News

POST TYPE

AUTOMOBILE

ညာမောင်းမှ ဘယ်မောင်းသို့ ကားမူဝါဒ အပြောင်းအလဲ
01-Jan-2018 tagged as

“ညာမောင်းကို အရင်ကတည်းက မောင်းနေတဲ့ လူအများစုအတွက်ကတော့ အခက်အခဲ ဖြစ်လာနိုင်တယ်”
ကိုရဲဟိန်း (ကိုယ်ပိုင်ယာဉ်မောင်း)

နောက်ပိုင်းမှာ ညာမောင်းကနေ ဘယ်မောင်းတွေပဲ တင်သွင်းခွင့်ရတော့ ဒီနိုင်ငံ အနေအထားနဲ့ဆို မောင်းရတာ ကောင်းလားဆို ဘယ်မောင်းက ကျွန်တော်တို့နိုင်ငံ လမ်းစနစ်နဲ့ဆိုရင်တော့ ဘယ်မောင်းက ပိုအဆင်ပြေတယ်။ ဒါပေမဲ့ ကျွန်တော်ဆို ညာမောင်းပဲ မောင်းနေကျဆိုတော့ ညာမောင်းပဲ ကြိုက်တယ်။ လက်ရှိမှာ ညာမောင်းတွေ တင်သွင်းခွင့် ပိတ်လိုက်တဲ့အတွက် ညာမောင်းကို အရင်ကတည်းက မောင်းနေတဲ့ လူအများစုအတွက်ကတော့ အခက်အခဲ ဖြစ်လာနိုင်တယ်။ ကားမူဝါဒ အပြောင်းအလဲနဲ့ ပတ်သက်ပြီးကတော့ စနစ်တစ်ခုကို ဝုန်းဒိုင်းကြီး ပြင်လိုက်တာတော့ သဘောမကျဘူး။ နောက်ပိုင်း ဘယ်မောင်းတွေပဲ တင်သွင်းရတော့မယ်။ ကျွန်တော်ဆို ဘယ် မောင်း မမောင်းဖူးသေးဘူး။ မြန်မာပြည် လမ်းစနစ်အရ  ညာက အဆင်မပြေပေမယ့် အသားကျနေပြီ။ ဘယ်က အပြင်ဘက်ကဆိုတော့ ကားကြည့်ရတာ ညာမောင်းထက် အဆင်ပိုပြေတယ်။ ဟိုင်းဝေးမောင်းဖူးသူတိုင်း ဘယ်မောင်းကို ပိုသဘောကျကျတယ်။ တကယ်တော့ ညာမောင်းတွေ အကုန်ပေး မသွင်းဘူးဆိုတာထက် ဖြည်းဖြည်းချင်း ပြောင်းတာကို ပိုလိုချင်တယ်။

“ကျွန်တော်ကတော့ ဘယ်မောင်း ပိုကြိုက်ပါတယ်”
ကိုသန့်ဇင် (ကိုယ်ပိုင်ယာဉ်မောင်း) 

ဘယ်မောင်းကားတွေနဲ့လည်း ဒီနိုင်ငံ လမ်းအနေအထားတွေနဲ့ အဆင်ပြေပါတယ်။ ဘယ်မောင်း ညာမောင်းဆိုတာထက် လမ်းမကောင်းတဲ့လမ်းက သွားရရင် အောက်ပိုင်းတွေထိမှာပဲ။ လမ်းတွေကိုတော့ စနစ်တကျ နိုင်ငံတကာအဆင့်မီ မဟုတ်တောင် ကိုယ့်နိုင်ငံနဲ့သင့်တော်တဲ့ Standard လေးတစ်ခုလောက် ထားပြီး ပြုပြင်ထိန်းသိမ်းစေချင်ပါတယ်။ မောင်းသူဘက်ကလည်း ကားကို စည်းကမ်းတကျ မောင်းမယ်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမယ်ဆိုရင်တော့ ပိုအဆင်ပြေပါတယ်။ ဘယ်မောင်းနဲ့ ညာမောင်း ဘယ်ဟာ ပိုကြိုက်လဲဆိုရင်တော့ ကျွန်တော်ကတော့ ဘယ်မောင်း ပိုကြိုက်ပါတယ်။ ကိုယ့်ဆီက လူအများစုကတော့ မိရိုးဖလာလိုဖြစ်နေတဲ့ ညာမောင်းက မောင်းနေကျဆိုတော့ အလေ့အကျင့် ဖြစ်နေပြီးသား။ လက်ရှိဈေးကွက် အရောင်းအဝယ်မှာလည်း ညာမောင်းတွေက များတယ်။ ကျွန်တော် ဘာကြောင့် ဘယ်မောင်းကို ပိုသဘောကျလဲဆိုတာကတော့ ကျွန်တော်တို့နိုင်ငံက လက်ယာ ကပ်မောင်းတဲ့စနစ်ကို အသုံးပြုထားတော့ တစ်ယောက်တည်း ခရီးဝေးသွားရတဲ့အခါမျိုးတွေမှာ ယာဉ်မောင်းသူအတွက် ပိုပြီးအဆင်ပြေတယ်။ ကားကျော်တက်ရတာမျိုးတွေမှာ ပိုပြီး အန္တရာယ် ကင်းတယ်ပေါ့။ လက်ရှိ ညာမောင်းတွေ ပိတ်လိုက်တာနဲ့ပတ်သက်ပြီးလည်း အများကြီး ထိခိုက်တာမျိုးဆိုတာထက် အပေါ်မှာပြောခဲ့သလို လက်ယာကပ် မောင်းစနစ်ကို သုံးထားလို့ ဘယ်မောင်းကို ဦးစားပေးပြီး သွင်းခိုင်းတယ်။ ညာမောင်းတွေ မသွင်းရဆိုပြီး ပိတ်လိုက်တော့ အဓိက အချက်ကတော့ ညာမောင်းကားတွေ ဈေးတက်လာတာပါပဲ။ ဈေးကွက်က  ဝယ်လိုအားတစ်ခု ရှိနေသေးတယ်။ ဈေးကလည်း ကျစရာမရှိဘူး။ တစ်နှစ်ထက်တစ်နှစ် ဈေးတက်လာဖို့ပဲ ရှိတော့တယ်။ သာမန် မိသားစုတစ်စုအတွက် ကားစီးနိုင်ဖို့ သိပ် မလွယ်ကူတော့ဘူးပေါ့။

“ဒီမှာထုတ်တဲ့ကားတွေက ဂျပန်ကားတွေလောက် Quality (အရည်အသွေး) မမီဘူး”
ဦးအောင်ဆန်းထွေး (အငှားယာဉ်မောင်း)

ကားတင်သွင်းခွင့် မူဝါဒတွေ ပြောင်းတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ယာဉ်မောင်းတွေအတွက်က သိပ်ပြီး ထွေထွေထူးထူးတော့ နစ်နာသွားတာမျိုး မရှိပါဘူး။ ကျွန်တော်ဆို ကားမောင်းတာ အနှစ် နှစ်ဆယ်ကျော်ပြီဆိုတော့ ဘယ်မောင်းရော၊ ညာမောင်းရော၊ ဟိုင်းဝေးရော မောင်းဖူးတယ်။ လေးဘီးကတည်းက ကားစမောင်းနေတာဆိုတော့။ လက်ရှိ ညာမောင်းကနေ  ဘယ်မောင်း ပြောင်းလိုက်တဲ့အတွက် ခုမှ စမောင်းဖူးတဲ့ ကလေးတွေအတွက်တော့ ပြဿနာ နည်းနည်းရှိနိုင်တာပေါ့။ သူတို့က ညာမောင်းလောက်၊ အော်တိုဂီယာတွေလောက်ပဲ မောင်းဖူးတာဆိုတော့ ဘယ်မောင်းကျ နည်းနည်း အခက်တွေ့မယ်။ လက်ရှိအစိုးရက နိုင်ငံတကာ အဆင့်မီ ဘယ်မောင်းတွေ ပြောင်းလိုက်ပေမယ့် ဒီနိုင်ငံရဲ့လမ်းကြော ယူထားတဲ့စနစ်က ညာမောင်းတွေအတွက် ပိုအဆင်ပြေတယ်။ လမ်းကြောတွေပါ ပြောင်းရင် ပိုအဆင်ပြေပေမယ့် လမ်းကြော ပြောင်းဖို့ကတော့ မလွယ်ပါဘူး။ နောက်တစ်ခုက သူတို့က ဂျပန်ကားတွေကို တင်သွင်းခွင့်ပိတ်ပြီး ဒီနိုင်ငံမှာ ကုမ္ပဏီလာဖွင့်တဲ့ ကားကုမ္ပဏီတွေကို ပိုပြီးသုံးစေချင်တာလည်း ပါတယ်။ ဒါပေမဲ့ ဒီမှာထုတ်တဲ့ကားတွေက ဂျပန်ကားတွေလောက် Quality (အရည်အသွေး) မမီဘူး။ အဲဒီတော့ လူတွေက ဂျပန်ကားတွေ ပိုသဘောကျကြတယ်။

ခိုင်ချယ်ရီထွန်း

  • VIA
  • TAGS