News

POST TYPE

AUTOMOBILE

ရန်ကုန်နှင့် ဆိုင်ကယ်
12-Feb-2018
“အခုမြို့ထဲအထိပါ စီးလာတာတွေကို နယ်မြေယာဉ်ထိန်းရဲတွေက သေချာစောင့်ကြည့်ပြီး စစ်ဆေး အရေးယူနေပါတယ်”
ရဲမှူးမျိုးမြင့်အောင် (အမှတ် ၈ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ ခွဲမှူးရုံး)

မော်တော်ဆိုင်ကယ်တွေ စီးနင်းနေတာနဲ့ပတ်သက်ပြီး ဆိတ်ကြီးခနောင်တို၊ ဒလတို့ကို စီးနင်းခွင့်ပြုထားတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ စည်ပင်နယ်နိမိတ် ၃၁ မြို့နယ်မှာ မော်တော်ဆိုင်ကယ် စီးနင်းခွင့် မပြုထားပါဘူး။ မြို့ထဲကို စီးနင်းခွင့်မရှိဘဲ ရဲတင်းလွန်းပြီး စီးတာတွေ့ရင် တွေ့တာနဲ့ စစ်ဆေးဖမ်းဆီးတယ်။ စီးတဲ့အပြစ်အပြင်ကို လိုင်စင်တွေ၊ ဦးထုပ် မဆောင်းတာတွေ၊ နောက်ကြည့်မှန် မတပ်တာတွေ စတဲ့အမှုတွေ လေးခု၊ ငါးခုလောက် ထပ်တပ်ပြီး အရေးယူတယ်။ တချို့မြို့နယ်တွေမှာ ဆိုင်ကယ်ကယ်ရီအဖြစ် လုပ်ကိုင် စီးနင်းနေတာတွေကိုလည်း စီမံချက်တွေနဲ့ ဖမ်းဆီးပါတယ်။ တစ်ခါဖမ်းပြီးတဲ့ယာဉ်က နောက်ထပ် ဒုတိယအကြိမ် ထပ်မိတယ်ဆိုရင် ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ထိထိရောက်ရောက် အရေးယူတယ်။ တရားမဝင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေကို မော်တော်ယာဉ် ဥပဒေနဲ့ အရေးယူသလို စည်ပင်သာယာရေး ဥပဒေဖြစ်တဲ့ ပုဒ်မ ၇၂ အရ ဒဏ်ငွေ ကျပ်ငါးသောင်းမှ ဒဏ်ငွေ ကျပ်သုံးသိန်းနဲ့ ထောင်ဒဏ် သုံးလချမှတ်နိုင်တယ်။ အခု မြို့ထဲအထိပါ စီးလာတာတွေကို နယ်မြေယာဉ်ထိန်းရဲတွေက သေချာစောင့်ကြည့်ပြီး စစ်ဆေး အရေးယူနေပါတယ်။

“စီမံချက် ဘာညာရှိတော့မှ ထထဖမ်းတယ်”
ကိုတာရာမောင် (ကိုယ်ပိုင်ယာဉ်မောင်း)

တရားဝင် လိုင်စင်တစ်ခု ချပေးပြီး စီးခွင့်ပေးထားမယ်ဆိုရင်တော့ မြို့တွင်း မြို့ပြင်ပါ အကုန် စီးခွင့်ပေးရမယ်။ တကယ်လို့ စီးခွင့်မပေးဘူး၊ လိုင်စင်လည်း မချပေးဘူး၊ နားလည်မှုနဲ့ပဲ စီးခွင့်ပေးတယ် ဆိုတဲ့နေရာမှာ မြို့ပြင်တွေပါ စီးခွင့်မပေးသင့်ဘူးလို့ ကျွန်တော် သတ်မှတ်တယ်။ ဒါက ရန်ကုန်မြို့တစ်ခုတည်းအတွက်ကို ပြောတာ။ ရန်ကုန်နယ်နိမိတ် တစ်ခုအတွင်း မစီးစေချင်ရင် လိုင်စင်လည်းမချနဲ့။ စီးခွင့်လည်း မပေးနဲ့။ ရန်ကုန်ကျော်သွားရင်တော့ ခွင့်ပေးရင်ပေး။ အဲဒါလည်း စီးမယ်ဆိုရင် လိုင်စင် သေချာချပေးရမယ်။ ရန်ကုန်နယ်နိမိတ် ဧရိယာအတွင်း မစီးခိုင်းဘူးဆိုရင် မြို့တွင်းလည်း လုံးဝမစီးရ။ မြောက်ဒဂုံလို၊ တောင်ဒဂုံလို နေရာတွေအထိပါ လုံးဝမစီးရ သတ်မှတ်ရမယ်။ ဒါမှသာ တရားနည်းလမ်းကျမယ်။ နားလည်မှုနဲ့ စီးခွင့်ပေးတယ်ဆိုကတည်းက ဒါ သက်ဆိုင်ရာက စည်းကမ်း ဖောက်ဖျက်တာပဲ။ ကျွန်တော်ကြားတာတော့ ဆိုင်ကယ် ကယ်ရီတွေ ဖမ်းတယ်။ ဖမ်းချင်တဲ့အခါ ဖမ်းတယ်။ မဖမ်းချင်လည်း ကြည့်နေတယ်။ တကယ်လို့ မြို့ပြင်ဘက်မှာ ဆိုင်ကယ်ကယ်ရီ တရားဝင် ခွင့်ပြုပေးမယ်ဆိုရင်လည်း လိုင်စင်ချပေး။ ကညနမှာလို တရားဝင်လိုင်စင် အကုန်ချပေး။ ဒါမှဖောက်ဖျက်ရင် ဖမ်း၊ သိမ်း။ အခုဟာက စီးခွင့်လည်း မပေးဘူး၊ လိုင်စင်လည်း မချပေးဘူး။ လုပ်စားနေတာတွေလည်း ဒီအတိုင်း ကြည့်နေတယ်။ စီမံချက် ဘာညာရှိတော့မှ ထထဖမ်းတယ်။ ဒီတော့ ပြည်သူတွေကလည်း လုပ်စားရမလား ဘာလား မဝေခွဲတတ်တော့ဘူး။ လုပ်မစားစေချင်ရင် စီးသမျှ လုပ်စားသမျှ လူအကုန်ဖမ်းပါ။ လုပ်စားဖို့ခွင့်ပြုမယ်ဆို လိုင်စင်ချပေး၊ ခွင့် ပြုပေး။ အဲဒီကျတော့ လိုက်စင်လာမလုပ် တဲ့သူတွေပဲ ဖမ်း။ အခုလို စီးချင်တဲ့သူက နေရာမရွေး စီးနေတာကို နားလည်မှုနဲ့ မသိချင်ယောင်ဆောင်လုပ်နေတာတွေ၊ ဖမ်းချင်တဲ့သူကျမှ ဖမ်းနေတာတွေကို လက်မခံနိုင်ပါ။

“သေချာစည်းကမ်းကြပ်မတ်လိုက်မယ်ဆို ယာဉ်ကြောပိတ်ဆို့မှုတွေ လျော့သွားနိုင်တယ်လို့ တွေးမိတယ်”
မစုစုလင်း (မင်္ဂလာတောင်ညွန့်မြို့နယ်နေ ပြည်သူတစ်ဦး)

ရန်ကုန်မြို့ Downtown လိုနေရာမှာ ဆိုင်ကယ်စီးတာတော့ အန္တရာယ်များပါတယ်။ ဒါပေမဲ့ တချို့မြို့နယ်တွေမှာ ဆိုင်ကယ်စီးခွင့်ပေးလိုက်ပြီး သေချာစည်းကမ်း ကြပ်မတ်လိုက်မယ်ဆို ယာဉ်ကြောပိတ်ဆို့မှုတွေ လျော့သွားနိုင်တယ်လို့ တွေးမိတယ်။ ဆိုင်ကယ်ဖြစ်ဖြစ်၊ ကားဖြစ်ဖြစ် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာပြီး စည်းကမ်းကျဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ Downtown ဧရိယာမှာ ဆိုင်ကယ်စီးတာကတော့ လောလောဆယ် အနေအထားအရ အန္တရာယ် များလွန်းတယ်လို့ မြင်တယ်။ ကျွန်မ အယူအဆအရတော့ ဆိုင်ကယ်စီးခွင့် ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ မော်တော်ယာဉ်အသုံးပြုပြီဆို စည်းကမ်းလိုက် နာကြဖို့၊ လိုင်စင်မဲ့ မစီးနင်းကြဖို့က အဓိကပါ။

ခိုင်ချယ်ရီထွန်း