News

POST TYPE

AUTOMOBILE

မှားယွင်းတဲ့လုပ်ရပ်တွေနဲ့ ကားပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်း
29-Jan-2018 tagged as



ကိုယ့်ရဲ့ကားကို သတိမထားမိဘဲလုပ်မိတဲ့ မှားယွင်းတဲ့လုပ်ရပ်တွေ ရှိပါတယ်။ တချို့က သတိမမူမိလို့ လုပ်မိတာ၊ လူငယ်တချို့က တမင်သက်သက်လုပ်တာ၊ တချို့က ဒေါသစိတ်ကြောင့် လုပ်မိတာ၊ Air-Con ကို ဖွင့်လိုက် ပိတ်လိုက် လုပ်တာတွေနဲ့ တခြားအကြောင်းအရင်းတွေလည်း ရှိပါတယ်။ ဒီလို မလုပ်သင့်တာတွေကို လုပ်မိတာတွေကြောင့် ကိုယ့်ရဲ့ကားကို ဘာဆိုးကျိုးတွေဖြစ်စေလဲ။ ဘယ်လိုထိခိုက်စေလဲ ဆိုတာကို ဖော်ပြပေးပါမယ်။

သတိမမူဘဲလုပ်မိတဲ့ မှားယွင်းတဲ့လုပ်ရပ်တွေ
ဒီလိုလုပ်ရပ်တွေကို အများအားဖြင့် ကားမောင်းမကျွမ်းကျင်သေးတဲ့ သူတွေ၊ ကားအကြောင်း သိပ်နားမလည်တဲ့သူတွေ အလုပ်များကြပါတယ်။ ဒီလုပ်ရပ်တွေထဲမှာ ဘက်မှန် ပုံမှန်မကြည့်ဖြစ်တာ၊ သတိလက်လွတ်နဲ့ နမော်နမဲ့နိုင်တာ၊ ကားမောင်းနေရင်း ဖုန်းသုံးတာ၊ လီဗာကို နင်းသင့်တာထက် ပိုနင်းတာတွေ၊ အစာစားတာတွေနဲ့ တခြားလုပ်ရပ်တွေ ရှိပါသေးတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် ယာဉ်မတော်တဆမှုကို ဖြစ်စေတာ၊ ကိုယ့်ကားအင်ဂျင်ကို ထိခိုက်ပျက်စီးစေတာတွေနဲ့ အသက်အန္တရာယ်အထိ စိုးရိမ်ရပါတယ်။

လူငယ်တချို့ တမင်သက်သက်လုပ်တဲ့ လုပ်ရပ်တွေ
လူငယ်တွေလုပ်တဲ့ အကြီးမားဆုံး မှားယွင်းတဲ့လုပ်ရပ်က ကားပြိုင်မောင်းတာပါပဲ။ တချို့လူငယ်တွေက ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ်၊ မရည်ရွယ်ပဲဖြစ်ဖြစ် ကားပြိုင်မောင်းတဲ့လုပ်ရပ်တွေ လုပ်တတ်ကြပါတယ်။ ရည်ရွယ်ပြီးလုပ်တာကတော့ ညဘက်မှာ သူငယ်ချင်း အချင်းချင်းပဲဖြစ်ဖြစ်၊ တခြားပြိုင်ဘက်တွေနဲ့ပဲဖြစ်ဖြစ် ပြိုင်မောင်းတာကို ပြောတာပါ။ မရည်ရွယ်ဘဲလုပ်တာကတော့ ကိုယ့်ကိုသူများ ကျော်တက်သွားပြီဆိုတာနဲ့ လိုက်ပြီးကျော်တက်နိုင်အောင် မောင်းတာပါ။ နောက်တစ်ခုက ကားအတွင်း သီချင်းအကျယ်ကြီး ဖွင့်မောင်းတာ၊ ကိုယ့်ရည်းစား၊ ချစ်သူနဲ့ စကားများတာတွေ မလုပ်သင့်ပါဘူး။ ဒါတွေကြောင့် ကိုယ့်ရဲ့ကားကို ထိခိုက်ပျက်စီးစေသလို အသက်အန္တရာယ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒေါသစိတ်ကြောင့်လုပ်မိတာ
ဒီလုပ်ရပ်ကတော့ စိတ်မရှည်တဲ့သူတွေ လုပ်တာများပါတယ်။ အတွေ့အကြုံ ဘယ်လောက်ပဲရင့်ရင့်၊ အတွေ့အကြုံ မရှိတာပဲဖြစ်ဖြစ် စိတ်တိုတတ်တဲ့သူတွေ၊ စိတ်လောတဲ့သူတွေ၊ ဒေါသကြီးတဲ့သူတွေအနေနဲ့ ကားမောင်းရင် စိတ်လိုက်မာန်ပါ လုပ်တတ်တာတွေရှိပါတယ်။ ကိုယ့်ရဲ့ကားကို ကျော်တက်သွားလို့ စိတ်မရှည်ဘဲ လိုက်ကျော်တက်တဲ့အခါမှာ လီဗာကို နင်းသင့်တာထက် ပိုနင်းမိတာ၊ ရုတ်တရက် ရှေ့ကားက ဘရိတ်ဆောင့်နင်းလိုက်ချိန်၊ ရှေ့က အတားအဆီးတစ်ခုခု ဖြတ်သွားတာကြောင့်ပဲဖြစ်ဖြစ် ဘရိတ်ကိုဆောင့်နင်းလိုက်ရတဲ့ ဖြစ်ရပ်တွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် ကိုယ့်ကားကို များစွာထိခိုက်စေနိုင်သလို ဘရိတ်မနိုင်တော့တဲ့ အရှိန်မျိုးအထိ ကိုယ်က မောင်းနှင်မိခဲ့မယ်ဆိုရင် တခြားသူတွေအတွက်ရော ကိုယ့်အတွက်ရော အသက်အန္တရာယ်အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။

Air-Con ကို ဖွင့်လိုက်ပိတ်လိုက် လုပ်တာ
ဒီအချက်ကိုလည်း တချို့ယာဉ်မောင်းတွေ လုပ်တတ်ကြပါတယ်။ တော်တော်များများက ဆီကုန်မှာစိုးတဲ့အတွက် ဒီလိုလုပ်ကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် Air-Con ပိတ်ချိန်မှာ မှန်ဖွင့်ခဲ့တဲ့အတွက် ဝင်ထားတဲ့ဖုန်တွေဟာ မှန်ပြန်ပိတ်ပြီး Air-Con ပြန်ဖွင့်လိုက်ချိန်မှာ မှန်လုံပိတ်ထားတဲ့အထဲ ဖုန်တွေကို တဝထိုင်ရှူနေရသလို ဖြစ်နေတတ်ပါတယ်။ ဖုန်တွေရှူမိတာကြောင့် အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါအချို့ကို ဖြစ်ပေါ်စေပါတယ်။ တချို့က သဘာဝလေကို ကြိုက်လို့၊ တချို့က Air-Con လေကို ကြောက်လို့ ဖွင့်လိုက်ပိတ်လိုက် လုပ်ကြတာထက် မဖွင့်ရင်လည်း လုံးဝမဖွင့်တာ၊ ဖွင့်လိုက်ပိတ်လိုက် လုပ်မယ်ဆိုလည်း ဖွင့်ပြီးရင် ကိုယ့်ကားအတွင်းခန်းကို သန့်ရှင်းရေးလုပ်ပြီးမှ ပြန်ဖွင့်တာတွေကို ဂရုတစိုက် လုပ်ဆောင်သင့်ပါတယ်။ ဒီလို Air-Con ကို ဖွင့်လိုက်ပိတ်လိုက် လုပ်ခြင်းအားဖြင့် Air-Con ကိုလည်း ပျက်စီးစေနိုင်ပါတယ်။

အထက်က ဖော်ပြခဲ့တာကတော့ ကားမောင်းသူတွေရဲ့ ကားမောင်းနေချိန်အတွင်း သတိမထားမိတဲ့ လုပ်ရပ်လေးတွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါတွေကို ရှောင်ကြဉ်ခြင်းအားဖြင့် မိမိကားကို အန္တရာယ်ကင်းကင်းနဲ့ ကြာရှည်ခံအောင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့ကားကို နေ့စဉ်ပြုပြင် ထိန်းသိမ်းသင့်တဲ့အကြောင်း ဖြစ်ပါတယ်။ အဲဒီ စစ်ဆေးမှုပိုင်းကိုလည်း ကားပိုင်ရှင်တော်တော်များများက အားနည်းကြပါတယ်။ ဒီလိုစစ်ဆေးခြင်းအားဖြင့် အကျိုးအမြတ်များစွာရရှိစေပါတယ်။ ကြည့်လိုက်ကြရအောင်...။

ငွေကုန်ကြေးကျ ပိုများခြင်း
ကားပိုင်ရှင်တွေအနေနဲ့ ကိုယ့်ကားကို ပုံမှန်စစ်ဆေးမှုတွေ မလုပ်တာကြောင့် ပုံမှန်ပျက်စီးသင့်တာထက် ပိုပျက်စီးတာတွေ ဖြစ်ပေါ်တာ၊ ပြင်သင့်ချိန်မှာ မပြင်လိုက်မိတာကြောင့် ကိုယ့်ရဲ့ပစ္စည်းတစ်ခုလုံး ပျက်စီးသွားရတဲ့အတွက် တစ်ခုလုံး လဲလိုက်ရတာမျိုးတွေကြောင့် ငွေကုန်ကြေးကျ ပိုများတာတွေ ဖြစ်တတ်ပါတယ်။ ဒီလို ငွေကုန်ကြေးကျများတာကို လျှော့ချနိုင်စေဖို့ နေ့စဉ်စစ်ဆေးသင့်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တာယာလေပေါင်
တာယာလေပေါင်ကို နေ့စဉ်စစ်ဆေးဖို့လိုပါတယ်။ တာယာတစ်လုံးဟာ လေပေါင်ချိန်မှန်ကန်မှုက ကားတစ်စီးအတွက် အလွန်အရေးပါပါတယ်။ တာယာ လေပေါင်ချိန်မမှန်ရင် ဆီစားနှုန်းတက်တာ၊ ကားအောက်ပိုင်း စနစ်ထိခိုက်တာ၊ တာယာအသားစားတာတွေကို ဖြစ်စေတတ်ပါတယ်။

(၂) အင်ဂျင်ဝိုင်နဲ့ အခြားချောဆီတွေ
အင်ဂျင်ဝိုင်နဲ့ အခြားကားထဲကိုထည့်ရတဲ့ ချောဆီတွေကိုလည်း စစ်ဆေးဖို့လိုပါတယ်။ ဒီအရည်တွေက သူရဲ့သက်တမ်းအလိုက် သုံးရတာဖြစ်တာကြောင့် ကိုယ်စထည့်တဲ့နေ့ကို မှတ်သားထားရင် ပိုကောင်းပါတယ်။ တချို့ကားပိုင်ရှင်တွေက အင်ဂျင်ဝိုင်နဲ့ တခြားချောဆီတွေကို စနစ်တကျ လဲသင့်တဲ့အချိန်မှာမလဲဘဲ မောင်းတဲ့အတွက် အင်ဂျင်ထဲမှာ ပျစ်ခဲမှုတွေကို ဖြစ်ပေါ်စေတာ၊ ဂီယာဝိုင် အရည်အသွေးကျဆင်းလာမှုကြောင့် ဂီယာအတွင်း ထိခိုက်ပျက်စီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သတ်မှတ်အချိန်မှာ အင်ဂျင်ဝိုင်နဲ့ အခြားချောဆီတွေကို ပုံမှန်လဲလှယ်ခြင်းဖြင့် အင်ဂျင်သက်တမ်းစေ့ အသုံးပြုနိုင်မယ့်အပြင် မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

(၃) ဘရိတ်အောက်ပိုင်းနဲ့ အလိုင်းမင့်
ကိုယ့်ကားကို ဘရိတ်နင်းတဲ့အခါ ပုံမှန်မဟုတ်တဲ့ အသံတွေထွက်လာတာ၊ ကားမောင်းတဲ့အခါ တစ်ဖက်ဆွဲနေတာ၊ အောက်ပိုင်း အသံထွက်လာတာတွေ ရှိတာနဲ့ သင့်တော်ရာ Car Service Center တွေမှာ အမြန်ဆုံး သွားစစ်သင့်ပါတယ်။ ဒါမှမဟုတ်ရင် ဘရိတ်ရှူးပါးပြီး ဘရိတ်ဒရမ်စားသွားတာ၊ ကားတစ်ဖက်ဆွဲတာကြောင့် တာယာစားတာနဲ့ အောက်ပိုင်းက တခြားအစိတ်အပိုင်းတွေပါ ထိခိုက်စေနိုင်ပါတယ်။

(၄) ကွန်ပျူတာနဲ့ စစ်ဆေးခြင်း
ကိုယ့်ကားကို အင်ဂျင် Check Light နဲ့ တခြားအချက်ပြမီးတွေ လင်းနေရင် အမြန်ဆုံးသွားရောက်ပြီး လိုအပ်တဲ့ စစ်ဆေးပြုပြင်တာတွေ လုပ်သင့်ပါတယ်။ မစစ်ဆေးဘဲ အချိန်ကြာကြာသုံးမိလေ ပြုပြင်ရမှု ပိုများလေဖြစ်တတ်တာကြောင့် ကုန်ကျစရိတ်လည်း ပိုလာနိုင်ပါတယ်။ 

(၅) ပုံမှန်အလုံးစုံ စစ်ဆေးမှုခံယူခြင်း
ကိုယ့်ရဲ့ကားကို နေ့စဉ်မစစ်ဆေးနိုင်တဲ့ သူတွေအတွက် ကားတစ်စီးလုံးကို အနည်းဆုံး သုံးလတစ်ကြိမ် လုပ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ကားကို ကြီးကြီးမားမား ပျက်စီးတာတွေကို ကာကွယ်စေနိုင်ပါတယ်။

(၆) ကားမောင်းသူက ကားရဲ့အခြေခံအကြောင်းကို လေ့လာခြင်း
ကားမောင်းနှင်သူတွေအနေနဲ့ ကိုယ့်ကားရဲ့ အခြေခံသဘောတရားတွေကို လေ့လာထားဖို့လိုပါတယ်။ ဒါမှ မှားယွင်းတဲ့ ပြုပြင်ထိန်းသိမ်းမှုတွေကို ရှောင်လွှဲပြီး ကိုယ့်ကားသက်တမ်းကို ရှည်စေမယ့်အပြင် မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေကိုလည်း သက်သာစေနိုင်မှာ ဖြစ်ပါတယ်။ 

ဟိန်းမြတ်စိုး
Reference- Franco (AutoCareMotorWerkz)


  • VIA
  • TAGS