News

POST TYPE

AUTOMOBILE

မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း (ရန်ကုန်) အထွေထွေအတွင်းရေးမှူး ဦးရန်မျိုးအောင်နှင့်တွေ့ဆုံခြင်း
12-Feb-2018


“သက်တမ်းတိုးကတော့ တစ်ကြိမ်ပဲ။ ဘာလို့လဲဆိုတော့ ၁၀ နှစ်ပြီးရင် နောက်ငါးနှစ်ဆိုတော့ ဒီဘက်မှာ ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေး စီမံချက်ကလည်း နှစ် ၂၀ ရှိတယ်”

ဧပြီလ ၁ ရက်နေ့မှစပြီး ရန်ကုန်လိုင်စင်ကို COE စနစ်ဖြင့် မည်သို့ပြန်ပေးမည်နည်း၊ COE (Certificate of Entitlement) စနစ်ဆိုသည် မည်သို့နည်း စသည်တို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း (ရန်ကုန်) အထွေထွေအတွင်းရေးမှူး ဦးရန်မျိုးအောင်နှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : COE စနစ်အကြောင်းလေး အသေးစိတ် ရှင်းပြပေးပါဦး။
UYMA : COE ဆိုတာ Certificate of Entitlement လို့ ခေါ်တာပေါ့။ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ စင်ကာပူနိုင်ငံတွေမှာ ဒီစနစ်ကိုသုံးပါတယ်။ မော်တော်ယာဉ်တစ်စီးရဲ့ နှစ်သက်တမ်း သတ်မှတ်လိုက်တာပေါ့။ အခုဆိုရင်လည်း မြန်မာနိုင်ငံက ဒီစနစ်ကို ကျင့်သုံးနေတာပေါ့။ ၂၀၁၈ ခုနှစ်မှာဆိုရင် လွန်ခဲ့တဲ့ ငါးနှစ်ကထုတ်ခဲ့တဲ့ကားတွေကို တင်သွင်းခွင့်ပြုတယ်ဆိုတာ ဟိုးတုန်းတည်းက စီမံချက်နဲ့သွားခဲ့တာ။ အခုဆိုရင်တော့ ရောက်လာပြီပေါ့။ ဒီလိုဆိုတော့ COE စနစ်ကို အကောင်အထည်ဖော်လို့ရမယ့် အခြေအနေမှာရှိတယ်။ ပုံသေနံပါတ်လို့ ပြောလို့ရတာပေါ့။ ဥပမာ ကားတစ်စီးက Traffic အတွက်လည်း ကာကွယ်ရာကျတာပေါ့။ ညီလေး ကားတစ်စီးဝယ်မယ်ဆိုရင် နံပါတ်တစ်ခုကို ပုံသေဝယ်လိုက်တာပေါ့။ ဒီနံပါတ်တစ်ခုက ဥပမာ ၁၀ နှစ်ရှိမယ်။ ၁၅ နှစ်ရှိမယ်ပေါ့။ နောက်ထပ် Extension (သက်တမ်းတိုးခွင့်) ငါးနှစ်တိုးခွင့်ရှိမယ်။ ဆိုတော့ ဒီနံပါတ်ရဲ့ ဈေးနှုန်းတစ်ခု ရှိမှာပေါ့နော်။ ညီလေးက ဒီနံပါတ်ကို ဝယ်ပြီးသွားပြီဆိုရင် ညီလေးနံပါတ်ဖြစ်သွားပြီ။ ဒီကားကို COE သက်တမ်းမပြည့်ခင်မှာ ကားလဲမယ်ဆိုရင်လည်း ဒီကားကို သံရည်ကျိုလို့ ရရင်ရမယ်။ တခြားနိုင်ငံကို ရောင်းရင် ရောင်းလို့ရမယ်။ နယ်ကိုပို့ရင် ပို့လို့ရမယ်။ ဒီကားက အခွံကြီးပဲ ထွက်သွားမှာပေါ့နော်။ ကိုယ်က ဒီနံပါတ်ကျန်ခဲ့မယ်။ Showroom က ထပ်ဝယ်မယ်ဆိုလည်း ဒီနံပါတ်ကိုတပ်ပြီးတော့ စီးလို့ရမယ်။ ဒါကို COE လို့ ခေါ်တာပေါ့။ လွယ်လွယ်ပြောရရင်တော့ ပုံသေနံပါတ်တစ်ခုပေါ့။ လူတစ်ယောက်က နံပါတ်တစ်ခု ဝယ်ထားပြီးသွားလို့ရှိရင် ပြီးပြီပေါ့။ 

Voice : အစ်ကိုတို့ COE ကိစ္စလုပ်နေတာ ဘယ်အခြေအနေအထိ ရောက်နေပြီလဲ။
UYMA : COE က လုပ်နေဆဲပဲ။ ဖိုင်နယ်တော့ မထွက်သေးဘူး။ ဒီဧပြီမတိုင်ခင်တော့ ထွက်မှာပေါ့။ 

Voice : ဟိုတစ်လော(ဇန်နဝါရီ ၃၀ ရက်နေ့) က လုပ်တဲ့ အစည်းအဝေးပြီးတည်းက ဆက်မလုပ်တော့ဘူးလား။
UYMA : ဟုတ်တယ်။ အဲဒီဟာပြီးတည်းက ဘာမှထပ်ပြီးတော့ မလုပ်ရသေးဘူး။ မူကြမ်းတော့ ထွက်သွားပြီပေါ့။ အချက်နှစ်ချက်၊ နှစ်ချက်စီလောက်တော့ ပါတာပေါ့နော်။ အဲဒီဟာလေးတွေ (တိုင်းအစိုးရ) ဆုံးဖြတ်ရမယ့်ဟာပေါ့။ အဲဒီဟာလေးတွေ အစ်ကိုတို့အသင်းက ပြန်တင်ထားတယ်။

Voice : မူကြမ်းထွက်ပြီဆိုတော့ အဲဒီအကြောင်းလေး ရှင်းပြပေးပါဦး။
UYMA : မူကြမ်းက ဘယ်လိုမျိုးလဲဆိုတော့ သူ့မှာ Frame (မူဘောင်) ရှိတယ်။ ဥပမာ COE နဲ့ ခွင့်ပြုမယ်ဆိုရင် ရန်ကုန်မှာ တစ်နှစ်ကို မော်တော်ယာဉ် အစီးရေလိုအပ်ချက်ရှိလဲ၊ အဲဒီဟာလေးရှိတယ်။ COE လုပ်တော့မယ်ဆိုရင် COE ကို ဘယ်နှနှစ်ထိ ခွင့်ပြုပေးမလဲ။ နောက်တစ်ခုက COE လျှောက်ထားမှုကို လျှောက်တဲ့အပေါ် မူတည်ပြီးပေးမလား၊ ဒါမှမဟုတ်ရင် အစီးရေသတ်မှတ်ချက်နဲ့ ပေးမလားပေါ့။ အဲဒီလိုမျိုးပါတယ်။ နောက်တစ်ခုက COE ဈေးနှုန်းကို ဘယ်လိုသတ်မှတ်မလဲ ဆိုတာပေါ့။ Fixed Price (ပုံသေဈေးနှုန်း) သတ်မှတ်မလား၊ တစ်စီးကို ဘယ်လောက် ဆိုတာမျိုးပေါ့။ ဒါမှမဟုတ်လည်း လေလံစနစ်နဲ့ သွားမလားပေါ့။ 

Voice : COE စနစ်ကို အသင်းအနေနဲ့ ဘယ်လို အကြံပြုထားတာမျိုးရှိလဲ။ လေလံစနစ်နဲ့ပဲ သွားမလား၊ Fixed Price နဲ့ သွားမလားဆိုတဲ့ နှစ်နည်းမှာပေါ့။
UYMA : အသင်းအနေနဲ့တော့ အစ်ကိုတို့က နှစ်ခုမျှပြီးတော့ တွေးတာပေါ့နော်။ လေလံစနစ်နဲ့ သွားမယ်ဆိုလို့ရှိရင် ဥပမာဆိုရရင် သိန်းတစ်ရာ၊ နှစ်ရာတန် ကားလေးတွေကျတော့ ဈေးမပေးနိုင်ဘူး။ နောက်ပြီးတော့ Lexus တို့လို သိန်းထောင်ချီတန် ကားတွေလည်း ရှိတယ်။ ဒီလိုကားတွေကျတော့ (လေလံ) ဈေးများများပေးပြီး ဝယ်နိုင်တာပေါ့နော်။ မျှတအောင်ဆိုလို့ရှိရင်တော့ Fixed Price က ပိုပြီးတော့ကောင်းမယ်လို့ အစ်ကိုတို့က အကြံပြုထားတယ်။ ပုံသေဈေးနှုန်းနဲ့ပေါ့နော်။

Voice : ဒီမှာက နယ်ကားတွေ၊ လိုင်စင်မဲ့ကားတွေ များနေတယ်။ ပြီးတော့ COE လည်း လုပ်မယ်ဆိုတော့ တိုင်းအစိုးရအနေနဲ့ ဘာတွေလုပ်သင့်လဲ။ ဥပမာနယ်ကားတွေကို နှင်တာတို့ လိုင်စင်မဲ့ကားတွေကို ကြပ်ကြပ်မတ်မတ် ဖမ်းဆီးတာတို့ လုပ်သင့်လား။
UYMA : လုပ်သင့်တာပေါ့။ နောက်ပြီးတော့ ယာဉ်ကြောနဲ့ပတ်သက်တဲ့ အချက်ပြမီးပွိုင့်စနစ်တွေကနေ အကောင်အထည်ဖော်မယ့် ဟာတွေကလည်း ရာနှုန်းပြည့်မပြီးသေးဘူး။ အဲဒီဟာတွေလည်း လိုအပ်ချက်ရှိသေးတယ်။ နောက်တစ်ချက်က Infrastructure (အခြေခံအဆောက်အဦ)ကလည်း တော်တော်လေးလိုသေးတဲ့ အနေအထားမှာရှိတယ်။ အဓိက ဒါတွေကို ပြုပြင်ပြောင်းလဲနိုင်မှသာ ယာဉ်ကြောက လျော့သွားပြီးတော့ ကားအစီးရေထပ်တိုးလို့ရမယ့် အနေအထားမှာရှိတာပေါ့။ YBS ကားတွေကလည်း အရမ်းများလာတဲ့ အနေအထားမှာရှိတယ်။ 

Voice : COE စနစ်နဲ့ ရန်ကုန်လိုင်စင် ပြန်ပေးမှာကတော့ ကျိန်းသေတာပေါ့နော်။
UYMA : သေချာသလောက်တော့ရှိတယ်။ ဒီစီမံချက်ကို Postpone (ရွှေ့ဆိုင်း) လုပ်ထားတာ ၂ နှစ်လောက် ရှိပြီလေ။ နောက်ပြီးတော့ COE စနစ်နဲ့ ရန်ကုန်လိုင်စင်ခွင့်ပြုပေးဖို့ ဆိုပြီးတော့ ပြန်ပြီးတော့ ချပေးထားတယ်ဆိုတော့ ဧပြီ ၁ ရက်နေ့ကိုလုပ်ဖို့ ပြောထားတာတော့ ရှိတယ်။ လက်ရှိအချိန်မှာတော့ ဒီဆွေးနွေးချက်အတိုင်း အောင်မြင်တယ်ဆိုရင်တော့ ဒီဧပြီ ၁ ရက်နေ့မှာ ထွက်လာဖို့ရှိပါတယ်။

Voice : ရန်ကုန်လိုင်စင်ကို COE စနစ်အပြင် ပိုကောင်းမယ့် တခြားနည်းလမ်းများရှိမလား။
UYMA : လက်ရှိကတော့ အခုက ရန်ကုန်လိုင်စင် ခွင့်ပြုထားတာက ယာဉ်အိုယာဉ်ဟောင်းစနစ်ပေါ့။ ဒီစနစ်ဆို ရန်ကုန်လိုင်စင်ရတယ်။ ပြီးတော့ COE သတ်မှတ်ချက်ထဲမှာ ဘာပါလဲဆိုတော့ ယာဉ်အိုယာဉ်ဟောင်းနဲ့ ပတ်သက်တဲ့ လဲလှယ်တဲ့ စီမံချက်ကားတွေ၊ အစိုးရဌာနကားတွေ၊ သာသနာရေး၊ မီးသတ်ကား၊ လူနာတင်ကားတွေကိုတော့ COE လျှောက်ခွင့်မပြုဘူးလို့ အစတည်းက သတ်မှတ်ထားတာပါတယ်။ 

Voice : ဒါဆို စလစ်ကပ်တွေက COE လျှောက်ခွင့် မရှိဘူးပေါ့။
UYMA : ဟုတ်တယ်။ ပြီးတော့ ရှေ့နှစ် (၂၀၁၉ ခုနှစ်) မှာလည်း စလစ်ကို ဖျက်သိမ်းတော့မှာဆိုတော့ Brand New ကားတွေကလည်း ရန်ကုန်လိုင်စင်ရမှ ရောင်းရမယ့် အနေအထားရှိတာပေါ့။ ဒါကြောင့် Brand New Showroom တွေကလည်း ရန်ကုန်လိုင်စင်ပြန်ချပေးဖို့ တင်ပြထားတဲ့ အနေအထားမှာလည်း ရှိတယ်။ 

Voice : COE နဲ့ ပတ်သက်ပြီး အစ်ကို့အနေနဲ့ ဘာများပြောချင်တာများရှိမလဲ။
UYMA : COE စနစ်ကတော့ မှန်ပါတယ်။ လက်ရှိ အစိုးရစတက်ကတည်းက ပါကင်စနစ်ကို ဖျက်သိမ်းလိုက်တာပေါ့နော်။ အဲဒီထက်ကောင်းတဲ့ စနစ်တစ်ခု အကြံပြုပါဆိုလို့ အဲဒီတုန်းတည်းက အစ်ကိုတို့က COE စနစ်ကို အကြံပြုထားတာပေါ့။ အိမ်နီးနားချင်းနိုင်ငံတွေမှာ သုံးတဲ့စနစ်တွေက ဒီလိုဒီလိုရှိတယ် ဆိုပြီးတော့ပေါ့။ ဘယ်လိုနှစ်တွေနဲ့ သွားတယ်။ ပတ်ဝန်းကျင်အနေနဲ့လည်း ကားအသစ်တွေဆိုတော့ သင့်လျော်တယ်။ ဒါမျိုးတွေ တင်ပြထားခဲ့တာရှိတယ်။ ဒါကို ၂ နှစ်၊ သုံးနှစ်လောက်ကြာတဲ့အခါမှာ ပြန်ပြီး အကောင်အထည်ဖော်တဲ့ သဘောပေါ့နော်။ ဒီ COE သတ်မှတ်ချက်ကိုပဲ မြန်မာနိုင်ငံနဲ့ကိုက်ညီမယ့် သတ်မှတ်ချက်တွေပဲလိုတာပေါ့။ အဲဒီဟာလေးတွေဖြစ်ရင်တော့ အဆင်ပြေမှာပါ။

Voice : COE သက်တမ်းကို အစ်ကိုတို့အနေနဲ့ ဘယ်လိုအကြံပြုထားတာရှိလဲ။ ဘယ်လောက်ထားသင့်လဲ။ 
UYMA : အစ်ကိုတို့ကတော့ ၁၀ နှစ်သတ်မှတ်ထားတယ်။ ၁၀ နှစ်ပြည့်လို့ လဲချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ်၊ ဆက်ထားချင်တယ်ပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ မတူဘူးပေါ့။ ပိုက်ဆံတတ်နိုင်တဲ့ သူရှိတယ်။ မတတ်နိုင်တဲ့သူ ရှိတယ်။ လဲချင်တဲ့သူကတော့ လဲပေါ့နော်။ မတတ်နိုင်တဲ့သူကတော့ မလဲချင်ဘူးဆိုရင် သက်တမ်းတိုးခွင့်ကို ကညန (ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန) မှာ လျှောက်ပေါ့။ ကညနအနေနဲ့လည်း မော်တော်ယာဉ်ကို စစ်ဆေးမယ်။ သဘာဝပတ်ဝန်းကျင် မထိခိုက်ဘူး။ ကာဗွန်ဒိုင်အောက်ဆိုက် မထွက်ဘူးဆိုရင် နောက်ထပ်သက်တမ်း ငါးနှစ်ထပ်ပေးရမယ်။ လတ်တလော အကြံပြုထားတယ်။

Voice : သက်တမ်းတိုးက တစ်ကြိမ်ပဲလား။ တခြားနိုင်ငံတွေမှာရော ဘယ်နှကြိမ်အထိပေးလဲ။
UYMA : သက်တမ်းတိုးကတော့ တစ်ကြိမ်ပဲ။ ဘာလို့လဲဆိုတော့ ၁၀ နှစ်ပြီးရင် နောက်ငါးနှစ်ဆိုတော့ ဒီဘက်မှာ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေးစီမံချက်ကလည်း နှစ် ၂၀ ရှိတယ်။ အဲဒီတော့ သုံးသပ်ပြီးတော့ ၁၅ နှစ်သတ်မှတ်ထားတာပေါ့။ ၁၅ နှစ်ကို အကြံပြုထားတာပေါ့။ 

ဟိန်းမြတ်စိုး


  • VIA