News

POST TYPE

AUTOMOBILE

ကားမောင်းရင်း မပြုလုပ်သင့်တဲ့အရာများ
01-Jan-2018 tagged as



ကားမောင်းရင်းပဲဖြစ်ဖြစ်၊ ကားဆေးရာမှာပဲဖြစ်ဖြစ် မလုပ်သင့်တဲ့အရာတွေများစွာ ရှိပါတယ်။ အဲဒီအချက်လေးတွေကို တင်ပြပေးလိုက်ပါတယ်။

ကားမောင်းရင်း မလုပ်သင့်တဲ့ အပြုအမူများ
ကားမောင်းနေရင်း မလုပ်သင့်ဆုံးအရာကတော့ အာရုံလွဲပြောင်းစေမယ့်အရာတွေကို မလုပ်သင့်ဆုံးဖြစ်တယ်လို့ ယာဉ်အန္တရာယ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။ ကားမောင်းနေရင်း အာရုံလွဲပြောင်းစေမယ့် အပြုအမူတွေဆိုတာ -

အစားအသောက်စားခြင်း
အိမ်ကနေ အလုပ်နောက်ကျနေလို့ပဲဖြစ်ဖြစ်၊ ချိန်းထားတာ နောက်ကျနေလို့ပဲဖြစ်ဖြစ် ဘယ်လိုဖြစ်ဖြစ် အိမ်ကထွက်တာနောက်ကျနေလို့ မနက်စာ (သို့မဟုတ်) နေ့လယ်စာတွေကို မစားဖြစ်လို့ ကားမောင်းနေရင်း ကားပေါ်မှာ အဆာပြေစားတာတွေကို မလုပ်သင့်ပါဘူး။ အစားတစ်ခုခုကို လက်ကနေကိုင်ပြီး စားနေမယ်ဆိုရင် အစားအသောက်ကိုင်ထားရတာ အစားအသောက်တွေ ထားရတာ၊ ယူရတာတွေကြောင့် ကားမောင်းနေတာကို သတိလွတ်သွားတာတွေ ဖြစ်တတ်ပါတယ်။ (အဖော်တစ်ယောက်ယောက် ပါခဲ့ရင်တော့ အစားအသောက်ယူတာကို ကူညီနိုင်မယ်ဆိုပေမယ့် ဒါလည်းမလုပ်သင့်ပါဘူး)။ 

အရက်ဘီယာသောက်သုံးခြင်း
ဒါကတော့ မမောင်းခင်ရော၊ မောင်းနေရင်းရော အထူးဂရုစိုက်ရမယ့် အပြုအမူပါ။ နိုင်ငံအားလုံးရဲ့ ကားမမောင်းခင် တားမြစ်ထားတဲ့ ကန့်သတ်ချက်ကြီးတစ်ခုရှိသလို ကျွန်တော်တို့နိုင်ငံမှာလည်း ကားမမောင်းခင် သတ်မှတ်ထားတဲ့ ကန့်သတ်ချက်ဖြစ်တဲ့ “မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့”ဆိုတဲ့ ကန့်သတ်ချက်ကြီး တစ်ခုရှိပါတယ်။ ဒါပေမဲ့ ဒါကိုလည်း တော်တော်များများက ဖောက်ဖျက်နေကြဆဲပါ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အဝေးပြေးရော၊ မြို့တွင်းမှာရော အရက်သောက်သုံးခွင့် ပမာဏတိုင်းတဲ့ ကိရိယာတွေနဲ့ စစ်ဆေးလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ မြို့တွင်းမှာ အရက်ဘီယာသောက်သုံးခြင်းကို စစ်ဆေးတာမျိုး မရှိသေးပါဘူး။ ဒီလိုကားမမောင်းခင် မသောက်သင့်သလို ကားမောင်းနေရင်လည်း မသောက်သင့်ပါဘူး။ ဒါက အလွန်အန္တရာယ်များတဲ့ အပြုအမူကြီးပါ။

သီချင်းကျယ်လောင်စွာ ဖွင့်နားထောင်ခြင်း 
ဒါက လူငယ်တွေ အလုပ်များကြတဲ့အရာပါ။ ကားမောင်းနေရင်း သီချင်းကိုအကျယ်ကြီး ဖွင့်နားထောင်တာမျိုးတွေ၊ နားကြပ်တပ်ပြီး မောင်းတာမျိုးတွေက အာရုံပျံ့လွင့်စေတဲ့ အပြုအမူတွေပါပဲ။ ဒီလိုအချိန်တွေမှာ တခြားကားရဲ့ ဟွန်းသံပဲဖြစ်ဖြစ်၊ တခြားအသံတွေကိုပဲဖြစ်ဖြစ် မကြားလိုက်မိတာမျိုးတွေ ဖြစ်တတ်သလို၊ သီချင်းထဲကို လိုက်ပါစီးမျောသွားနိုင်တာကြောင့် ကားမောင်းတာကို အာရုံမစိုက်မိ သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ကားမောင်းနေရင်း ဖုန်းပြောတာ
ဒါကလည်း နိုင်ငံတကာရဲ့ သတ်မှတ်ချက်ကြီး တစ်ခုဖြစ်သလို နိုင်ငံတကာရဲ့ မော်တော်ယာဉ် ဥပဒေတွေထဲမှာလည်း ပြစ်ဒဏ် သတ်မှတ်ပြဋ္ဌာန်းထားရာမှာ ငွေဒဏ်၊ ထောင်ဒဏ် နှစ်မျိုးလုံးကျခံရနိုင်မယ့် ပြစ်မှုတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ် နည်းဥပဒေအဟောင်းမှာ မပါပေမယ့် အခုနည်းဥပဒေသစ်မှာတော့ ပါပါတယ်။ (ဒါပေမဲ့ နည်းဥပဒေသစ်မှာတော့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ လုပ်ပိုင်ခွင့်တွေ များနေတယ်ဆိုပြီးတော့ လွှတ်တော်တင်ပြီး ပြန်ပြင်ဆင်ဖို့ လုပ်နေပါတယ်။) ဒီလိုလုပ်ခြင်းကြောင့် ကားမောင်းတာကို အာရုံပျံ့လွင့်တာတွေကို ဖြစ်ပေါ်စေပါတယ်။ နိုင်ငံတော်တော်များများမှာတော့ Bluetooth လို့ခေါ်တဲ့ ကြိုးမဲ့ချိတ်ဆက်တဲ့အရာနဲ့ ချိတ်ဆက်ပြောတာတွေလုပ်ကြပေမယ့် မြန်မာနိုင်ငံရဲ့ ကားမောင်းသူအများစုကတော့ မိုဘိုင်းလ်ဖုန်းကိုကိုင်ပြီး ပြောနေတာမျိုးတင်မကဘဲ တချို့က လူမှုကွန်ရက် သုံးနေတာမျိုးနဲ့ Message (စာတိုပို့ခြင်း) ပို့တာမျိုးတွေအထိပါ လုပ်ကြပါတယ်။

ကားမောင်းရင် ခါးပတ်မပတ်တာ
ဒီကိစ္စနဲ့ပတ်သက်လို့ ဒီနှစ်ထဲမှာပဲ ပညာပေးတာတွေ Volunteer တွေနဲ့ အစိုးရအာဏာပိုင်တွေက တော်တော်များများ လုပ်ခဲ့ကြပါတယ်။ ကြပ်ကြပ်မတ်မတ်လည်း ဖမ်းဆီးအရေးယူတာတွေ ပြုလုပ်လာခဲ့တဲ့အတွက် တော်တော်များများကတော့ ကားမောင်းရင်း ခါးပတ်ပတ်လာကြပါပြီ။ ဒါပေမဲ့ စည်းကမ်းပျက်တဲ့သူတွေကလည်း ယာဉ်မောင်းအချို့မှာ ရှိနေဆဲပါပဲ။ ခါးပတ်ပတ်ခြင်းအားဖြင့် ယာဉ်မတော်တဆမှုတွေမှာ အသက်မဆုံးရှုံးအောင် ကာကွယ်နိုင်ခဲ့တဲ့ သာဓကတွေ များစွာရှိပါတယ်။ ဒီအပြုအမူနဲ့ပတ်သက်လို့ စာဖတ်ပရိသတ်ကြီးအနေနဲ့ သိရှိထားပြီးသားဖြစ်တဲ့အတွက် အကျယ်တဝင့် မဖော်ပြတော့ပါဘူး။

ကားမောင်းနေရင်း လိင်ဆက်ဆံတာ
ဒီနှစ်ထဲမှာပဲ ရုရှားနဲ့ထိုင်ဝမ်တို့က စုံတွဲတွေဟာ ဒီအပြုအမူမျိုး ပြုလုပ်ခဲ့တဲ့အတွက် နှစ်တွဲလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီအချက်ကတော့ အနောက်နိုင်ငံတွေ တော်တော်များများမှာ ပြုမူတတ်တဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေ အတုယူမှားကြမှာစိုးလို့ ကားမောင်းရင်း မလုပ်သင့်သည့် အပြုအမူတစ်ခုအဖြစ် တင်ပြလိုက်ခြင်းသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကယဉ်ကျေးမှုနဲ့ လုံးဝဆန့်ကျင်ဘက်လို့ဆိုပေမယ့် အခုနောက်ပိုင်းခေတ်တွေမှာ လိင်ကိစ္စနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေ ဒီကိုလည်း များစွာကူးစက်လာတာကြောင့် သတိပေးဖော်ပြလိုက်ရခြင်းပါ။

အပေါ်ကဖော်ပြခဲ့တဲ့ အပြုအမူတွေကို မလုပ်သင့်ဘူးဆိုတာက အသက်အန္တရာယ်နဲ့ အများကြီးသက်ဆိုင်တာမို့လို့ပါ။ တကယ်လို့ ဒီလိုအရာတွေကြောင့် ယာဉ်မတော်တဆမှု ဖြစ်သွားခဲ့မယ်ဆိုရင် ကိုယ့်ရဲ့အမှားကြောင့် ဖြစ်ဖို့များသွားပါပြီ။ တကယ်လို့ သူများအမှားကြောင့် မတော်တဆမှုဖြစ်ခဲ့မယ်ဆိုရင်တောင် ကိုယ်က အာရုံစိုက်မှုလျော့ပါးနေလို့ ရှောင်တိမ်းချိန် မရလိုက်တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကားမောင်းနေရင်း အာရုံပျံ့လွင့်စေမယ့် အရာမျိုးတွေကို မလုပ်သင့်ပါဘူး။

ကားသန့်ရှင်းရာမှာ မလုပ်သင့်တဲ့အချက်များ
နောက်တစ်ခုကတော့ ကားဆေးကြောရာမှာ မလုပ်သင့်တာနဲ့ လုပ်သင့်တာတွေပါ။ ကားတစ်စီး သန့်ရှင်းရာမှာ သတိမထားမိတဲ့အမှားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံး ကားရေဆေးရာမှာ ပူပြင်းတဲ့နေရောင်အောက်မှာ မဆေးသင့်ပါဘူး။ အပူနည်းနည်းလျော့တဲ့ မနက်ပိုင်း (သို့) ညနေပိုင်းလောက်ကို ရွေးချယ်ပါ။ ကားအတွက် အသုံးပြုဖို့လာတဲ့ Products တွေက အပူဒဏ်ကိုမခံနိုင်ဘဲ ရေငွေ့ပြန်ပြီး Watermarks (ရေမှတ်) တွေ Spots (အစက်အပြောက်) တွေ ကျန်ခဲ့နိုင်လို့ပါ။ ကားကို မီးဖိုချောင်တွင်းသုံး ပန်းကန်ဆေး (သို့) အခြားဆပ်ပြာအမျိုးအစားများနဲ့ မဆေးသင့်ပါ။ အဲဒီအရာတွေက စံ Balance နဲ့ မညီတာ၊ လိုအပ်တာထက် ပိုပြင်းတာတွေကြောင့် ကားရဲ့အပေါ်ယံအလွှာ (Clear Coat Paint) ကို သိသိသာသာ ပျက်စီးစေပါတယ်။ ကား Wax တင်တဲ့နေရာမှာလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။ ကားရေဆေးဖို့ သက်သက်လာတဲ့ ဆပ်ပြာအမျိုးအစား (Carwash) တွေကိုသာ သုံးပါ။ ကားဆေးဖို့ ပုံး ၂ ပုံးထားပေးပါ။ ပထမပုံးကို ဆပ်ပြာထည့်ပါ။ ဒုတိယပုံးကို ရေဆိုးညှစ်ချဖို့ အသုံးပြုပါ။ ရေပုံးတွေကို ဖုန်၊ သဲ မကျန်အောင် အရင်ဆေးဖို့ မမေ့ပါနဲ့။

ကားဆေးဖို့ အင်္ကျီအဝတ်အဟောင်း၊ စွပ်ကျယ်၊ မီးဖိုချောင်သုံး ရေမြှုပ်တွေကို မသုံးပါနဲ့။ ကားဆေးဖို့၊ ဖုန်သုတ်ဖို့ အကောင်းဆုံးကတော့ ပျော့ပျောင်းတဲ့ Microfiber Towel တွေပါပဲ။ မသုတ်ခင် Towel ကို အရင်ဆုံးခါပါ။ ကားကိုအပေါ်ကနေ အောက်ဘက်ကိုဆေးပါ။ အောက်မှာရှိတဲ့ ဖုန်တွေ၊ ကျောက်စရစ်ခဲသေးသေးလေးတွေ Towel မှာကပ်ပြီး အပေါ်ပိုင်းကို မထိစေချင်လို့ပါ။ နောက်တစ်ချက်ကတော့ မြေကြီးပေါ်ကျသွားတဲ့ Towel ကိုခါပြီး ပြန်မသုတ်ဖို့ပါ။ နောက်တစ်ထည်ကို အသုံးပြုပေးပါ။ သဲမှုန့်တွေ၊ ဖုန်မှုန့်တွေနဲ့ ကျောက်ခဲသေးသေးလေးတွေက သင့်ကားကို အဝိုင်းအမှတ် (Whirl Marks) တွေ ဖြစ်သွားစေတတ်လို့ပါ။ နောက်ပြီး Steering Wheel တွေ၊ ဂီယာတံတွေကို Wax တင်တဲ့အခါ ခြောက်အောင်တစ်ခါတည်းလုပ်ခဲ့ပါ။ အရေးအကြောင်းဆို ချော်တတ်ပါတယ်။ တော်တော်များများက ကားအရောင်တင် (Polishing) တာနဲ့ ဖယောင်းတင်ခြင်း (Waxing) တွေကို အတူတူပဲလို့ ထင်တတ်ကြတယ်။ တကယ်တော့ ကား Polishing ဆိုတာ ကားရေဆေးပြီးတဲ့အခါ အရောင်ပိုထွက်လိုတာ၊ တချို့ကားဒဏ်ရာတွေကို ဖုံးလိုတာတွေကြောင့် သုံးတတ်ပါတယ်။ ကား Waxing လုပ်တာကတော့ ကားရဲ့အပေါ်မှာ အလွှာသစ်တစ်ခုလို ဖြစ်စေပြီး သဲ၊ ဖုန်တွေကို ကာကွယ်ပေးတာပါ။

ကြည့်လိုက်လို့ ကားက တောက်ပြောင်နေတိုင်း သန့်ရှင်းနေတာ မဟုတ်ပါဘူး။ တကယ်ဖုန်တက်နေလား မတက်နေဘူးလား ကြည့်ဖို့ကတော့ လက်နဲ့တစ်ချက်ပွတ်ကြည့်မှ သိမှာပါ။ ကြမ်းနေတဲ့ဖီလင်ရနေရင် ကားဖုန်သုတ်ပေးဖို့ လိုအပ်နေပါပြီ။ ကားမှန်ကိုသုတ်ဖို့ သတင်းစာ ဒါမှမဟုတ် သီးသန့်ထုတ်ထားတဲ့ Synthetic-Chamois ကို အသုံးပြုနိုင်ပါတယ်။ အဲဒါမှ ကြည်လင်နေတဲ့ မှန်ကိုရမှာပါ။ နောက်ဆုံအနေနဲ့က ကား Wiper အောက်က ဖုန်တွေကိုလည်း သန့်ရှင်းဖို့မမေ့ပါနဲ့။

ဟိန်းမြတ်စိုး


  • VIA
  • TAGS