင် ကြိုးစားပြီး မောင်းမယ်လို့ ခံယူထားတာ။ လက်ရှိမှာ ယာဉ်တိုက်မှုတွေ ဖြစ်နေတယ်ဆိုတာ စည်းကမ်းမဲ့ မောင်းနှင်တာတွေ များလာလို့ ဖြစ်နေတာကြောင့် လမ်းဆုံနေရာတွေမှာ သတိထားပြီး မောင်းနှင်တာ အကောင်းဆုံးပါလို့ အကြံပေးချင်ပါတယ်။

ဟိန်းမြတ်စိုး၊ ခိုင်ချယ်ရီထွန်း