News

POST TYPE

AUTOMOBILE

ဇုန်ထုတ်ယာဉ်အပ်နှံနှုန်း လျော့ကျ
06-Sep-2016


ရန်ကုန်၊ စက်တင်ဘာ ၆

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်အပ်နှံမှု ပုံစံ ပြောင်းလဲပြီးနောက်ပိုင်း ပြည်တွင်းထုတ် စက်မှုဇုန်ယာဉ် အပ်နှံမှု စံချိန်တင် လျော့ကျလာကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

ဇူလိုင်လ ၂၆ ရက်မှ စ၍ ဇုန်ထုတ် ပစ်ကပ်နှင့် လိုက်ထရပ်ယာဉ်များ ဖျက်သိမ်း အပ်နှံပြီး အစားထိုးယာဉ်များ တင်သွင်းမည်ဆိုပါက ပစ်ကပ်နှင့် လိုက်ထရပ် ယာဉ်သာ တင်သွင်းခွင့် ပြုမည်ဖြစ်သောကြောင့် ဇုန်ထုတ်ယာဉ်များ လျော့ကျ လာခြင်းဖြစ်ကြောင်း က.ည.နမှ တာဝန်ရှိ သူတစ်ဦးဆိုသည်။ 

“မူဝါဒထုတ်ပြန်ပြီး နောက်ပိုင်း စက်မှုဇုန်ထုတ် အပ်ကားတွေက အပ်နှံတာ တော်တော် နည်းလာတယ်။ အခုလာ အပ်နှံတာက သက်တမ်းနှစ်၂ဝ ယာဉ်တွေ လာအပ်တာ များပါတယ်”ဟု ၎င်းက ဆိုသည်။

က.ည.နမှ သတင်း မထုတ်ပြန်မီက ခရိုင်ရုံး တစ်ခုလျှင် တစ်လပျမ်းမျှ စက်မှု ဇုန်အပ်ယာဉ် အစီး ၃ဝ ကျော် အပ်နှံခဲ့သော်လည်း ယခုအခါ တစ်လလျှင် အစီးရေ ၁ဝ စီးကျော်သာ အပ်နှံမှု ရှိတော့ကြောင်း က.ည.နထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် သြဂုတ်လအတွင်း စက်မှုဇုန်ထုတ်ယာဉ် လာရောက်အပ်နှံမှုမှာ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင် ရုံးများတွင် အစီးရေ ၃ဝ ကျော်သာ လာရောက် အပ်နှံမှု ရှိခဲ့ပြီး မြန်မာ တစ်နိုင်ငံလုံးတွင် ၂ဝ၁၆ ခုနှစ် သြဂုတ်လကုန်အထိ ယာဉ်အစီးရေ တစ်သိန်း တစ်သောင်းကျော် အပ်နှံခဲ့ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရသည်။

“လက်ရှိ ပြည်တွင်း နှစ် ၂ဝ အပ် ကားစလစ် တစ်စောင်ကို  ၉၅ သိန်းနဲ့ ဇုန်အပ်ကား စလစ်တစ်စောင်ကို သိန်း ၈ဝ ခန့်  ပေါက်ဈေး ရှိပါတယ်။ အခုလိုမျိုး မူဝါဒတွေ ပြောင်းတော့ ပစ်ကပ်နဲ့ လိုက် ထရပ်ယာဉ်တွေကို အိမ်စီးကားစလစ် မထုတ်ပေးတော့ တိုက်ကြေဖန်တီး အပ်နှံတာတွေ၊ ယာဉ်အိုယာဉ်ဟောင်း အပ်နှံတာတွေ နည်းလာတယ်”ဟု ကား ဝယ် ရောင်း လုပ်ကိုင်သူ ကိုနိုင်လင်းက ဆိုသည်။

  • VIA