News

POST TYPE

AUTOMOBILE

မြို့တော်ရန်ကုန် Vs တစ်ဦးချင်းပိုင်တက္ကစီ
29-Jan-2018 tagged as

“ဒီလိုမျိုး အပြောခံရတာတွေက တစ်ယောက်မကောင်းလို့ အများခံရတာပါ” 
ဦးဇော်မင်းနိုင် (အငှားယာဉ်မောင်း)

တက္ကစီငှားစီးရင်း Rape လုပ်ပြီး သတ်လိုက်တယ်ဆိုတာ ကျွန်တော်လည်း သိလိုက်တယ်။ လူမှုကွန်ရက်မှာလည်း လက်တား တက္ကစီတွေဆို မစီးတော့ဘူးဆိုပြီး ပြောတာတွေ တွေ့တယ်။ ဒီလိုမျိုး အပြောခံရတာတွေက တစ်ယောက်မကောင်းလို့ အများ ခံရတာပါ။ သူတစ်ယောက်အတွက် တက္ကစီသမားတွေ နစ်နာရတယ်။ တက္ကစီမောင်းရတာလည်း ကျွန်တော်တို့အတွက်က အဆင်ပြေလှတယ် မဟုတ်ဘူး။ လမ်းက ကျပ် ဆီဈေးကကြီးနဲ့။ ခရီးသည်ဘက် ပိုက်ဆံတိုးတောင်းရင်လည်း ခရီးသည်တွေက တိုးမပေးချင်ကြဘူး။ အခုက ကောလာဟလတွေကြောင့် ခရီးသည်ပါးသွားတယ်။ Grab ကျ မဝင်ချင်ဘူး။ သူတို့ကျ စာချုပ်နဲ့ဆိုတော့ အဆင်မပြေဘူး။ ကိုယ်က ခရီးတွေ ဘာတွေ ထွက်ချင်သေးတယ်။ နောက်ပြီး ခရီးသည်တွေ ယုံကြည်အောင် တက္ကစီသမားတွေဘက်ကလည်း City Taxi ဘုတ်တွေ ထောင်ထားသင့်တယ်။ အခုက ဆိုက်ကားသမားကလည်း တက္ကစီတက်မောင်းတာပဲ။ ကူလီသမားကလည်း တက္ကစီတက်မောင်းတာပဲ။ နယ်ကားတွေလည်း ဒီမှာတက်မောင်းနေတာဆိုတော့ ကားသမားတွေက အစုံပဲ။ လူစုံ စရိုက်စုံပဲ။ လူဆိုးလူမိုက်လည်း တက္ကစီ တက်မောင်းနေတော့ ခရီးသည်ဘက်ကလည်း မယုံချင်စရာပဲ။ အမှန်က အငှားယာဉ်မောင်းတွေ အကုန်လုံး ဆံပင်တိုတို စတစ်အဖြူလေးဝတ် ပုဆိုးလေး ဘာလေးနဲ့ သပ်သပ်ရပ်ရပ်လေးဆို ပိုကောင်းတာပေါ့။ အခုက လူဆိုးလား လူကောင်းလားလဲ မသိရ။ လိုင်စင်အနီနဲ့လား အနက်နဲ့လားလဲ မသိရနဲ့။ အခုဆို တက္ကစီတွေမှာ ဘုတ်ထောင်ထားတဲ့ City Taxi ဆိုတာက ခပ်ရှားရှားရယ်။ အမှန်တကယ်ဖြစ်သင့်တာက City Taxi တိုင်း ကားခေါင်းခန်းမှာ တက္ကစီဘုတ် ထောင်ထားသင့်တယ်။

“ကိုယ့်လုံခြုံမှုကို သတိရှိဖို့ သတိထားဖို့လိုပြီး ပြင်ဆင်ထားဖို့လည်းလိုမယ်”
မသက်စုနွယ်ဝင်း (ခရီးသည်)

လက်တားငှားပြီးစီးရတဲ့ (တစ်ဦးချင်းပိုင်)တက္ကစီတွေက မိန်းကလေးတွေအတွက် လုံခြုံမှု အပြည့်အဝ မပေးနိုင်တာကတော့ တကယ် အမှန်တကယ်ပဲ။ ည အမှောင်ရောက်သွားရင် ပိုပြီးမလုံခြုံဘူး။ ကားပေါ်ရောက်မှ ဈေးတိုးတောင်းတာ၊ ကားပတ်မောင်းတာမျိုးတွေ ကြုံရတဲ့အခါ ကိုယ်ကိုယ်တိုင်လည်း အန္တရာယ် ဖြစ်မှာစိုးလို့ ဘာမှမပြောဘဲ ပိုက်ဆံ ပိုပေးလိုက်ရတာမျိုးတွေ ရှိပါတယ်။ ဒါဟာ တက္ကစီသမား အများစုကို မဆိုလိုပါဘူး။ ဝါးလုံးရှည်နဲ့တော့ အားလုံးကို ကျုံးရမ်းလို့ မရပါဘူး။ မိန်းကလေးတွေ အနေနဲ့လည်း ကိုယ့်လုံခြုံမှုကို သတိရှိဖို့ သတိထားဖို့လိုပြီး ပြင်ဆင်ထားဖို့လည်း လိုမယ်ထင်တယ်။ ဥပမာ - ငရုတ်ကောင်း စပရေးဘူး ဆောင်တာတို့ ဘာတို့ပေါ့။ နောက် အကောင်းဆုံးကတော့ ညဘက်မှောင်မှ အိမ်ပြန်ရမယ်ဆို တစ်နေရာရာသွားမယ်ဆို အငှားယာဉ် ဝန်ဆောင်မှု ကုမ္ပဏီတက္ကစီတွေ ငှားသွားတာ အကောင်းဆုံးပဲ။ ဒီတက္ကစီတွေက လုံခြုံမှု အပြည့်အဝ မဟုတ်တောင် ကိုယ့်လုံခြုံမှုကို ၉၀ ရာခိုင်နှုန်းလောက် ကာကွယ်ပေးထားနိုင်တယ်လို့ ထင်တယ်။ ဘာလို့လဲဆို တစ်ခုခုကြုံလာရင် ကုမ္ပဏီမှာ ဒီယာဉ်မောင်းနဲ့ ပတ်သက်တဲ့ ဒေတာတွေ၊ ကိုယ်စီးခဲ့တဲ့ မှတ်တမ်းတွေရှိတာကြောင့် အန္တရာယ် တစ်စုံတစ်ရာရှိလာရင်တောင် ဖြေရှင်းဖို့လွယ်ကူတယ်။ မဖြစ်မနေ လက်တားပြီးငှားစီးရမယ့် အခြေအနေဆိုရင်တော့ ငရုတ်ကောင်း စပရေးဆောင်တာ၊ ကိုယ့်သူငယ်ချင်းကို လှမ်းပြောထားတာ၊ အိမ်ကို ကားလိုက်ငှားခိုင်းပြီး ကားနံပါတ် မှတ်ခိုင်းတာမျိုးလေးတွေလုပ်ပြီး ကိုယ့်လုံခြုံမှုကို ဂရုစိုက်သင့်တယ်လို့ ထင်တယ်။

“တက္ကစီသမားက ကားပေါ်မှာ မဖွယ်မရာ ဗီဒီယိုတွေပြတယ် ဘာညာနဲ့ တွေ့ထားဖူးတော့ အမြဲသတိရှိတယ်” 
မယမင်းသန္တာသက်ထူးခင် (ကုမ္ပဏီဝန်ထမ်း)

တစ်လောကဖြစ်သွားတဲ့ အငှားယာဉ်မောင်းက FDA က ဝန်ထမ်းကောင်မလေး လူသတ်မှုဖြစ်ပြီး နောက်ပိုင်းတော့ လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ ရှိလာတာပေါ့နော်။ ညီမကျတော့ အရင်ကတည်းက လက်တားတက္ကစီတွေ သိပ်စီးလေ့မရှိဘူး။ ညီမ Grab စီးတယ်။ တစ်ခါတလေ အိမ်ကလိုက်ပို့တယ်။ အခုဆို ပိုပြီးသတိထားတာရယ် ကားပေါ်မတက်ခင်ကို ကားနံပါတ် မှတ်ထားပြီး အိမ်ကို Message လှမ်းပို့ထားတာမျိုးတွေ လုပ်တယ်။ သူငယ်ချင်းလိုက် ပို့ပေးတဲ့အခေါက်တွေမှာ သူငယ်ချင်းကို ကိုယ်စီးသွားတဲ့ ကားနံပါတ် မှတ်ခိုင်းထားတာမျိုးတွေ လုပ်တယ်။ လက်တားတက္ကစီတွေကိုတော့ Grab က ရှိသင့်တဲ့ဈေးထက် ပိုတောင်းနေတဲ့အခါမျိုးတွေမှာ စီးဖြစ်တာ များတယ်။ မတတ်သာလို့ လက်တားတက္ကစီ စီးဖြစ်ရင်တောင် ဈေးမဆစ်တော့ဘူး။ ဒီကိစ္စမဖြစ်ခင် အရင်ကတည်းကလည်း လူမှုကွန်ရက်တို့၊ သတင်းစာတွေမှာ တက္ကစီသမားက ကားပေါ်မှာ မဖွယ်မရာ ဗီဒီယိုတွေပြတယ် ဘာညာနဲ့ တွေ့ထားဖူးတော့ အမြဲသတိရှိတယ်။ ငရုတ်ဆေးတို့ ဘာတို့တော့ မဆောင်ထားဖူးဘူး။ ညပိုင်းဆိုရင်တော့ လက်တားတက္ကစီတွေ လုံးဝမစီးဘူး။ Grab ပဲစီးတယ်။ အိမ်ကိုလာကြိုခိုင်းတယ်။ ဘတ်စ်စီးတယ်။ အခုက တက္ကစီတွေ ဘာတွေမပြောနဲ့။ ကိုယ်ပိုင်ကားနဲ့ သွားတာတောင် လုံခြုံမှု မရှိတော့ဘူး။ ကိုယ်ပိုင်ကားတောင် လိုက်ရန်ရှာခံရတာမျိုးတွေ အနုကြမ်းစီးတာမျိုး တွေ့မြင်နေရတာ။

ခိုင်ချယ်ရီထွန်း

  • TAGS