News

POST TYPE

AUTOMOBILE

လျှပ်စစ်ယာဉ်တွေ အကြောင်း


ပြီးခဲ့တဲ့အပတ်တုန်းကတော့ ဟိုက်ဘရစ်ကားတွေအကြောင်းကို ဖော်ပြခဲ့ပါတယ်။ ဒီတစ်ပတ်အတွက်တော့ လျှပ်စစ်ယာဉ် (Electric Vehicle) တွေရဲ့အကြောင်းကို စာဖတ်ပရိသတ်ကြီးအတွက် ဖော်ပြပေးပါမယ်။ လျှပ်စစ်ယာဉ်တွေကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် အသုံးမပြုကြသေးပါဘူး။ ဒါက အခြေခံအဆောက်အဦ အားနည်းချက်တွေကြောင့် လည်း ဖြစ်ပါတယ်။ လျှပ်စစ်ယာဉ်လို့ ဆိုလိုက်တာနဲ့ မြန်မာပရိသတ်အနေနဲ့ Nissan Leaf လိုကားမျိုးနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းက မြို့တွင်းမြို့တွေမှာ ပြေးဆွဲခဲ့တဲ့ လျှပ်စစ်ရထားလေးကိုပဲ ပြေးမြင်မိကြမှာပါ။ တိုးတက်တဲ့ကမ္ဘာ့နိုင်ငံ အသီးသီးမှာတော့ လျှပ်စစ်ကားတွေ၊ ရထားတွေနဲ့ ယာဉ်အမျိုးမျိုး ထုတ်လုပ်စီးနင်းနေကြပါပြီ။ လျှပ်စစ်ယာဉ် (Electric Vehicle) တွေကို လျှပ်စစ်ဖြင့်မောင်းသည့် ယာဉ်(Electric Drive Vehicle) လို့လည်း ခေါ်ကြပါတယ်။ ဒီယာဉ်တွေမှာ လျှပ်စစ်မော်တာတစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့မော်တာတွေနဲ့ တပ်ဆင်အသုံးပြုကြပါတယ်။ လျှပ်စစ်ယာဉ် (Electric Vehicles-EVs) တွေမှာ အဓိက သုံးမျိုးရှိပါတယ်။ အဲဒါတွေကတော့ Hybrid Electric Vehicles (HEVs)၊ Plug-in Hybrid Electric Vehicles (PHEVs) နဲ့ Battery Electric Vehicles (BEVs) ဆိုပြီးရှိပါတယ်။

Hybrid Electric Vehicles (HEVs)
HEVs (ဟိုက်ဘရစ်သုံး လျှပ်စစ်ယာဉ်) က လျှပ်စစ်ရော၊ လောင်စာဆီနဲ့ရော နှစ်မျိုးလုံးသုံးလို့ရတဲ့ ယာဉ်တွေဖြစ်ပါတယ်။ ဒီကားတွေရဲ့စွမ်းအင်ကို ကားရဲ့ဘရိတ်စနစ်ကနေ ဘက်ထရီကို အားပြန်ဖြည့်တာတွေ ထုတ်တာတွေ လုပ်ဆောင်ပါတယ်။ ဒါကို ဘရိတ်ကနေ စွမ်းအင်ပြန်လည်ထုတ်လုပ်ခြင်း (Regenerative Braking) လို့ ခေါ်ပါတယ်။ ဒီဟာက ယာဉ်ကိုနှေးကွေးအောင်လည်း ကူညီနိုင်ပါတယ်။ တချို့ယာဉ်တွေရဲ့ စွမ်းအင်ကို ပုံမှန်အားဖြင့် ဘရိတ်ကနေ အပူအဖြစ်ပြောင်းပြီး သုံးကြပါတယ်။ 

HEVs တွေက လျှပ်စစ်မော်တာတွေကို အသုံးပြုကြပါတယ်။ အဲဒီကနေ လောင်စာသုံးအင်ဂျင်တွေက လုပ်အား ဒါမှမဟုတ် အရှိန်မြှင့်ခြင်းတွေကို လုပ်ဆောင်ပါတယ်။ မော်တာနှစ်ခုလုံးကို ထိန်းချုပ်မောင်းနှင်ရာမှာ ကွန်ပျူတာစနစ်နဲ့ သေချာအောင် လုပ်ဆောင်ပါတယ်။ HEVs သုံးယာဉ်တွေမှာဆိုရင် ဟွန်ဒါဆီဗစ်နဲ့ တိုယိုတာကန်မရီ ဟိုက်ဘရစ်ကားတွေက အကောင်းဆုံးဥပမာတွေ ဖြစ်ပါတယ်။

Plug-in Hybrid Electric Vehicles (PHEVs)
PHEVs ကို Extend-Range Electric Vehicles (EREVs) လို့လည်း ခေါ်ကြပါတယ်။ ဒီအမျိုးအစားရဲ့ စွမ်းအင်ကိုလည်း လျှပ်စစ်ရော၊ လောင်စာဆီနဲ့ရော နှစ်မျိုးလုံး သုံးလို့ရပါတယ်။ PHEVs တွေကို Regenerative Braking စနစ်ကနေရော၊ ဘက်ထရီကနေရော အားပြန်လည်ဖြည့်တင်းပြီး အသုံးပြုနိုင်ပါတယ်။ အားသွင်းတဲ့ နေရာတွေကိုတော့ ယာဉ်ရဲ့အပြင်ဘက်နေရာတွေမှာ ပလပ်ပေါက်ထိုးဖို့ နေရာတွေထားပါတယ်။ PHEVs မှာ လောင်စာအင်ဂျင်ကို သုံးမယ်ဆိုရင် လောင်စာဆီထည့်ဖို့နေရာကို ထပ်မံ ပြုလုပ်ပေးထားတတ်ပါတယ်။ 

ဒီ လျှပ်စစ်ယာဉ်တွေက ကိုယ်ရွေးချယ်အသုံးပြုတဲ့ စွမ်းအင်ပုံစံအပေါ်မူတည်ပြီး ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပါတယ်။ ဒီ PHEVs သုံးယာဉ်တွေမှာ ဥပမာအားဖြင့် Toyota Prius နဲ့  Mitsubishi Outlander PHEV ကားတွေဖြစ်ပါတယ်။

Battery Electric Vehicles (BEVs)
BEVs ကတော့ လျှပ်စစ်သီးသန့်သုံး အမျိုးအစားယာဉ်တွေကို ပြောတာပါ။ သူရဲ့စွမ်းအင်ကို လျှပ်စစ်ကနေပဲ သီးသန့်အသုံးပြုပြီး လောင်စာအင်ဂျင် မပါပါဘူး။ BEVs တွေကို ပလပ်ပေါက်ထိုး (Plug-in) လျှပ်စစ်ယာဉ်တွေလို့ သိကြပါတယ်။ ပြင်ပလျှပ်စစ်ကနေ ဘက်ထရီကို အားဖြည့်ပြီး သုံးကြပါတယ်။ Regenerative Braking စနစ်ကနေလည်း အားသွင်းလို့ရပါတယ်။ ဒီယာဉ်တွေကို BMW i3 နဲ့ Nissan Leaf ကားအမျိုးအစားတွေမှာ အသုံးပြုကြပါတယ်။

လျှပ်စစ်ကား အမျိုးအစားများ
လျှပ်စစ်ကားအမျိုးအစားမှာတော့ အပေါ်ကပြောခဲ့တဲ့ Nissan ကထုတ်တဲ့ Leaf၊ Mitsubishi ကထုတ်တဲ့ MIEV၊ Tesla ကထုတ်တဲ့ကားတွေ၊ BMW ကထုတ်တဲ့ i3 တွေအပြင် အများကြီးရှိပါတယ်။ မြန်မာနိုင်ငံအတွက်တော့ လျှပ်စစ်ကားလို့ ပြောလိုက်တာနဲ့ Nissan Leaf အကြောင်းကို ပြောရပါမယ်။ ဟိုက်ဘရစ်ကားတွေကတော့ အမျိုးအစား တော်တော်များများ ရှိပါတယ်။

Nissan Leaf လျှပ်စစ်ကား
ဂျပန်နိုင်ငံအခြေစိုက် Nissan ကုမ္ပဏီက Leaf နာမည်နဲ့ လျှပ်စစ်ကားကို ၂၀၁၀ ကနေ ထုတ်လုပ်ခဲ့ပါတယ်။ အဲဒါမထုတ်ခင် Mitsubishi က MIEV ကို ရှေ့ပြေးအနေနဲ့ ထုတ်လုပ်ခဲ့ပါသေးတယ်။ ၂၀၁၀ နှစ်ကုန်လောက်မှ Nissan Leaf ကို ထုတ်လုပ်ခဲ့တာပါ။ Nissan Leaf က ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လွှတ်မှုလုံးဝမပါတဲ့ Zero Emission ခေါင်းစဉ်အောက်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့နဲ့ လျှပ်စစ်ကားဆိုတာက သာမန် လောင်စာဆီသုံးကားတွေနဲ့ ဘာမှမကွာခြားတာကို လက်တွေ့ပြသဖို့အတွက် ထုတ်လုပ်ခဲ့တာပါ။ ဒီကားတွေက လောင်စာဆီကားတွေလို အလယ်အလတ်ဆိုဒ် ငါးယောက်စီးအဖြစ်နဲ့ ထုတ်လုပ်ခဲ့တာပါ။ 

အပြင်ပန်းကကြည့်ရင် Compact ကားတစ်စီးလို့တောင် ထင်စရာမရှိတဲ့ ဆိုဒ်မျိုးနဲ့ ထုတ်လုပ်ထားတာပါ။ Nissan Leaf ကို ၂၀၁၀ ကနေ ၂၀၁၂ ထိ ပုံစံလုံးဝမပြောင်းဘဲ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၁၂ နိုဝင်ဘာလမှာတော့ ပိုမိုကောင်းမွန်တဲ့ Lithium Ion ဘက်ထရီနဲ့ ပြောင်းလဲထုတ်လုပ်ပေးခဲ့ပါတယ်။ စတင်ထုတ်လုပ်ခဲ့ချိန်က ကီလိုမီတာ ၂၀၀ သာ မောင်းနှင်နိုင်ခဲ့ပေမယ့် ဒီဘက်ထရီနဲ့ထုတ်တဲ့ နောက်ပိုင်းမော်ဒယ်လ်တွေမှာတော့ ကီလိုမီတာ ၂၂၈ အထိ မောင်းနှင်နိုင်လာပါတယ်။ 

Nissan Leaf ကို ဂရိတ်တွေအနေနဲ့ ၂၀၁၀ ကနေ ၂၀၁၂ အထိကို Zeo ချက်စီနဲ့ X နဲ့ G ဆိုပြီး နှစ်မျိုးထုတ်လုပ်ခဲ့ပေမယ့် ၂၀၁၂ ကနေ နောက်ဆုံးမော်ဒယ်လ်ထိကို AZeo ချက်စီနှဲ့ ၊ S၊ X နဲ့ G ဆိုပြီးတော့ ထုတ်လုပ်ပေးထားပါတယ်။ ၂၀၁၃ မှာတော့ Aero Package ဆိုပြီး ထုတ်လုပ်ခဲ့ပါသေးတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း Nissan Leaf က ခေတ်နဲ့အညီ ပြောင်းလဲထုတ်လုပ်မှုတွေ ပြုလုပ်လာခဲ့ပြီး ဒီကားကနေ အိမ်သုံးလျှပ်စစ်အနေနဲ့ ပြန်လည်အသုံးပြုလာနိုင်တဲ့အထိ အဆင့်မြှင့်တင် ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။

လျှပ်စစ်ကားတွေရဲ့ အားသာချက်၊ အားနည်းချက်
ဒီကားတွေရဲ့ အားသာချက်လို့ ဆိုလိုက်တာနဲ့ ဆီထည့်မသုံးရတဲ့အတွက် ဆီဖိုးကုန်တာ သက်သာစေပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာရောက်ပြီးတော့ မြို့တွင်းအတွက် အလွန်အသုံးဝင်ပါတယ်။ အဝေးပြေးအတွက်တော့ မြန်မာနိုင်ငံမှာ အားဖြည့်ရာနေရာတွေ မရှိသေးတဲ့အတွက် အဆင်မပြေပါဘူး။ ဒါပေမဲ့ သတင်းကောင်းတစ်ခုက လျှပ်စစ်ကားတွေအတွက် ဓာတ်အားပြန်လည် ဖြည့်တင်းနိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားဖြည့်နေရာ (Solar Charging Station) တွေ ဆောက်လုပ်ဖို့ စီမံချက်ရေးဆွဲနေတာပါ။ ဒါပေမဲ့ အရင်က လျှပ်စစ်ကားတွေ တင်သွင်းမယ်ဆိုရင် အကောက်ခွန် ၁ ရာခိုင်နှုန်းသာ ကျသင့်ခဲ့ပေမယ့် ၂၀၁၇ အောက်တိုဘာ ၁ ရက်ကစပြီး ၂၀ ရာခိုင်နှုန်းအထိ အကောက်ခွန်ဦးစီးဌာနက တိုးကောက်ထားပါတယ်။ ဒါကို ကားလုပ်ငန်းရှင်တွေက ဝေဖန်ကြပါတယ်။ နောက်အားသာချက်တွေအနေနဲ့ Inverter၊ Motor နဲ့ Battery သုံးမျိုးက အဓိကထား အလုပ်လုပ်တဲ့အတွက် အင်ဂျင်ဝိုင်တွေ လဲလှယ်ထိန်းသိမ်းစရာမလိုပါဘူး။

အားနည်းချက်အနေနဲ့ကတော့ အထက်ကပြောခဲ့သလို ခရီးဝေးကို သွားလာလို့မရတာ၊ အပိုပစ္စည်း ရှားပါးတာတွေက အကြီးမားဆုံးအားနည်းချက်တွေအနေနဲ့ ရှိနေဆဲပဲဖြစ်ပါတယ်။ 

အားသွင်းခြင်း
လျှပ်စစ်ကားတွေကို အားသွင်းတဲ့နေရာမှာ မော်ဒယ်လ်မြင့်ရင်မြင့်သလို ထုတ်လုပ်တဲ့ကုမ္ပဏီအလိုက် ပြောင်းလဲနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် တစ်ကြိမ်အားသွင်းရင် မီးအား ၂၂၀ ဗို့အားနဲ့ ရှစ်နာရီလောက် အားသွင်းရပါတယ်။ ဒီကားတော်တော်များများမှာ အားသွင်းရမယ့်အချိန်ကို ဒိုင်ခွက်မှာပြထားသလို ပြည့်သွားရင် အလိုအလျောက် ဖြတ်တောက်ပေးပါတယ်။ ဒီလိုတစ်ကြိမ် အားဖြည့်ပြီးတာနဲ့ ကီလို ၁၅၀ လောက် မောင်းနိုင်ပေမယ့် Air-Con ဖွင့်မောင်းမယ်ဆိုရင်တော့ ကီလိုမီတာ ၁၀၀ လောက်ပဲ မောင်းနှင်နိုင်မှာပါ။ ဒီကားတွေကို ၁၁၀ ဗို့နဲ့ ၂၂၀ ဗို့အားဆိုပြီး ထုတ်လုပ်ထားပေမယ့် အများစုက ၂၂၀ ဗို့အားကို သုံးကြပါတယ်။ ဘာလို့ဆို ၁၁၀ ဗို့အားက အားသွင်းချိန် ပိုကြာလို့ပါ။ 

လျှပ်စစ်ကားတစ်စီးရဲ့ ဘက်ထရီသက်တမ်းကို ကုမ္ပဏီအလိုက် အာမခံအမျိုးမျိုး ပေးကြပါတယ်။ Nissan ကတော့ ကီလိုမီတာ တစ်သိန်းခြောက်သောင်း ဒါမှမဟုတ် ရှစ်နှစ်အထိ အာမခံပေးထားပါတယ်။ သုံးစွဲသူရဲ့ အားသွင်းမူပေါ်မူတည်ပြီးလည်း ကွဲပြားသွားနိုင်ပါသေးတယ်။ ၂၂၀ ဗို့ကြိုးက ၆၅၀၀ ဝပ် (6500W) လောက် သုံးစွဲတာဆိုတော့ ပလပ်ပေါက်ကိုလည်း 15AH ကနေ 20AH ကြားနိုင်တဲ့ကြိုးကို အသုံးပြုရပါမယ်။ မဟုတ်ရင်တော့ ပလပ်ပေါက် အရည်ပျော်နိုင်ပါတယ်။

ဒါကတော့ လျှပ်စစ်ယာဉ်တွေရဲ့အကြောင်းကို ဖော်ပြပေးခဲ့တာပါ။ ကမ္ဘာမှာ လျှပ်စစ်ကားတွေ အမျိုးမျိုးရှိသလို တော်တော်များများကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အသုံးပြုလာကြပါပြီ။ မြန်မာနိုင်ငံရဲ့ တရုတ်လို အိမ်နီးချင်းနိုင်ငံကလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာပြီဖြစ်တဲ့အတွက် နောက်ပိုင်းနှစ်တွေမှာ မြန်မာနိုင်ငံရဲ့ လမ်းတွေပေါ်မှာ လျှပ်စစ်ကားတွေ ပိုမိုမြင်တွေ့လာရ ဖွယ်ရှိနေပါတယ်။ 

ဟိန်းမြတ်စိုး