News

POST TYPE

AUTOMOBILE

YBS ယာဉ်မောင်းများနှင့် အသိအမှတ်ပြုကတ်
15-Jan-2018

YBS ယာဉ်မောင်းများနှင့် အသိအမှတ်ပြုကတ်
“တိုင်းအစိုးရအဖွဲ့က ဒီအသိအမှတ်ပြု ကတ်ပြားကို သိပ်မကြာခင် ထုတ်ပေးမှာဖြစ်တယ်”
ဦးမောင်မောင်လွင် (ရန်ကုန်မြို့ ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီ (YUPT)၊ အမှုဆောင်အရာရှိချုပ်)

ရန်ကုန်မြို့အတွင်းမှာ YBS ခရီး သည်တင်ယာဉ်လိုင်းအဖြစ် မောင်းနှင်နေတဲ့ လက်ရှိယာဉ်မောင်းတွေ အားလုံး YRTA က အသိအမှတ်ပြု ယာဉ်မောင်းကတ်ပြားရှိမှ မောင်းနှင်ခွင့်ရှိမှာဖြစ်တယ်။ ဒါကြောင့် တိုင်းအစိုးရအဖွဲ့က ဒီအသိအမှတ်ပြုကတ်ပြားကို သိပ်မကြာခင် ထုတ်ပေးမှာဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း တာဝန်ခံ ယာဉ်လိုင်းကုမ္ပဏီများကို အသိပေးထားတယ်။ နောက်ပိုင်း ဒီကတ်ပြားမရှိတဲ့သူ မောင်းနှင်ခွင့်မရှိတဲ့ သဘောပါပဲ။ ယာဉ်မောင်းတွေ စည်းကမ်းလိုက်နာမှု ရှိစေဖို့၊ စည်းကမ်းပိုင်းအထိ ရောက်အောင် ထိန်းချုပ်နိုင်ဖို့ကို ရည်ရွယ်ပြီး YRTA က အသိအမှတ်ပြု ယာဉ်မောင်းကတ်ပြားကို ဇန်နဝါရီလ အတွင်းမှာပဲ ထုတ်ပေးနိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။ အခု လက်ရှိ YRTA အထူးယာဉ်မောင်းသင်တန်းဆင်းတွေကို ကနဦးထုတ်ပေးမှာပါ။ သင်တန်းဆင်းတွေက သင်တန်းဆင်းလက်မှတ်ရယ်၊ ဒီအသိအမှတ်ပြု ကတ်ပြားရယ် နှစ်ခု ရရှိသွားမှာပေါ့။ အခု ရန်ကုန်မြို့အတွင်းမှာ ယာဉ်လိုင်းပေါင်း ၉၂ လိုင်းကျော်တယ်။ ယာဉ်စီးရေ ၄၀၀၀ ကျော်နဲ့ နေ့စဉ် ပြေးဆွဲနေပါတယ်။ YRTA အထူးယာဉ်မောင်း သင်တန်းစဖွင့်ခဲ့တဲ့ ဇူလိုင်လကနေ ဒီဇင်ဘာလအထိ သင်တန်း ဆင်းထားတဲ့ဦးရေက ၄၆၃ ဦးရှိနေပါပြီ။ ဒီသင်တန်းဆင်းထဲမှာ မွမ်းမံသင်တန်းကို ထပ်တက်ပြီးထားတဲ့ အချို့လည်း YBS ယာဉ်လိုင်းအတွင်းမှာ မောင်းနှင်တာတွေ ရှိနေပါပြီ။ 

“ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို အရင်ကထက်ပိုပြီး လိုက်နာတာ တွေ့ရတယ်”
ဦးစန်းယု (Omni Focus ကုမ္ပဏီ၊ ယာဉ်လိုင်းတာဝန်ခံ)

လက်ရှိ ကျွန်တော်တို့ဆီမှာ ကြုံနေရတာက ယာဉ်မောင်း ရှားပါးလာတာပေါ့နော်။ အဲဒီအတွက် ကျွန်တော်တို့က ယာဉ်မောင်း (ခ) လိုင်စင်ရှိတဲ့ ယာဉ်မောင်းတွေကို အထူးယာဉ်မောင်းသင်တန်းတွေ ထပ်တက်ခိုင်းပြီးမှ YBS ယာဉ်တွေမှာ မောင်းနှင်ခွင့်ပြုတယ်။ အခုလက်ရှိမှာကတော့ အထူးယာဉ်မောင်းသင်တန်း အပတ်စဉ် (၅) ရောက်သွားပါပြီ။ အဲဒီကနေ သင်တန်းဆင်းလာတဲ့ ယာဉ်မောင်းတွေမှာ သင်တန်းဆင်း လက်မှတ်ရယ်၊ YRTA က ထုတ်ပေးတဲ့ အသိအမှတ်ပြု ကတ်ပြားရယ်ဆိုပြီး နှစ်ခု ထုတ်ပေးထားပြီးဖြစ်တယ်။ သူတို့ကို ကျွန်တော်တို့က မွမ်းမံသင်တန်း အနည်းငယ် ပေးပြီးတော့ လက်ရှိယာဉ်လိုင်းတွေမှာ မောင်းနှင်ခွင့်ပေးထားပါတယ်။ အခုလို YRTA အသိအမှတ်ပြုကတ်ပြားကို ယာဉ် မောင်းတွေကို ထုတ်ပေးလိုက်တဲ့အတွက် ယာဉ်မောင်းတွေ အရင်ကထက်ပိုပြီး စည်းကမ်းတကျရှိလာတယ်။ ယာဉ်စည်း ကမ်း လမ်းစည်းကမ်းတွေကို အရင်ကထက် ပိုပြီး လိုက်နာတာတွေ့ရတယ်။ ဒီလို အသိ အမှတ်ပြုကတ်ပြား ထုတ်ပေးထားတဲ့အတွက် တကယ်လို့ ယာဉ်အန္တရာယ် မတော်တဆ ဖြစ်လာတဲ့အခါတွေမှာလည်း အရင်လို ယာဉ်မောင်းထွက်ပြေးတာတွေ ဘာတွေရှိလာရင်တောင် သူ့ဆီက Data အပြည့်အဝ ရရှိထားတဲ့အတွက် လိုက်ရပြုရလွယ်မယ်။ ဒါက အဆိုးဆုံး အခြေအနေကို ပြောပြတာပေါ့နော်။ အခုလက်ရှိမှာတော့ ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်တာတွေ၊ ခရီးသည်နဲ့ အဆင်မပြေဖြစ်တာတွေ၊ မှတ်တိုင်ကျော်ရပ်တာတွေ၊ ဂိတ်စဂိတ်ဆုံး မောင်းနှင်မပေးတာတွေ လျော့ကျလာတာ တွေ့ရပါတယ်။ လက်ရှိမှာ အထူး မွမ်းမံသင်တန်း တက်ထားတဲ့ ယာဉ်မောင်းအယောက် ၄၀၀ ကျော်ရှိပြီး သူတို့တွေအားလုံးမှာ သင်တန်းဆင်းလက်မှတ်ရယ်၊ YRTA အသိ အမှတ်ပြုကတ်ပြားရယ် ထုတ်ပေးထားပါတယ်။

“ကျွန်တော်တို့လို (ခ) လိုင်စင်ပဲရှိသေးတဲ့ ယာဉ်မောင်းတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း ပိုကောင်းလာမယ်”
ဦးအောင်ဇော်မင်း (အထူးယာဉ်မောင်းသင်တန်း တက်ရောက်မည့် ယာဉ်မောင်း)

ကျွန်တော်က အရင်က ၆၄ ယာဉ်လိုင်း မှာ စပယ်ယာလုပ်ခဲ့ဖူးပြီး အခု YUPT ကနေ ဖွင့်လှစ်မယ့် အထူးယာဉ်မောင်းသင်တန်းကို တက်ရောက်ဖို့ စောင့်ဆိုင်းနေရင်း ၆၄ ယာဉ်လိုင်းရဲ့ ငွေခန်းမှာလုပ်ရင်း သင်တန်းတက်ဖို့ စောင့်နေတာပါ။ ဒီသင်တန်းက ယာဉ်မောင်းသက်တမ်း သုံးနှစ်ရှိပြီးသား လူတွေအတွက်ပဲ တက်လို့ရမှာပါ။ အထူးယာဉ်မောင်းသင်တန်းကို နေပြည်တော် မှာ သွားတက်ရမှာ ဖြစ်သလို ရန်ကုန် ၆ ကွေ့မှာလည်း သင်တန်းပေးပါတယ်။ သင်တန်းကာလ တစ်လတက်ရောက်ပြီးတာနဲ့ YRTA ကနေ အထူးယာဉ်မောင်း သင်တန်းဆင်း လက်မှတ်ရယ်၊ YRTA အသိအမှတ်ပြု လက်မှတ်ရယ်ဆိုပြီး ကတ်ပြား ၂ ခုထုတ်ပေးမှာပါ။ ဒီကတ်လုပ်ပေးလိုက်တဲ့အတွက် ကျွန်တော်တို့လို (ခ) လိုင်စင်ပဲ ရှိသေးတဲ့ ယာဉ်မောင်းတွေအတွက်လည်း အလုပ် အကိုင်အခွင့်အလမ်း ပိုကောင်းလာမယ်။ ယာဉ်မောင်းတွေလည်း အရင်ကထက်ပိုပြီးတော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာလာမယ်။