News

POST TYPE

AUTOMOBILE

စက်သုံးဆီ ဈေးတက်ခြင်းနှင့် ရန်ကုန်တက္ကစီ
08-Jan-2018 tagged as

“အဲကွန်းဖွင့် မောင်းမပေးနိုင်တော့ဘူး”
ဦးအေးချို  (အငှားယာဉ်မောင်း) 

စက်သုံးဆီဈေးက တစ်လီတာကို ၈၀ဝ ဖြစ်နေပြီဆိုတော့ ကျွန်တော်တို့ တက္ကစီ ယာဉ်မောင်းတွေအတွက် စားဝတ်နေရေး အခက်အခဲလေးတွေ ဖြစ်လာတယ်။ အရင်က တစ်လီတာကို ၆၀ဝ ကနေ တဖြည်းဖြည်း တက်လာတာ။ အခု တစ်လီတာ ၇၉၅ ဆိုတော့ ၈၀ဝ နီးပါးပါပဲ။ အဲဒီတော့ တော်ရုံ တန်ရုံ ဈေးဆစ်တဲ့ခရီးသည်ကို တားတိုင်း မလိုက်နာတော့ဘူး။ လမ်းပိတ်တာပြုတာနဲ့ ဆိုတော့ အရင်လို အဲကွန်း ဖွင့်မမောင်းနိုင် တော့ဘူး။ အရင် ၆၅၀ လောက်တုန်းကဆို အဲကွန်းလည်း ဖွင့်မောင်းပေးတယ်။ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ။ အခုလိုကျ ခရီးသည်ကိုလည်း အဲကွန်းဖွင့်မောင်းမပေးနိုင်တော့ဘူး။ တော်ရုံတန်ရုံဈေးနဲ့လည်း မလိုက်နိုင်တော့ဘူး။ မလိုက်နိုင်တဲ့အတွက် ညနေကျရင် ဘယ်လိုဖြစ်လဲဆို နှစ်သောင်းလောက်ဆို အုံနာကြေးနဲ့ ဆီဖိုးလောက်ပဲ ကျန်တယ်။ အိမ်ဖို့ ဈေးဖိုးမရဘူး။ တစ်ခါတလေကျရင် ဆီဆိုင်က အကြွေးထည့်ရတဲ့နေ့တွေတောင် ရှိတယ်။ ဆီဈေးတက်နေတာက လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ၅၀ တက်၊ ၁၀ဝ တက်နဲ့ တက်နေတာ အခုထိပဲ။ ခရီးသည်တွေဆီက ဆီဈေးတက်လို့ ငါးရာ၊ တစ်ထောင် တိုးတောင်းပြန်တော့ တချို့ခရီးသည်တွေက မပေးဘူး။ အခုကျ အုံနာကြေး၊ ဆီကြေးနဲ့ ဈေးဖိုးတောင် မကာမိတဲ့နေ့တွေရှိပေမယ့် ကိုယ်ကလည်း ဒီအလုပ်တစ်ခုတည်း လုပ်တတ်တာဆိုတော့ ကြိတ်မှိတ်မောင်းရတာပဲ။

“အခု ဆီတစ်သောင်းဖိုးထည့်ရင် အရင် ခုနစ်ထောင်၊ ရှစ်ထောင်ဖိုး ထည့်သလောက်ပဲ ရတော့တယ်”
ဦးဆိုးပေ (အငှားယာဉ်မောင်း)

စက်သုံးဆီဈေးတွေ ဆက်တိုက် တက်နေတဲ့အတွက် စားဝတ်နေရေးက သိပ်အဆင်မပြေတော့ဘူး။ စက်သုံးဆီဈေးက တက်ပါတယ်ဆို ကုန်ဈေးနှုန်းကလည်း ကန်စွန်းရွက်တစ်စည်းတောင် လေးရာဖြစ်နေတော့ အရင်က အိမ်စရိတ်က ခုနစ်ထောင်၊ ရှစ်ထောင်ပေးရင်လောက်တယ်။ အခုက တစ်ရက် တစ်သောင်းလောက် ပြန်ပေးနေရတာဆိုတော့ ကြိုးစားမောင်းရတယ်။ ဆီ ဈေးတက်နေတဲ့အတွက် ဆီဖိုးပါ ပိုရှာရတယ်။ အခု ဆီတစ်သောင်းဖိုးထည့်ရင် အရင် ခုနစ်ထောင်၊ ရှစ်ထောင်ဖိုး ထည့်သလောက်ပဲ ရတော့တယ်။ ယာဉ်မောင်းတစ်ယောက်အနေနဲ့ဆိုရင်တော့ စက်သုံးဆီဈေးတက်နေတာက မကောင်းဘူးပေါ့။ ခုဈေးက တစ်လီတာ ၈၀ဝ ဈေးဖြစ်လာတော့ အရင်လို အဲကွန်းလည်း ဖွင့်မမောင်းနိုင်တော့ဘူး။ ပူလည်း ပူပူပဲမောင်းနေရတာ။ ခါတိုင်းထက် အခေါက်ရေ များများ ရအောင် ပိုဆွဲရတယ်။

“စက်သုံးဆီဈေးကို ကျစေချင်တာပေါ့”
ဦးမင်းအောင် (အငှားယာဉ်မောင်း) 

လက်ရှိ ကျွန်တော်တို့ ယာဉ်မောင်းတွေ ဖြစ်စေချင်တာကတော့ စက်သုံးဆီဈေးကို ကျစေချင်တာပေါ့နော်။ အရင်ဈေး ၆၀ဝ ဈေးလောက်တုန်းက ကျွန်တော်တို့အတွက် တော်တော်လေး တွက်ခြေကိုက်တယ်။ ခရီးသည်တွေအပေါ်လည်း သူတို့ဆစ်တဲ့ဈေးနဲ့ လိုက်နိုင်တယ်။ အခုကျ ဆီဈေးက တစ်လီတာကို ၈၀ဝ ဖြစ်လာတော့ အဆင်မပြေတော့ဘူး။ ခရီးသည်ဆီက ဆီဈေးတက်တယ်ဆိုပြီး ပိုတောင်းလို့လဲမရ။ အခုတောင် ကျွန်တော့်အဒေါ်ကား ယူမောင်းရတာမို့ ကိုယ့်အတွက်ကျန်တာ။ အုံနာကြေးလည်း ပေးချင်သလောက်ပေးဆိုပြီးမို့သာ။ အုံနာကြေးပေးရတဲ့ ကားသမားတွေ ဆို ပိုတောင်မကိုက်ဘူး။ ဆီဈေးတက်နေတဲ့အတွက် အရင်လိုလမ်းပေါ်မှာ ခရီးသည် ရှာရတဲ့အလုပ်မျိုး မလုပ်ရဲဘူး။ ခရီးသည် ငှားရင်လည်း လမ်းပိတ်တဲ့နေရာတွေနဲ့ သူဆစ်တဲ့ဈေးနဲ့ မကိုက်တဲ့လမ်းကြောင်းတွေဆို မလိုက်ရဲဘူး။ မြို့ထဲတို့ ဘာတို့ဆိုရင်တော့ အပြန်ခရီးသည် ပြန်ရလာနိုင်တယ် ဆိုတဲ့အတွေးနဲ့ သူတို့ဆစ်တဲ့ဈေးနဲ့ ကိုယ့်အတွက် သိပ်မကျန်လည်း လိုက်သွား လိုက်တာပဲ။ နောက် အရင်လို အဲကွန်းဖွင့်ပြီးလည်း မမောင်းရဲတော့ဘူး။

ခိုင်ချယ်ရီထွန်း

  • TAGS