News

POST TYPE

AUTOMOBILE

ယာဉ်တိုက်မှုဖြစ်၍ လမ်းရှင်းနေစဉ် ယာဉ်တိုက်မှုထပ်ဖြစ်
12-Jan-2018

မိတ္ထီလာ၊ ဇန်နဝါရီ ၁၁

သာစည်မြို့နယ် ယင်းမာပင်ကျေး ရွာအနီးတွင် ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ခဲ့သောကြောင့် ယာဉ်ကြောရှင်းနေစဉ် ယာဉ်တိုက်မှုထပ်မံဖြစ်ပွားပြီး ၁၂ ဘီးယာဉ်မှ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးခဲ့ကြောင်း ယင်းမာပင်ရဲစခန်းထံမှ သိရသည်။

မိတ္ထီလာ - တောင်ကြီးကားလမ်း မိုင်တိုင်အမှတ် (၃၄/ဝ) နှင့် (၃၄/၁) အကြားတွင် တောင်ကြီးမှ နေပြည်တော်သို့ မောင်းနှင်သည့် ဒို့ညီနောင်ခရီးသည်တင်ယာဉ်နှင့် သာစည်မှတောင်ကြီးသို့ မောင်းနှင်လာသော ၁၂ ဘီးယာဉ်တို့ မျက်နာချင်းဆိုင်တိုက်မိခဲ့ရာ ထိခိုက်ဒဏ်ရာ မရှိသော်လည်း ယာဉ်ကြောရှင်းနေစဉ် အောင်ပန်းမှ မိတ္ထီလာသို့ မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသော ဒို့ညီနောင်ယာဉ်ကို ဝင်တိုက်မိရာ အဆိုပါယာဉ်မှ ယာဉ်နောက်လိုက် ကားကြိတ်ခံရပြီး သေဆုံးခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

လက်ရှိတွင် ဒို့ညီနောင်ယာဉ်ကို ဝင်တိုက်သည့် ၁၂ ဘီးတပ် ကုန်တင်ယာဉ်မောင်း ခန့်ညားအောင်သည် ထွက်ပြေးတိမ်းရှောင်နေပြီး ၎င်းကို ယာဉ် (ပ) ၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က ဖြင့်လည်းကောင်း၊ ဒို့ညီနောင်ယာဉ်လိုင်းမှ ယာဉ်မောင်းသီဟထွန်းနှင့် ၁၂ ဘီးယာဉ်မောင်း ထိန်ဝင်းတို့ကို ယာဉ် (ပ) ၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရလည်းကောင်း အရေးယူထားကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

R-01