News

POST TYPE

AUTOMOBILE

ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် ယာဉ်စည်းကမ်း
22-Jan-2018

“ပြောရရင်တော့ ကားဝင်းထဲမှာ တရားဥပဒေ စိုးမိုးမှုကို မရှိတော့တာပါ”
ဒေါ်ခိုင် (ဇေယျာရွှေပြည် ယာဉ်လိုင်းပိုင်ရှင်) 

တကယ်တမ်းက အောင်မင်္ဂလာ ဆိုတာ Express ကားတွေ ဖြတ်သန်းကျင်လည်ရမယ့်ကွင်းပါ။ သူတို့တွေလည်း လာစီးပွားရှာတယ်။ တက္ကစီသမားတွေ လာစီးပွားရှာတယ်။ လာရှာတဲ့အခါ ကားကြီးတွေ သွားလို့ပြုလို့မရအောင် လမ်းတွေ ပိတ်ရပ်တယ်။ ယာဉ်ထိန်းရဲ လာစစ်ရင် ပျောက်သွားတယ်။ ပြန်ထွက်သွားရင် ပြန်ရောက်လာရော။ အဲဒီတော့ ကားကြီးတွေ လွန်းထိုးဖို့နေရာ မရှိတော့ပြန်ဘူး။ နည်းနည်းများပွတ်မိသွားရင် သူတို့နဲ့ခင်တဲ့ နီးရာ ရဲစခန်းမှာ သွားတိုင်တယ်။ သူတို့လည်း ဒီ Express ကားပေါ်ကပါလာတဲ့ ခရီးသည်တွေဆီက လာစီးပွားရှာတာ ကိုယ်ချင်းစာမယ်။ တကယ်တမ်းကျ အဲဒီလို မဟုတ်ဘူး။ အုပ်စုဖွဲ့တယ်။ ရမ်းကားတယ်။ အဲဒါတွေက ကားကြီးဝင်းမှာ တကယ်ရှိပါတယ်။ ပြောရရင်တော့ မရှိဘူးပဲ ပြောကြတာ။ ဒီမှာရှိတဲ့ ယာဉ်ထိန်းအင်အားကလည်း မလောက်ငဘူး။ သူတို့မလုပ်တာလား ဆိုတော့လည်း မဟုတ်ဘူး။ လူအင်အားမရှိ တာ။ တစ်လောက အန်တီတို့ “ပစောက်”ဝင်းထဲမှာ မိုးကောင်းကင်ယာဉ်လိုင်းမှာ တက္ကစီယာဉ်သမားနဲ့ ပြဿနာဖြစ်တာ။ မိုးကောင်းကင်က ယာဉ်မောင်းကို တက္ကစီ သမားသုံးယောက်က အုပ်စုဖွဲ့ပြီးဝိုင်းရိုက် တာ။ မျက်လုံးတစ်ဖက် ထွက်သွားတယ်။ တော်တော်လေး ဆိုးပါတယ်။ ဒါမျိုးတွေက မဖြစ်သင့်ဘူး။ ဒီဝင်းထဲက ယာဉ်မောင်းကိုတောင် ရိုက်ရဲတယ်ဆိုတော့ ကျန်တဲ့ ခရီးသည်တွေဆို ပြောမနေနဲ့။ ဒါမျိုးတွေက မဖြစ်သင့်တော့ပါဘူး။ ပြောရရင်တော့ ကားဝင်းထဲမှာ တရားဥပဒေ စိုးမိုးမှုကို မရှိတော့တာပါ။

“ဒီကားဝင်းထဲက အငှားယာဉ်တွေနဲ့လည်း အပြင်က ယာဉ်မောင်းတွေက ပြဿနာ မဖြစ်ချင်တာလည်း ပါတယ်”
ကိုကျော်မင်းသူ (အငှားယာဉ်မောင်း)

အောင်မင်္ဂလာ ကားဝင်းထဲမှာတော့ ကျွန်တော်တို့က အပြင်ကနေ ခရီးသည် လာပို့တဲ့ယာဉ်တွေပါ။ ခရီးသည် လာပို့တယ်။ ချတယ်။ ဒီလောက်ပဲ လုပ်လို့ရတယ်။ ဒီက ခရီးသည်တွေကို စောင့်ခေါ်တာတို့၊ ခရီးသည်ရှာတာတို့ လုပ်လို့မရဘူး။ ဒီမှာက သူ့လူနဲ့သူ ရှိပြီးသားဆိုတော့ အပြင်ကလာတဲ့ အငှားယာဉ်တွေဆို ခရီးသည်ပို့ပြီး ပြန်တာများတယ်။ ယာဉ်ကြောကလည်း ဒီကားကွင်းထဲမှာဆို ရှုပ်နေတာများတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာ တယ် မလိုက်နာဘူးဆိုတာထက် ဒီမှာကတော့ ဖြစ်သလို နားလည်မှုနဲ့ ဝင်ထွက်နေ တာ များတယ်။ ဒီယာဉ်ဝင်းထဲမှာတော့ ဒီထဲမှာရှိတဲ့ အငှားယာဉ်မောင်းတွေနဲ့တင် လုံလောက်ပါတယ်။ အပြင်ကလာတဲ့ အငှားယာဉ်ဆိုတာ မရှိသလောက်ပါပဲ။ ဒီကားဝင်းထဲက အငှားယာဉ်တွေနဲ့လည်း အပြင်ကယာဉ်မောင်းတွေက ပြဿနာ မဖြစ်ချင်တာလည်း ပါတယ်။ ဒါကြောင့် ခရီးသည်က အောင်မင်္ဂလာကားကြီးဝင်းဆို လိုက်ပို့လိုက်တယ်။ အပြန်ကျ ခရီးသည်က ကိုယ့်လာငှားရင် တင်ခဲ့လိုက်တယ်။ ဒီလောက်ပါပဲ။ ကားကြီးဝင်းထဲမှာတော့ ယာဉ်တွေက ရပ်ချင်သလိုတွေ ရပ်ထားတာ များတယ်။ ယာဉ်ကြောတွေ တန်းစီရပ်ထားတာတို့ရှိတော့ ဒီထဲသွားရလာရတာတော့ အပြင်မှာထက် သွားရလာရ ခက်ခဲပါတယ်။ ဒါကြောင့် ဒီဝင်းထဲက ယာဉ်တွေကိုတော့ စည်းကမ်းတကျလေး ဖြစ်စေချင်ပါတယ်။

“လမ်းလယ်လောက်မှာ ကားတွေပိတ်နေလို့ ခရီးသည်က မစောင့်နိုင်ဘဲ ဆင်းလျှောက်သွားတာတွေ ရှိတယ်” 
ကိုရဲလေး (အငှားယာဉ်မောင်း)

ဒီကားဝင်းထဲမှာတော့ ခရီးသည် ရှာလို့ အဆင်မပြေပါဘူး။ တကယ်လို့ ခရီးသည်ပါလာရင်တောင် ခရီးသည်ကိုချပြီး ပြန်ထွက်သွားတာ များတယ်။ နောက် ဒီဝင်းက အကျယ်ကြီးမှာ ဓာတ်တိုင်တွေ များတယ်။ အဲဒီဓာတ်တိုင်တွေနားမှာ ဒီဝင်းထဲကကားတွေက ရပ်ခဲ့တာများတယ်။ အဲဒီကားတွေက ရဲရှိတဲ့အချိန်တွေဆို မရှိဘူး။ ရဲမရှိတဲ့အချိန်ဆို ရောက်ရောက်လာပြီ။ နောက်ပြီး ဒီဝင်းထဲမှာက အချိန်ပြည့် ကား ကျပ်နေတာ များတယ်။ တစ်ခါတလေ အပေါက်ဝမှာတင် တစ်နေတာ။ ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ ဆိုတော့ ကားဝင်းထဲမှာ ခရီးသည် မရှာဖြစ်ဘူး။ ကားဝင်းအပြင်ကို ထွက်လာပြီး လာငှားတဲ့ခရီးသည်ရှိရင်တော့ တင်ခဲ့လိုက်တယ်။ ဒီကားဝင်းထဲမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး ပြောရရင်တော့ သေချာမရပ်တာတွေ၊ ရပ်ချင်သလိုရပ်ခဲ့တဲ့အတွက် အဝင်အထွက် ခက်တာတွေကြောင့်တော့ အမြဲလိုလို ကား ပိတ်နေတာ များတယ်။ တစ်ခါတလေ လမ်း လယ်လောက်မှာ ကားတွေပိတ်နေလို့ ခရီးသည်က မစောင့်နိုင်ဘဲ ဆင်းလျှောက်သွားတာတွေ ရှိတယ်။ နေရာအခက်အခဲကြောင့် ရပ်ဖို့ ဘေးချရပ်ဖို့ နေရာမရှိတာတွေကြောင့်လည်း ပါတာပေါ့။ ဒီဝင်းထဲမှာ သူ့နေရာနဲ့ သူ သွားလို့လာလို့ အဆင်ပြေတဲ့ ကားဝင်းတွေရှိသလို ယာဉ်ကြော အပိတ်ဆုံးနေရာကတော့ ပစောက်ဝင်းထဲက ယာဉ်ကြော အတော်ကျပ်တယ်။ အဲဒီအထဲဆို ကျွန်တော်ဆို ဝင်ခဲတယ်။ ညနေပိုင်းဆိုရင်တော့ ဒီကားဝင်းထဲမှာတော့ ကားကြီးတွေရော အငှားယာဉ်တွေရော ရှုပ်နေတဲ့အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကတော့ လိုက်နာဖို့က မလွယ်ဘူး။ အဲဒီအတွက် ယာဉ်ကြောပိတ်ဆို့မှုကို ရှင်းချင်တယ်ဆိုရင်တော့ ဒီဝင်းထဲမှာ ယာဉ်ထိန်းရဲ အလုံ အလောက် ထားပေးမယ်။ သေသေချာချာ အရေးယူတာတွေ ရှိရင်တော့ ဒီကားဝင်းက သွားရလာရ အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။

ခိုင်ချယ်ရီထွန်း