News

POST TYPE

AUTOMOBILE

ရန်ကုန် တက္ကစီနှင့် စတစ်ကာ
05-Feb-2018
“စတစ်ကာတွေကပ်၊ လိုက်ကာတွေချပြီး ဒုစရိုက်မှု ကျူးလွန်ခြင်းတွေ ဖြစ်ပေါ်နေတယ်”
ဦးလှအောင် (ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)၊ အဖွဲ့ဝင်)

ရန်ကုန်တိုင်းအတွင်းမှာ ပြေးဆွဲနေတဲ့ တက္ကစီတွေ အားလုံး ကားမှန်တွေမှာ စတစ်ကာအမည်း၊ လေစုပ်ခွက်ကပ်၊ ကြော်ငြာတွေ၊ လိုက်ကာနဲ့ ကာရံထားပြီး မောင်းနှင်တာကို ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်ဆေး အရေးယူနေတယ်။ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက အဖွဲ့ ၁၀ ဖွဲ့ ဖွဲ့စည်းပြီးတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး အရေးယူနေတာပါ။ ဒီတားမြစ်ချက်တွေ ဖောက်ဖျက်တဲ့ တက္ကစီယာဉ်ကို လုပ်ငန်း လိုင်စင်ဖျက်သိမ်းတဲ့အထိ အရေးယူနေတာပါ။ စတစ်ကာတွေကပ်၊ လိုက်ကာတွေချပြီး ဒုစရိုက်မှု ကျူးလွန်ခြင်းတွေ ဖြစ်ပေါ်နေတယ်။ လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ တက္ကစီယာဉ်တွေနဲ့ပတ်သက်ပြီး ဒုစရိုက်မှုတွေ ထပ်မဖြစ်အောင်၊ မှုခင်းကျဆင်းအောင် စီးတီးတက္ကစီယာဉ်တွေ အားလုံးကို ထိန်းချုပ်ကွပ်ကဲဖို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ချက် ထုတ်လိုက်တယ်။ အရေးယူမယ့်အထဲမှာ စီးတီးတက္ကစီအဖြစ် မှတ်ပုံမတင်ထားတဲ့ ယာဉ်တွေလည်းပါတယ်။ ဒါပေမဲ့ စာရင်းပေးသွင်းထားတဲ့ တက္ကစီယာဉ်တွေ ရှိနေသေးတယ်။ လုပ်ငန်း ဆက်လက်လုပ်စရာတွေရှိသေးလို့ အရေးယူခြင်း မစနိုင်သေးပါဘူး။ အခုကတော့ စတစ်ကာတွေ ကပ်တာကိုပဲ ဦးစားပေးစစ်ဆေး အရေးယူနေပါတယ်။

“စတစ်ကာ ကပ်ထားတယ် ဆိုတာကလည်း အဓိက,ကတော့ နေပူလို့ကပ်ထားတာ”
ဦးထွန်းထွန်း (အငှားယာဉ်မောင်း)

လက်ရှိမှာ ကျွန်တော်တို့ အငှားယာဉ်တွေ အကုန်လုံးကို စတစ်ကာမှန် အမည်းရောင် မတပ်ရတော့ဘူးဆိုပြီး ဥပဒေထုတ်လိုက်တာလည်း ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ မမြင်ကွယ်ရာလေ။ ဒီလိုလုပ်လိုက်တဲ့အတွက် ဒုစရိုက်မှုတွေ ကင်းရှင်းတာပေါ့။ အန္တရာယ်ကို ကြိုတင်ကာကွယ်ပြီးသား ဖြစ်တယ်။ အရင်က စတစ်ကာ ကပ်ထားတယ် ဆိုတာကလည်း အဓိကကတော့ နေပူလို့ကပ်ထားတာ။ ရိုးရိုးတန်းတန်းလူကတော့ နေပူလို့ စတစ်ကာ ကပ်တာပေါ့လေ။ တခြားဟာတော့ မရှိပါဘူး။ တချို့လည်း မဟုတ်တရုတ် လုပ်ချင်လို့ ကပ်တာလားမသိဘူး။ အခုအငှားယာဉ်တွေအကုန်လုံး စတစ်ကာ မကပ်ရတော့ဘူး ဆိုတာနဲ့ပတ်သက်ပြီး ဥပဒေထုတ်တဲ့အပိုင်းမှာတော့ ဒဏ်ရိုက်တာ အရေးယူတာတွေ လုပ်မှရမှာလေ။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးက ဥပဒေလမ်းကြောင်းအတိုင်း လုပ်မှရမှာဆိုတော့ ဒီအတိုင်း ခွာချင်တဲ့သူခွာ မခွာချင်တဲ့သူ မခွာနဲ့ဆို ဘယ်သူမှ ခွာမှာမဟုတ်တော့ဘူး။ အခု စတစ်ကာ ကပ်ထားတဲ့ ကားတွေမှန်သမျှ စစ်ဆေးတယ်။ အရေးယူတယ်လို့ ဥပဒေ ထုတ်လိုက်တော့ အန္တရာယ်လည်း ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့။ တစ်လောတုန်းက အငှားယာဉ်နဲ့ပတ်သက်ပြီး အမှုဖြစ်တဲ့ နောက်ပိုင်း ခရီးသည်တွေက အငှားယာဉ် ငှားတဲ့အခါ သတိထားလာကြတာပေါ့။ ကိုယ့်အတွက် လုံခြုံမှုရှိပြီး သေချာတဲ့ အငှားယာဉ်မောင်းကိုပဲ ငှားလာကြတယ်။ အခု ဒီလို ဥပဒေထုတ် အရေးယူလိုက်တော့ ကျွန်တော်တို့ အငှားယာဉ်မောင်းတွေအတွက် ပိုပြီးကောင်းသွားတာပေါ့။ 

“ဒုစရိုက်မှုကျူးလွန်ချင်တဲ့သူက ကျူးလွန်မှာပဲလေ။ တိုက်ရိုက်ကြီး မသက်ဆိုင်ဘူးလို့တော့ ယူဆတာပဲ”
မနိုနို (ခရီးသည်)

အငှားယာဉ်တွေ အကုန်လုံးမှာ စတစ်ကာမှန်အမည်း မကပ်ရတော့ဘူးဆိုတာနဲ့ ပတ်သက်ပြီး တစ်နေ့က Grab ငှားစီးတော့မှ သိတာ။ အမှုဖြစ်ပြီးနောက်ပိုင်းမှာ Grab ပဲသုံးတော့တယ်။ အပြင်တက္ကစီတွေ သိပ်မခေါ်ဖြစ်တော့ဘူး။ ဘာမှန်းညာမှန်း မသိလို့။ Grab ကျ တစ်ဖက်မှာ Information အပြည့်အစုံရှိတော့ မတော်လို့ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်တော့ ပြန်လိုက်ဖို့ရာ လွယ်တယ်။ တစ်နေ့က ဆေးခန်းသွားတော့ နေ့ခင်းဘက်ဆို အရမ်းပူတာဆိုတော့ အဲဒီအငှားယာဉ် ကြည့်လိုက်တော့ ဟယ် စတစ်ကာလည်း မရှိတော့ဘူး။ ဘယ်လိုဖြစ်တာလဲဆိုပြီး ကားသမား ဦးလေးကြီးကို မေးကြည့်တော့ သူက ထုတ်ပြန်ချက်ထုတ်ထားလို့ စတစ်ကာတွေ အကုန် ပြန်ဖြုတ်လိုက်ရတယ်လို့ ပြောတယ်။ ခရီးသည်တစ်ယောက်အနေနဲ့ ပြောရရင် အမှန်တကယ်ကတော့ ဆိုင်တော့ မဆိုင်ဘူးထင်တာပဲ။ ဒုစရိုက်မှုတွေ လျော့သွားအောင်တို့ ဘာတို့ဆိုပြီး သုံးသပ်ချက်နဲ့ ဖြုတ်ခိုင်းတာကတော့ ဘယ်လိုပြောရမလဲ။ စတစ်ကာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒုစရိုက်မှု ကျူးလွန်ချင်တဲ့သူက ကျူးလွန်မှာပဲလေ။ တိုက်ရိုက်ကြီး မသက်ဆိုင်ဘူးလို့တော့ ယူဆတာပဲ။

ခိုင်ချယ်ရီထွန်း